“ဟိုမှာဟေ့၊
စီပီကြီး မြစ်ဆိပ် ဆင်းဆော့နေတယ်။ တို့တစ်တွေ တုတ်ကောက်ပြီး သူ့အမေ
ပေးထားရအောင်၊ ဒါမှ ညကျတော့ စီပီကြီးကတာ ကြည့်ရမှာ ဟား...ဟား...ဟား...”
တာရိုးပေါ် ကနေ လှောင်ပြောင်
ရယ်မောနေကြတဲ့ အသံကြောင့် ကျုပ် လှမ်းကြည့်လိုက်တော့ သာလွန် ကျော်တို့
တစ်သိုက်၊ ကျောင်းဖြူ ကျောင်းစိမ်းတွေနဲ့ ဆိုတော့ နေ့လယ်ခင်း ထမင်းစားပြီး
ကျောင်းပြန်လာကြတာ ဖြစ်မယ်။ နေ့လယ် တစ်နာရီတောင် ထိုးတော့မှာပဲ။ နေက
တော်တော့်ကို ပြင်းနေပြီ။ မြစ်ဆိပ်က ခ၀ါသည်တွေကတော့ အ၀တ်တွေလှန်းပြီးလို့
မန်ကျည်းပင်ရိပ်မှာ အိပ်တဲ့သူက အိပ်၊ နားတဲ့သူက နား။ ကျုပ်အိမ်က မနက် ၁၀
နာရီလောက်ကတည်းက ထွက်လာခဲ့တာ။ မနက်ခင်း အဆာပြေစားခဲ့တဲ့ ထမင်းကြော်
တစ်ပန်းကန်ကလည်း အစာအိမ်ထဲမှာ မရှိတော့ဘူးနဲ့ တူပါရဲ့။ တဂွီဂွီ
တဂွမ်ဂွမ်မြည်လို့။ ဒါပေမဲ့ ဆက်လျှောက်ရဦးမယ်။ ရှေ့ခပ်လှမ်းလှမ်းမှာ
ဆီပီပါ တစ်စု။ မှန်းခြေ အလုံး ၂၀ လောက်ရှိမယ်။ ဒါနဲ့ပါဆို
တစ်ပိဿာအောက်ထစ်ပဲ။ ကျုပ်လုပ်ငန်းစစချင်းရက်မှာ ဒီလောက်ရတယ်ဆိုတော့
မဆိုးပါဘူး။ ကျုပ်အတွေးနဲ့ ကျုပ် ခပ်သွက်သွက်လေး လှမ်းလိုက်တယ်။
စီပီလို့သာ
ခေါ်နေကြတာ။ အမေ မှည့်ပေးထားတဲ့ ကျုပ်နာမည်ရင်းက ကျော်ရဲအောင်။
ရုပ်ရှင်ကြိုက်လွန်းတဲ့ ကျုပ်အမေက တမင်သက်သက် ရုပ်ရှင်မင်းသားနာမည်
ပေးထားတာဆိုပဲ။ ပြောမဲ့သာ ပြောရတာပါ။ အဲဒီ ကျော်ရဲအောင်ဆိုတဲ့ နာမည်က
မွေးစာရင်းထဲမှာပဲရှိတယ်။ စကားတစ်ခါပြောရင် မေးငါးခါလောက်ထိုး၊ လေးငါး
ခါလောက် ထစ်ငေါ့ပြီးမှ ပြောတတ်လို့ဆိုပြီး တစ်ရပ်ကွက်လုံးက ၀ိုင်းခေါ်ကြတဲ့
စီပီဆိုတဲ့ နာမည်ကြီးပဲတွင် နေတော့တာ။ ကျောင်းမှာလည်း ကျောင်းမှာမို့လို့။
အရပ်ထဲလည်း အရပ်ထဲမို့လို့။
ဟိုလူက စီပီ၊ ဒီလူက စီပီနဲ့။
ငယ်ငယ်တုန်းကတော့ ဘာအရေးလဲ။ သိတတ်တဲ့အရွယ် ရောက်တော့ ကျုပ် ရှက်တတ်လာတယ်။
ကျောင်းမှာ ကောင်မလေးတွေ ရှေ့ရောက်ပြီဆိုရင် ကျုပ်ကို လှမ်းလှမ်းခေါ်ပြီး
စကြပါလေရော။ ကြာတော့ ကျုပ် ကျောင်းမတက်ချင် တော့ဘူး။
ကျုပ်အစ်ကိုကြီးစိုးသူနဲ့ အစ်မလတ် မေသန်းနု ကလည်း ကျုပ်ဘက်က ပါကြတာ
မဟုတ်ဘူးလေ။ တခြားသူတွေနဲ့ဖက်ပြီး ရန်ဖြစ်ရအောင်ကလည်း ကျုပ်ရဲ့
ကိုယ်လုံးကိုယ်ထည်ကြည့်ဦးမလား။ ဟာသသရုပ်ဆောင် ကိုကင်းကောင်နဲ့
သူမသာကိုယ်မသာ။ ဒါနဲ့ပဲ ကျုပ်အမေနဲ့ အဖေဆီ ခွင့်တောင်းပြီး
ခုနစ်တန်းအရောက်မှာ ကျောင်းထွက်လိုက်တယ်။ ခုဆို အစ်ကိုကြီးနဲ့ အစ်မက
ဆယ်တန်းမှာ တဖုန်းဖုန်း ကျပြီးတော့ ရေကြည်ထဲက
ပဲပွဲရုံမှာအလုပ်ဝင်လုပ်နေကြပြီ။ ကျုပ်အောက်က ခိုင်ခင်ဦးက ဒီနှစ်ရှစ်တန်း။
ကျုပ်တစ်ယောက်တည်း တောင်မရောက်၊ မြောက်မရောက်။
ကျောင်းထွက်ခါစက
အဖေတို့ အလုပ်ထဲ လိုက်လုပ်ဖို့ ပြောကြည့်သေးတယ်။ ကျုပ်အဖေက ဒီမန္တလေး
ဘူတာကြီး ကုန်တင်ကုန်ချ အဖွဲ့က။ အဖေ့ဆီ အလုပ် လိုက်လုပ်ပါရစေ ပြောတော့
ဘာပြန်ပြောတယ် ထင်လဲ။ အဖေရှာကျွေးတာ အေးအေးစားပါ သားရယ်တဲ့။ ကျုပ်အမေနဲ့
ကျတော့လည်း လိုက်လို့ မဖြစ်ပြန်။ အမေက မနက်ခင်းဆိုရင် ဆေးရုံကြီးနားက
ဖိုးသာဝင်းဈေးမှာ ကုန်စိမ်းရောင်းတယ်။ ဖိုးသာဝင်းဈေးက မနက်ဈေးပဲ ဆိုတော့
ကိုးနာရီ ဆယ်နာရီဆိုရင် ဈေးကွဲပြီ။ဒီတော့ ဈေးဗန်းခဏသိမ်းပြီး ဈေးနားက
ကျောင်းသူ အဆောင်တွေမှာ တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ အ၀တ်လျှော်၊
မီးပူတိုက်ဝင်လုပ်တယ်။ ည နေခင်းကျတော့ မနက်က ရောင်းမကုန်တဲ့ ကုန်စိမ်းတွေ
ကို ကျုပ်တို့ ရပ်ကွက်တွေထဲ လှည့်ရောင်းရပြန်ရော။ လက် လှုပ်မှ ပါးစပ်
လှုပ်ရတယ် ဆိုတာ ကျုပ်တို့မိသားစုကို ပြော တာဖြစ်မယ်။ တစ်ခုတော့ ရှိ တယ်။
အဖေနဲ့အမေက ကျုပ် ကို သိပ်ချစ်တာ။ ကျန်တဲ့ ကလေးတွေက ကျန်းကျန်း မာမာနဲ့
ကျုပ်တစ်ယောက် တည်း ချူချာနေလို့လားပဲ။ အမေက ကျုပ်ကို ဘာမှ မခိုင်းဘူး။
မနက်ဘက်ဆို အဖေနဲ့ အမေက အလုပ်ကိုယ်စီသွား။ ကျန်တဲ့ မောင်နှမတွေကလည်း
ပွဲရုံသွားတဲ့ သူက သွား။ကျောင်းသွားတဲ့သူ သွား။ အိမ်မှာ ကျုပ်နဲ့
ဘွားအေကြီး နဲ့ နှစ်ယောက်တည်း။
ဘွားအေကြီးက အမေ့ ရဲ့အမေ။ အသက်က
ရှစ် ဆယ်ကျော်နေပြီ။ သူ့ကျ တော့ တစ်မျိုး။ မိုးလင်းက တည်းက သောက်လိုက်ရတဲ့
ဆေးပေါ့လိပ်၊ ညမိုးချုပ်အိပ် ရာဝင်မှပဲ သောက်တာ ရပ်တော့တယ်။ လက်ဖက်ရည်
ကလည်း ဘာသောက်သလဲ မမေးနဲ့။ ကျုပ်မှာ တစ်နေကုန် တခြားအလုပ်သာ မလုပ်ရတာ။
လက်ဖက်ရည် ဆိုင်ကို တော့ သုံးခါလောက် ပြေး ၀ယ်နေရတယ်။ ပြောရရင် ထမင်းနဲ့
အသက် မဆက်ဘဲ လက်ဖက်ရည်နဲ့ အသက်ဆက် နေတဲ့ပုံ။ ကြာလာတော့ ကျုပ်နေရတာ
ပျင်းလာတယ်။ စဉ်းစားကြည့်လေ။ တစ် မိသားစုလုံး ငွေရှာနေတဲ့အချိန် မှာ ကျုပ်က
ရေမြွေဖြစ်နေ တော့ ဘယ်လိုလုပ်ပြီး ကျေနပ် နိုင်ပါမတဲ့လဲ။ ညနေတိုင်ကျ
ပြီဆိုရင် အဖေ့လို၊ အစ်ကို အစ်မတို့လို ကျုပ်လည်း အမေ့ကို
ပိုက်ဆံအပ်ချင်တာ ပေါ့။ ဒါကြောင့် ဒီနေ့ မနက် စောစာ စားပြီးကတည်းက
ဘွားအေကြီး မသိအောင် လစ် ထွက်လာခဲ့တာ။ ဒါတောင် အိမ်နဲ့ မျက်စောင်းထိုး
ကုန်စုံ ဆိုင်က ပန်းကန်ဆေးဖော့ တုံးဝယ်တော့ မေးလား မြန်း လား လုပ်နေသေးတယ်။
ကျုပ်တို့ ရပ်ကွက်ထုံးစံက ပန်းကန်ဆေးရင် အုန်းဆံဖတ် နဲ့ပဲ ဆေးကြတာကိုး။
ခုမှ အထူးအဆန်းလုပ်ပြီး ၀ယ် တော့လည်း စပ်စုကြတာပေါ့။ ဘာလုပ် ဖို့လဲတဲ့။
ဆိုင်ရှင် ဒေါ်အာကျယ်ရဲ့အမေးကို ကျုပ် အရေးလုပ်ပြီး ဖြေမနေ ဘူး။ ဒေါ်အာကျယ်က
ဒီရပ် ကွက်ရဲ့ သတင်းထောက်။ ဖော့တုံးကို လွယ်အိတ်ထဲ ထည့်ပြီး
ပိုက်ဆံပေးလိုက် တယ်။ ပိုက်ဆံကို လှမ်းယူ ရင်းက ကျုပ်လွယ်အိတ်ထဲ
လှမ်းကြည့်လိုက်သေးတယ်။ ဘာပါတာမှတ်လို့။ ရေသန့် ဘူးအခွံလေးလုံးတည်းရယ်။
သူ့ဆိုင်ကထွက်ပြီး လမ်းထိပ် က လက်ဖက်ရည်ဆိုင် ၀င်ရ သေးတယ်။ ဘွားအေကြီးဆီ
နေ့ခင်းကျတော့ လက်ဖက် ရည်ပို့ခိုင်းရအောင်လို့။ စားပွဲ ထိုးလေးက
ကျုပ်မြင်တော့ အတင်းပြေးထွက်လာပြီး အော်ပြောတယ်။
“ဟာ ကိုကြီး စီပီ၊ ဒီနေ့ ပါဆယ်က များလှချည် လား”
ကျုပ် လက်ထဲက ပုံးကို လက်ဖက်ရည်ချိုင့်မှန်းမသိ၊ ပလတ်စတစ်ပုံးခွံမှန်း
မသိတဲ့ ကောင်၊ ကျုပ် တော်တော်ရယ် ချင်သွားမိတယ်။ ဒါပေမဲ့ သူ့ အကူအညီ
လိုနေတော့လည်း ကျုပ် မရယ်ရက်ပါဘူး။ နေ့ ခင်းဘက် ကျုပ် ဘွားအေ ကြီးဆီ
လက်ဖက်ရည်ပို့ပေးဖို့ ပြောပြီး ၅၀၀ တန် တစ်ရွက် လှမ်းပေးလိုက်တယ်။ ပိုတာ
မင်းယူကွာလို့လည်း စတိုင် ကြီးနဲ့ ပြောလိုက်သေးတယ်။ တကယ်တော့ ဘာပိုမှာတုံး။
လက်ဖက်ရည် ပါဆယ်က တစ်ခွက် ၂၅၀ ဆိုတော့ နှစ် ခွက်စာအတိ။
ဘုရားသိကြားမတာ ပဲ။ ပီပါတွေက စီထား၊ ထပ် ထားတာမရှိတော့ ကျုပ် အလုပ်လုပ်လို့
ကောင်းတာ ပေါ့။ မော်တော်တွေကလည်း မြစ်ဆိပ်မှာ ဆီပီပါတွေ ချရင် ထပ်ပြီး
စီလေ့မရှိဘူး။ ဒီ အတိုင်း တစ်လုံးချင်းထားကြ တာ။ ဒါမှလည်း ကားပေါ် ပြန်ပြီး
တင်ရပြုရတာ လွယ် တယ်လေ။ ဆီစက်တွေက လာမသယ်မချင်း ပီပါခွံတွေ ကတော့
မြစ်ကမ်းတစ် လျှောက် ဟိုနားတစ်စု၊ ဒီနား တစ်စု။ ကျုပ် လွယ်အိတ်တွေ ကို
ပီပါတွေရဲ့ နံဘေးမှာ ထောင်ထားလိုက်တယ်။ နောက်ပြီး မြစ်ရေကိုလည်း
ပလတ်စတစ်ပုံးတစ်ဝက် လောက် ခပ်ထားလိုက်တယ်။ ငါးမျှား တံဝါးတုတ်ရဲ့ထိပ်ဖျား
မှာ ဖော့တုံးကို တွဲချည်ပြီးတဲ့ နောက် ကျုပ် လုပ်ငန်းစဖို့
အဆင်သင့်ဖြစ်ပြီ။ ပထမဆုံး ဘေးမှာရှိတဲ့ ပီပါထဲကို တုတ် ထိုးထည့်လိုက်တယ်။
ပီပါ
ကြမ်းပြင်နဲ့ တုတ်ထိပြီလည်း ဆိုရော တုတ်တံကို မွှေပေးရ တယ်။ ပီပါထဲမှာ
ကျန်နေတဲ့ ဆီအကပ်အသပ်ကို စုပ်ယူဖို့က ဖော့တုံးရဲ့တာဝန်။ ပြီးရင် တုတ်ကို
ပီပါထဲက ထုတ်၊ ဖော့တုံးမှာပါလာတဲ့ဆီကို ရေ သန့်ဘူးထဲ ညှစ်ထည့်။ တစ်ပီ
ပါပြီးရင် နောက်ပီပါပြောင်း။ ရသလောက်လေးကို ကောက် သင်းကောက်သလို လုပ်ရ တာ။
ဖော့တုံးကလည်း ညှစ် ပါများရင် တစ်ခါတလေပြန် ပြီး ပွမလာချင်တော့ဘူး။
ကျစ်ကျစ်သိပ်သိပ်ကလေး ကို ဖြစ်လို့။ အဲဒီလိုအခါမျိုး များဆို ဖော့တုံးကို
ရေထဲ ထည့်ပြီး အ၀တ်ညှစ်သလို ညှစ်ပေးရတယ်။ အဲဒီအခါ ဖော့တုံးထဲကျန်နေတဲ့
ဆီတွေ က ရေပေါ်ဝေ့တက်လာပြီး ဖော့တုံးကလည်း အရင်လို ပြန်ပွလာရော။ ဒီလိုနဲ့
ဆီစစ် စစ်တွေကော ဆီနဲ့ရေရောရာ တွေကော ရလာရော ဆိုပါ တော့။ ပီပါက ၂၀ လောက်ရှိ
ပေမဲ့ ဘေးက ပီပါတွေထဲက ပဲ ယူလို့ရတာလေ။ အလယ် က ပီပါတွေကျတော့ တုတ် တံက
လှမ်းမမီဘူး။ ဒါနဲ့ပဲ ထားခဲ့ရတာပေါ့။ ကံကောင်း တာရှိသေးတယ်။ ကျုပ်က
စကားပြောရင်သာ ခေါင်း တုန်နေတာ။ လက်ကတော့ မတုန်ဘူး။
အဲဒီတော့ လုပ်ရ
တာ အဆင်ပြေတယ်။ ရေ သန့်ဘူး ၃ လုံးပြည့်ပြီ။ ကျုပ် လက်လှမ်းမီတဲ့ ပီပါလည်း
ကုန်နေပြီ။ အလုပ်လက်စ သတ်ပြီး ပြန်ဖို့ ပြင်လိုက် တယ်။ ဖော့တုံးကို
ဖြုတ်ပြီး လွယ်အိတ်ထဲထည့်၊ လွယ် အိတ်ကို စလွယ်သိုင်းလိုက် တယ်။ ရေပုံးကို
ဖြည်းဖြည်း ချင်း စောင်းသွန်လိုက်တော့ ရေပေါ်ဝေ့နေတဲ့ ဆီတွေ ကျန် ရစ်တယ်။
ရေတော့ မစင် သေးဘူး။ ဒါပေမဲ့ ရပါ တယ်။ တူးမာရဲ့ အကြော်တဲ ရောက်ရင်
ဒန်အိုးထဲထည့်ပြီး မီးဖိုပေါ် တင်ထားလိုက်ရုံ။ နေဦး ဒီနည်းလမ်းတွေကို ကျုပ်
ဘယ်က ရတယ်ထင် သတုံး။ ကျောင်းမတက်ချင် တိုင်း ကျောင်းပြေးပြေးပြီး
မြစ်ဆိပ်မှာ လာထိုင်ရင်းက သူများတွေ လုပ်တာ မြင်ဖူး တာပဲ။ အတုမြင်အတတ်သင်
ပေါ့။ အရင်းအနှီးကလည်း သိပ်လိုလှတာ မဟုတ်ဘူး။ ငါးမျှားတံဝါးလို ခပ်မာမာ
တုတ်တစ်ချောင်းရယ်၊ ဖော့ တုံးတစ်တုံးရယ်၊ ဆီထည့်ဖို့ ရေသန့်ဘူးခွံရယ်
ဒါပဲလေ။ အဲ ကိုယ်က သူများထက် တော့ ဦးဖို့ လိုတာပေါ့။ ကျုပ် တောင် ဒီမနက်
သုံးနေရာ လောက်ပြောင်းပြီး နောက်ဆုံး တစ်နေရာကျမှ အဆင်ပြေခဲ့ တာ မဟုတ်လား။
တူးမာဆိုင်က ပြန်ထွက်လာတော့ နေတောင် အတော် စောင်းနေပြီ။ မြောက်ပြင်အထိ
ပြန်ရမှာဆိုတော့ တော်တော် ဝေးသေးတယ်။ အမေ အိမ် ပြန်ရောက်လို့ ကျုပ်ကို
မတွေ့ ရင် ဒေါင်းတောက်နေတော့ မှာကို တွေးမိလို့ ခပ်သွက် သွက်လေး လျှောက်နေရ
တယ်။ ကျုပ်လက်ထဲမှာ တူး မာထည့်ပေးလိုက်တဲ့ အကြော် စုံထုပ်ကို တစ်ဖက်ကိုင်
ပလတ်စတစ်ပုံးခွံနဲ့ တုတ် ချောင်းလေးကို တစ်ဖက်က ကိုင်၊ လွယ်အိတ်အခွံလေး
လွယ်လို့ပေါ့။ အိတ်ထဲက ဆီ ဘူးတွေကတော့ တူးမာဆိုင် မှာ ထားရစ်ခဲ့ပြီ။
ရေသန့်ဘူး နဲ့ သုံးလုံးဆိုတော့ နှစ်ပိဿာ နီးနီးပဲ။ တစ်ပိဿာ ထောင့်
ငါးရာနှုန်းဆိုတော့ တစ်ရက် တည်းနဲ့ သုံးထောင်စီတဲ့ သဘော။ ပလတ်စတစ်ပုံးထဲ က
ဆီနဲ့ ရေရောရာလေးကို တော့ အဆစ်ပေးလိုက်တယ်။ တူးမာကလည်း ကျုပ်ကို
အကြော်စုံတွေ အ၀ကျွေးတဲ့ အပြင် အိမ်အတွက်ပါ ထည့် ပေးလိုက်သေး။ ကျုပ်တို့ရပ်
ကွက် လမ်းထိပ်ရောက်တယ် ဆိုရင်ပဲ တွေ့တဲ့သူတိုင်းက ၀ိုင်းပြီး
သတင်းပေးကြတယ်။ အမေ ကျုပ်ကို ရှာနေတယ်။ တုတ်ကောက်ခဲ့တဲ့။
“ဟဲ့
အကျိုးဆော့၊ အကန်းမော့၊ လာခဲ့စမ်း။ မိဘ ကဖြင့် စိတ်ပူလိုက်ရတာ သေတော့မယ်။
ဟင်း နင်က တော့ တစ်နေကုန် တစ်နေ ခန်းလျှောက်လည်လို့။ မြစ်ဆိပ်မှာ ရေဆော့
နေတယ်ဆို။ ကလေးတွေ ၀ိုင်းပြောကြလို့ ငါမှာ ဈေးတောင် ဖြောင့် ဖြောင့်
မရောင်းနိုင်ဘူး”
ကျုပ်ကိုလည်း မြင်ရော အမေက ပါးစပ်သေနတ်နဲ့
လှမ်းပစ်ပါလေရော။ ကျုပ် အမေ စနေသမီး ဒေါသတွေ ကြီးနေပြီ။ လက်ထဲမှာလည်း
ဝါးခြမ်းပြားကြီးကိုင်လို့။ တော်သေးတာပေါ့။ ကျုပ် လက်ထဲက တုတ်နဲ့ ကျုပ်
ပြန် မရိုက်တာ။ အမေ့အသံလည်း ကြားရော အရပ်ထဲက ကလေး တွေ ၀ိုင်းအုံလာကြပါရော
လား။ ကျုပ် အရိုက်ခံရတာ ကြည့်ချင်ကြလို့လေ။ ပြော သာပြောရတာ။ အမေက ကျုပ်ကို
ဘယ်တုန်းကမှ နာ အောင်မရိုက်ဖူးဘူး။ ကျုပ် ဟာကျုပ် မေးလေးတထိုးထိုး၊ လက်လေး
တလှုပ်လှုပ်၊ ထစ်ထစ်ငေါ့ငေါ့နဲ့ စကားပြန်ပြော လိုက်၊ ဟိုရှောင်ဒီရှောင်လုပ်
လိုက်ဆိုတော့ ကလေးတွေက လက်ပါဆိုလား၊ ရက်ပါ ဆိုလားနဲ့ တူတယ်ဆိုပြီး လက်
ခုပ်ဝိုင်းတီးပေးကြတာ။မျောက်ပွဲကျနေတာပဲ။
“စိုင်းစိုင်းကွ စိုင်းစိုင်း”
“သားစိုးလို ကပါဗျို့၊ ယို့ ယို့”
ကျုပ် သူတို့အသံတွေကို ဂရုမစိုက်ဘဲ အမေ့ဆီ တန်း တန်းမတ်မတ် သွားလိုက် တယ်။
ပလတ်စတစ်ပုံးကိုင် တဲ့လက်နဲ့ အကြော်ထုပ်ကို ပေါင်းကိုင်ပြီး ညာဘက် လက်နဲ့
အင်္ကျီအိတ်ကပ်ထဲ နှိုက်လိုက်တယ်။ လက်ထဲမှာ ပါလာတာက တူးမာပေး လိုက်တဲ့ ဆီဖိုး။
အမေက ကျုပ် သူ့ရှေ့မှောက်ရောက်တဲ့ အထိ မရိုက်သေးဘူး။ အထူး အဆန်းဖြစ်နေတယ်။
“အ.အ.အမေ...ဒ... ဒါ ကျ..ကျ..ကျုပ်..ဆီ... ရောင်း”
ကျုပ် ရှည်ရှည်ဝေးဝေး မပြောနေဘဲ တစ်ထောင်တန် သုံးရွက်ကို အမေ့လက်ထဲ ထိုး
ထည့်ပေးလိုက်တယ်။ အမေ က သူ့လက်ထဲက ပိုက်ဆံ တွေကိုဖြန့်ပြီး တစ်ခါမှ မမြင်
ဖူးသလို ကြည့်နေတယ်။ အမေ့လက်ထဲက ၀ါးခြမ်း ပြားက
မြေကြီးပေါ်မှာ။သေချာသွားပြီ။ ကျုပ် ဒီနေ့ အရိုက်မခံရတော့ဘူး။ ခဏ ကြာတော့
အမေ ကျုပ်လက် ကိုဆွဲပြီး သားအမိနှစ်ယောက် အိမ်ထဲဝင်ခဲ့ကြတယ်။ ကလေးတွေကတော့
ပွဲမကြည့်ရလို့ ဆိုပြီး ကိုယ့်အိမ် ကိုယ်ပြန်ကြ ပြီ။ ညစာစားပြီးရင်တော့
အမေ့ကို ကျုပ်ရဲ့ လုပ်ငန်း အကြောင်း ပြောပြရဦးမယ် လို့ တွေးလိုက်မိတယ်။
နောက်တစ်နေ့မနက် ကျုပ်တို့ အရပ်ထဲမှာ အဦးဆုံး အထူးဆုံး သတင်းက ဘာ
ဖြစ်မယ်ထင်လဲ။ အားလုံးရဲ့ ပါးစပ်ဖျားမှာ “စီပီရဲ့ဆီ” သတင်းက အထူးအဆန်းဖြစ်
သွားတာကိုတော့ ပြောဖို့ မလို လောက်ဘူး ထင်ပါရဲ့။
သံလွင်ခက် (ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)
|
No comments:
Post a Comment