menu

Wednesday 3 October 2012

မွေးကင်းစ ကလေးငယ် စွန့်ပစ်ခဲ့သူ မိခင်နှင့် အဖွားကို (၂၄)နာရီအတွင်း ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့

မကွေးမြို့ တိုင်းဆေးရုံရပ်၊ လမ်းသွယ် ၁ ရှိ ဦးကံလှ(ခ)ဦးသိန်း ထွန်း၏ နေအိမ်ရှေ့လမ်းဘေးတွင် စက်တင်ဘာ ၂၁ ရက်၊ ည ၇ နာရီ အချိန်က အသက် ၁၅ ရက်သားခန့်ရှိ မိန်းကလေးတစ်ဦးအား ပလပ်စတစ် ခြင်းတောင်း အစိမ်းရောင်ဖြင့် ထည့်လျက် စွန့်ပစ်ထားသည်ကို တွေ့ရှိကြရသည်။

သက်ဆိုင်ရာ ရဲစခန်းသို့ အ
ကြောင်းကြားရာ အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အဆိုပါ ကလေးငယ်အား လူမှုဝန်ထမ်းဦးစီး ဌာန ကလေးပြုစုရေးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်ထံ အပ်နှံခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ ကလေးအား စွန့်ပစ်ခဲ့သူအပေါ် အရေးယူပေးပါရန် ဦးအောင်စိုးမှ တရားလိုပြု တိုင်တန်းခဲ့ရာ သက်ဆိုင်ရာက အဆိုပါကိစ္စနှင့် ပတ်သက်၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခဲ့ရာ မကွေးမြို့၊ မြစ်သာရပ်ကွက် ရှိ နေ့ကလေးထိန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကလေးထိန်းဆရာမ မသန်းစိုးမှ ယင်းထံ စက်တင်ဘာ ၂ဝ ရက် ည ၈ နာရီအချိန်က အသားညိုညို အမျိုးသမီးတစ်ဦး ရောက်ရှိလာကြောင်း မိဘရှိပြီး ရက်သားအရွယ် ကလေးငယ်အား အပ်နှံပါက လက်ခံခြင်း ရှိ/မရှိ မေးမြန်းသွားကြောင်း၊ အဆိုပါ အမျိုးသမီးမှာ မင်းဘူးမြို့၌ ဈေးရောင်းကြောင်း ပြောဆို ၍ ပြန်သွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါ သတင်းအား အတည်ပြုရန် မြစ်သာ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် နှင့်အတူ လိုက်လံ စုံစမ်းခဲ့ရာ၊ ဆယ်အိမ်မှူး ဦးမြင့်ဆွေထံ စုံစမ်းခဲ့သည်။ ဦးမြင့်ဆွေမှ ယင်းထံသို့ တစ်ရပ်တည်းနေ မဌေးဌေး ရောက်ရှိ လာကြောင်း ယင်း၏ သမီးဖြစ်သူ မင်းဘူးမြို့နေ မတင်မမလတ်မှ ကလေးတစ်ဦးကို မွေးစားလို ကြောင်းနှင့်ပတ်သက်၍ ဗေဒင် လာရောက် မေးမြန်းသွားကြောင်း သိရသည်။ ဆက်လက်၍ ဒုရဲအုပ် သက်အောင်စိုးနှင့်အဖွဲ့မှာ မင်းဘူးမြို့နေ မတင်မမလတ်ထံ ဆက်လက် စုံစမ်းခဲ့သည်။ ယင်းက မင်းဘူးမြို့၊ လျှပ်စစ်သံပိုက်ဝန်းနေ မနှင်းနှင်းခိုင်ဆိုသူမှာ ဖုန်းဖြင့် ၆ ရက်သားခန့် မိန်းကလေး တစ်ဦး မွေးစားလိုပါက ရှိကြောင်း ပြောပြ၍ သွားရောက်ခဲ့ရာ ကလေး မိသားစုမှာ အလယ်ဘိုရွာမှ အဖွားဖြစ်သူ ဒေါ်ဋ္ဌေးဝင်းနှင့် ကလေး၏ မိခင် မကြူကြူမာတို့ ဖြစ်ကြောင်း အပိုင် မွေးစားပါက ပေးမည် ဖြစ်ကြောင်း ပြောပြ၍ မိခင်ဖြစ်သူ နှင့် တိုင်ပင်ခဲ့ရာ လက်မခံသဖြင့် မတင်မမလတ်မှ မွေးစားလိုသော်လည်း မွေးစားခြင်း မရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယင်းနောက် မနှင်းနှင်းခိုင် နေအိမ် သို့ ဆက်လက်စုံစမ်းခဲ့ရာ ကလေးမိဘများမှာ ယခင်က အလယ်ဘို ကျေးရွာတွင် အတူနေထိုင်ခဲ့ဘူးသည့် မိတ်ဆွေများ ဖြစ်ကြောင်း၊ စက်တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီ ၃ဝ မိနစ် အချိန်တွင် မွေးကင်းစ ကလေးငယ်နှင့် အတူ ရောက်ရှိလာကြောင်း ယင်းကလေးငယ်အား မွေးမည့်လူ ရှိပါက ပေးလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၂ ရက် နေ့လယ် ၃ နာရီအချိန်ခန့်တွင် မကွေးမြို့နယ် အလယ်ဘို ကျေးရွာရှိ ဒေါ်ဋ္ဌေးဝင်းအား သစ်ရာကောက် ရဲစခန်းသို့ ခေါ်ဆောင် စစ်ဆေး မေးမြန်းခဲ့သည်။ ဒေါ်ဋ္ဌေးဝင်းက ဝန်ခံထွက်ဆိုခဲ့ရာမှာ သမီးဖြစ်သူ မကြူကြူမာမှာ စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီ ၃ဝ မိနစ်အချိန်ခန့်က နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ မည်သည့် အရပ်ကို သွားသည်ကိုမသိရှိရကြောင်း ထွက်ဆိုခဲ့သည်။

ဒေါ်ဋ္ဌေးဝင်းကို မကွေးမြို့ မြို့မရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အဆိုပါ ည ၈ နာရီအချိန် ဒေါ်ဋ္ဌေးဝင်း၏ သမီးဖြစ်သူ မကြူကြူမာမှာ ရဲစခန်းသို့ ရောက်ရှိ စစ်ဆေးခဲ့ရာ ကလေးမိခင် မကြူကြူ မာနှင့် ဒေါ်ဋ္ဌေးဝင်းတို့ကို မကွေးမြို့ နယ် မြို့မရဲစခန်းမှ (ပ)၂၃၅/၁၂၊ ပုဒ်မ ၃၁၇ ကို ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုဖြင့် ဖမ်းဆီးခဲ့ပြီး သက်သေများကို စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါအမှုကို ၂၄ နာရီ အတွင်း စုံစမ်းဖော်ထုတ် နိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ဝ၅၁
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis