menu

Wednesday 3 October 2012

လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့




၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ အသက် ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားစေမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သိရပါသည်။
တရုတ်နိုင်ငံတွင် နိုင်ငံခြားမှ အမျိုးသမီးများကို အဓမ္မထိမ်းမြား လက်ထပ်ထားသော နိုင်ငံသားများကို တရားမ၀င်နိုင်ငံခြားသား လက် ခံမှုဖြင့်သာ အရေးယူလျက်ရှိနေ၍ တရုတ်နိုင်ငံဘက်မှ အမျိုးသမီးဝယ်လိုအားမှ မြင့်တက်နေဆဲဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ ထိုသို့ များပြားနေရ ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ထိုသို့ အဓမ္မလက်ထပ်စေမှုများတွင် သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ကာ ယုံစားမိသော အမျိုးသမီးငယ်များကို ရောင်းစားခြင်း၊ စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံသားနှင့် အဓမ္မလက်ထပ်စေခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်းသိရသည်။
၂၀၁၂ ခုနှစ် မေလက ရန်ကုန် မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင် သူ မ --- အား မဇင်(ခ) မဇင်မာထွေးနှင့် မဇင်မာထွေး၏မိခင်ဖြစ်သူ ဒေါ်ချယ်ရီတို့က တရုတ်နိုင်ငံရွှေလီမြို့တွင် Fancy နားကပ်ပြုလုပ်သည့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ ကျန်းဝေ့ရုံမြို့တွင် တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၄၁၀၀၀ ဖြင့် ရောင်းစားခံခဲ့ရပြီး၊ ထိုမှတစ်ဆင့် အခြားတရုတ်အမျိုးသားတစ်ဦးထံ ထပ်မံရောင်းစား၍ အဓမ္မ လက်ထပ်စေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဧပြီလကလည်း မိုင်းကိုင်မြို့နယ်နေ မ --- အသက် (၂၀)နှစ်အား သီပေါမြို့နယ်နေ စိုးသူမှ လက်ထပ်ထိမ်းမြားမည်ဟု လူကြီးစုံရာနှင့် ပြောဆိုတောင်းရမ်းခေါ်ဆောင်သွားပြီး တစ်ရွာတည်းနေ စိုင်းထွန်းကျော်၊ ချစ်ထွေးတို့နှင့် ပူးပေါင်းကာ မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်စေခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလတွင် လားရှိုးမြို့နေ မ --- ၏ သမီးဖြစ်သူ မ --- အသက် ၁၉နှစ်အား စန်းသီ(ခ)အောင်လှိုင်ဝင်းဆိုသူက သမီးရည်းစားဟန် ဆောင်၍ တရုတ်နိုင်ငံရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး စန်းသီ(ခ) အောင်လှိုင်ဝင်း၏ မိခင်မှတစ်ဆင့် တရုတ်လူပွဲစားများနှင့် ဆက်သွယ်ကာ တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၁၅၀၀၀ ဖြင့် ရောင်းစားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ်လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ စေခိုင်းမှု ၁ မှု စုစုပေါင်း ၁၃၆ မှုတို့ ဖြစ်ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ၆၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၄ ရာခိုင်နှုန်းနှင့် ပြည်တွင်း၌ ၁၇ ရာခိုင်နှုန်းဖြစ်ပွား ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်းလည်း သိရသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၃၀၂၈၅ ဦးတို့ကို လမ်းခရီး၌ တားဆီး၍ မိဘထံ ပြန်လည်ပို့ဆောင်အပ်နှံခြင်း၊ လူမှောင်ခိုမှု ၁၁၀၂ မှုကို အမှုဖွင့်ပြီး တရားခံ ၂၇၄၄ ဦးကို အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
EMG
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လူကုန်ကူးမှု အမှုစာရင်း
untitled1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis