menu

Tuesday 29 October 2013

UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာနှင့် တွေ့ဆုံခြင်း

interv_fdrphs-KOK_NKK
ကေအိုင်အို အဖွဲချုပ်ရှိရာ လိုင်ဇာတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသော UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာနှင့် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
DVB : MPC က အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ဘယ်လိုသဘောရလဲ။
UKO : မူကြမ်းတစ်ခုတော့ တွေ့ပါတယ်။ သို့သော် အလုပ်ဖြစ်နိုင်တဲ့ အခြေအနေတော့ နည်းနည်းလေး ဝေးသေးတယ်။ ကျွန်တော်တို့ဘက်က ထုတ်ထားတဲ့ မူကြမ်းလည်း ရှိတယ်။ အဆင့် သုံးဆင့်ပေါ့။ အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံး အပိုင်းသုံးပိုင်း။ အဲ့ဒါက တိုတိုတောင်းတောင်း။ ခုဟာတော့ နည်းနည်းရှည်တယ်။ ဒါကြောင့် အဲ့ဒီနှစ်ခု ညှိဖို့လိုတယ်။ ညှိဖို့လိုတော့ ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ တိုင်းရင်းသား ညီလာခံက ထုတ်ထားတဲ့ မူကြမ်းကိုပဲ အဲ့ဒီမှာ အဓိက ညှိမှာပေါ့။ အဲ့ဒီဟာ ညှိပြီးလို့ ရလို့ရှိရင် အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ MPC ကပေးထားတဲ့ မူကတော့ ကျွန်တော်တို့ နည်းနည်း အကြောင်းအရာတွေများတော့ ချုံ့လိုက်မှာပေါ့။ ချုံ့လိုက်ပြီးတော့ အလုပ်ဖြစ်နိုင်တဲ့ မူတစ်ခုတော့ ထွက်မယ်လို့ ယူဆရတယ်။

DVB : MPC က ပုဂ္ဂိုလ်တချို့ ပြောတာက နိုင်ငံတော်အစိုးရ အနေနဲ့ အချုပ်အခြာအာဏာ မပြိုကွဲဘူး။ နောက်တစ်ခုက ခွဲမထွက်ဘူးဆိုရင် တော်တော်များများက ပြေလည်နိုင်စရာ ရှိတယ်လို့ ပြောပါတယ်။ အန်ကယ်တို့ သဘောထားက ခွဲထွက်ဖို့ ရှိသလား။
UKO : ခွဲထွက်ဖို့ မရှိဘူး။ လုံးဝမရှိဘူး။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးက အဓိကဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာက အစွန်းနှစ်ဖက်ကို ရှောင်တာ။ နံပါတ်တစ် အစွန်းက ဘာလဲဆိုတော့ ခွဲထွက်တဲ့အစွန်း လုံးဝမဖြစ်ဘူး။ တစ်ချိန်တည်းမှာ ဒုတိယအစွန်းဖြစ်တဲ့ တစ်ပြည်ထောင်စနစ်၊ အာဏာရှင်စနစ် အဲ့ဒီစနစ်အောက်ကလည်း မဖြစ်စေရဘူး။ အတူတကွ တန်းတူရည်တူ နေထိုင်နိုင်မယ့် ဖက်ဒရယ် ပြည်ထောင်စုစနစ်က အဓိကဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ် ပြည်ထောင်စုအောက်မှာ သဘောတူပြီးတော့ ထူထောင်နိုင်ရင် ခွဲထွက်ရေးလည်း မရှိဘူး။ တစ်ပြည်ထောင်လည်း မရှိဘူး။ ဒါဆိုရင် ကျွန်တော်တို့က သဘောတူနိုင်မယ့် အခြေခံ ဖြစ်မယ်လို့ ကျွန်တော်တို့က ယူဆတယ်။
DVB : တိုင်းရင်းသား မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံရဲ့ ဆုံးဖြတ်ချက်က လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြေလည်နိုင်လား။ ထပ်ပြီးတော့ ထိပ်တိုက်တွေ့နိုင်သေးလား။
UKO : ဆက်နွှယ်မှုကိုတော့ ပြောရခက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံနဲ့၊ ဖြစ်ပေါ်လာပုံ၊ သူ့ရဲ့ ဦးတည်ချက်၊ သူ့ရဲ့ အနှစ်သာရတွေက ကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စု အနှစ်သာရနဲ့တော့ တော်တော် ကွာပါတယ်။ အနှစ်သာရ နှစ်ခုကွာတဲ့ အခါကျတော့ ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စု အနှစ်သာရကို ဦးတည်ပြီး ဖော်ထုတ်မယ် ဆိုရင်တော့ ၂၀၀၈ အနှစ်သာရကတော့ နည်းနည်းတော့ မှေးမှိန်နိုင်တယ်။ သို့သော်လည်းပဲ ဒီနှစ်ခုကြားမှာ ထိပ်တိုက်တော့ မဖြစ်ပါဘူး။ ထိပ်တိုက် မဖြစ်ဘူး။ ဒီနှစ်ခုကြားမှာ အကူးအပြောင်း ညင်ညင်သာသာနဲ့ ကူးပြောင်းနိုင်တဲ့နည်း လမ်းတော့ အဓိက ကျွန်တော်တို့ ရှာမှာဖြစ်ပါတယ်။
VOA : ဖက်ဒရယ် မူဝါဒကို မြန်မာအစိုးရဘက်ကရော တိုင်းရင်းသားတွေ ဘက်ကရော၊ ပါတီတွေဘက်ကပါ ပြည့်ပြည့်ဝဝ လက်ခံတယ်ဆိုရင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆိုတာလည်း မလိုတော့ပါဘူးလို့ တချို့တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောတာရှိတယ်။ တကယ်လို့ အားလုံး ဖက်ဒရယ်ကို သဘောတူကြတယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးဖို့ အခမ်းအနားကြီးတွေ လိုဦးမလား။
UKO : တစ်ကြောင်းမဟုတ်၊ တစ်ကြောင်း ထောက်ရင်တော့ လိုတာလည်း ရှိပါတယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကို လက်ခံတယ်လို့ ပြောပေမယ့် အဲ့ဒီအခြေခံမူဟာ ဘာလဲဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် မတူတာ ဖြစ်နိုင်တယ်။ တချို့ကလည်း ၂၀၀၈က ဖက်ဒရယ် ဖြစ်နေပြီ၊ ၂၀၀၈ ကို ပြင်ရုံမျှနဲ့ ဖက်ဒရယ်မူ ဖြစ်နိုင်တယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေ ရှိသလိုပဲ နိုင်ငံခြား ပညာရှင် တချို့ကလည်း ဘာပြောလဲဆိုတော့ ဗမာပြည်ရဲ့ ဖက်ဒရယ် ပုံစံပေါ့၊ တခြားတိုင်းပြည်နဲ့ မတူဘဲနဲ့ သီးခြားလုပ်နိုင်တဲ့ သဘောမျိုး။ အထူးသဖြင့်တော့ ဗမာလို ပြောရင်တော့ အချိုးမညီ ပြည်ထောင်စု ပုံစံမျိုး ပြောတဲ့လူတွေကလည်း ရှိတယ်။ ဒါကြောင့် အဲ့ဒီဟာအားလုံးကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့က ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူကို သဘောတူတယ်ဆိုတဲ့ အချက်နဲ့ မရသေးဘူး။ အဲ့ဒီ အခြေခံမူဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ ပေါ့လေ၊ ကျွန်တော်တို့ ဆီမှာတော့ အခြေခံမူ ရှစ်ချက်ပေါ့လေ။ အဲ့ဒီအခြေခံမူ ရှစ်ချက်မှာပါတဲ့အတိုင်း လိုက်နာပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်။ လိုက်နာပြီးတော့ အတူတကွ နေထိုင်ဖို့အတွက် နည်းလမ်းရှာမယ် ဆိုရင်တော့ ဖြစ်နိုင်တယ်။
VOA : ခု ဆွေးနွေးပွဲက ခုနက ဗိုလ်မှူးကြီးပြောတဲ့ ဖက်ဒရယ် အချက်တွေကို ဆွေးနွေးမလား။ အဖြေတစ်ခုခု ရနိုင်မလား။
UKO : တိုင်းရင်းသားတွေထဲမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူကတော့ ကျပြီးသားပဲ။ အဆင့်နှစ်ဆင့်လုံးမှာ ကျတယ်။ ဇူလိုင်လက ချင်းမိုင်မှာ ကျင်းပတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ အနာဂတ်တိုင်းပြည်ကို ထူထောင်မယ်ဆိုတာ ကျပြီးပြီ။ နောက် ဖက်ဒရယ် ပြည်ထောင်စုထဲမှာ ပါရမယ့် အခြေခံမူတွေ။ အနည်းဆုံး ၄၀ လောက် ချပြီးပြီ။ နောက်တစ်ခါ ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနဲ့ တစ်ထပ်တည်း လာတဲ့ဟာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်က ဖက်ဒရယ် ပြည်ထောင်စုကို ကာကွယ်ဖို့၊ ဒါ့အပြင် တပ်မတော်ဟာ အရပ်ဘက် အုပ်ချုပ်မှုအောက်မှာ ရှိရမယ် ဆိုတဲ့ အချက်တွေပေါ့။ အဲ့ဒါတွေပါတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အခြေခံမူကလည်း ချထားတာ ရှိတယ်။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူ၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးမူ၊ အဲ့ဒါတွေက ဆက်တိုက်ပါလာတော့ အဲ့ဒီမူတွေ အပေါ်မှာ လေးလေးနက်နက် သဘောတူ လက်ခံကြမယ်ဆိုရင် ကျွန်တော်တို့က အပစ်ရပ်တယ်၊ နိုင်ငံရေး ဆွေးနွေးတယ်။ ဆက်တိုက်ပေါ့လေ။ စုစည်းညီညွတ်တဲ့ တိုင်းပြည်တစ်ခု အမြန်ဆုံး ပေါ်လာနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။
VOA : တိုင်းရင်းသားတွေက ဖက်ဒရယ်မူကို လက်ခံတယ်ဆိုရင် ရှေ့မဆက်နိုင်တာ မြန်မာအစိုးရဘက်က လက်မခံလို့လား။
UKO : လက်ခံတယ်လို့ အတိအကျ မပြောသေးဘူး။ ဖက်ဒရယ်မူလို့ အခုပြောနေတာက အဓိပ္ပာယ် ဖွင့်ဆိုတာမတူဘူး။ ဒါကြောင့် ဒီနေရာမှာ ဖက်ဒရယ်မူပြောရုံနဲ့ တူသွားပြီလို့ ပြောလို့မရဘူး။ အဓိပ္ပာယ် ဖွင့်တဲ့နေရာမှာ တစ်မျိုးတစ်ဖုံ ဖြစ်လို့ရှိရင် ဒါက အလှည့်အပြောင်း ဖြစ်နိုင်တယ်။ အဓိပ္ပာယ် ဖွင့် တာလည်း တူဖို့လိုတယ်။
VOA : မြစ်ကြီးနားမှာ တွေ့မှာက ဒီလိုင်ဇာပွဲပေါ် အဓိကမူတည်တယ်လို့ ပြောနေကြတော့ ဒီလိုင်ဇာပွဲက ဘယ်လောက် အရေးပါပါသလဲ။
UKO : ဆွေးနွေးပွဲ နောက်ဆက်တွဲ အတွက်ကော၊ ဗမာပြည်ရဲ့ ရှေ့အနာဂတ် အတွက်ကော အခုဒီမှာလုပ်တဲ့ ဆွေးနွေးပွဲက တော်တော် အရေးပါပါတယ်။ ဒီက အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ရှေ့ဆက်သွားရမယ့် ခရီးက ဖြောင့်ဖြူးမလား ကြမ်းတမ်းမလား ဒီမှာ ထွက်မယ့် အဖြေပေါ် မူတည်ပါတယ်။ ဒါကြောင့် ထိပ်သီးအစည်းအဝေးလို့ ခေါ်ခြင်း ဖြစ်ပါတယ်။
BBC : လွတ်လပ်ရေးရပြီး ဒီလောက် ကြီးကျယ်တဲ့ ညီလာခံကြီးကို လုပ်ဖူးလား။ ဒါပထမဆုံးအကြိမ် ဖြစ်မလား။
UKO : ကျွန်တော်ထင်တယ်။ ၁၉၆၁ မှာတော့ တိုင်းရင်းသား ခေါင်းဆောင်တွေ တော်တော်စုံတယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့ ၁၉၄၇ ဖွဲ့စည်းပုံကို ပြင်မယ် ဆိုပြီးတော့ တောင်ကြီး ညီလာခံဆိုပြီး ဆုံဖူးပါတယ်။ အဲဒီတုန်းကတော့ လက်နက်ကိုင် အဖွဲ့အစည်းကတော့ ဒီလောက် မဟုတ်ဘူးပေါ့။ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား ကိုယ်စားပြု ပုဂ္ဂိုလ်တွေပါတယ်။ သို့သော်လည်းပဲ ၆၂ အာဏာသိမ်းတဲ့ နေရာမှာ တိုင်းရင်းသား ခေါင်းဆောင် ၁၀၀ ကျော် အဖမ်းခံရပြီးတော့ အသက်ဆုံးရှုံးကြတာ ရှိတယ်။ အဲဒီလိုတော့ ဆုံးဖူးကြတယ်။ ခုလက်နက်ကိုင် သတ်သတ်ပဲ ဆိုရင်တော့ ဒီတစ်ပွဲက အစုံဆုံးလို့ ပြောနိုင်ပါတယ်။
DVB : လိုင်ဇာပွဲနဲ့ ပတ်သက်ပြီး အလွန်အကျွံ အကောင်းမြင်တာတွေ ရှိတယ်။ တချို့က အကောင်းမြင်တယ်။ အန်ကယ်က ဘယ်လိုမြင်လဲ။
UKO : ကျွန်တော်တို့ကတော့ အကောင်းမြင်တယ်။ ဒီလို ဆုံတွေ့ခွင့် ရတာကိုကပဲ တိုင်းပြည်ရဲ့ အပြောင်းအလဲ ဖြစ်တယ်။ တစ်ချိန်တုန်းကဆိုရင် ကျွန်တော်တို့ ဒီလိုဆုံဖို့ နေနေသာသာ ဆက်သွယ်ရုံမျှနဲ့ ကြီးမားတဲ့ အပြစ်ဒဏ်တွေ ဖြစ်တယ်။ ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်ရတယ်။ ခုကတော့ ပြည်တွင်းကလာတဲ့ ခေါင်းဆောင်တွေလည်း ချောချောမောမော ရောက်တယ်။ ပြည်ပကလာတဲ့ ခေါင်းဆောင်တွေလည်း ချောချောမောမော ရောက်တယ်။ အဲ့ဒီလို ရောက်တဲ့အတွက် ဒီတစ်ပွဲကတော့ ဒါပြည်တွင်းပြည်ပ ပြည်သူလူထုပေါ့လေ။ အထူးသဖြင့် မြစ်ကြီးနားဘက်က ကချင် ပြည်သူလူထုတွေရဲ့ အသံ၊ ထောက်ခံမှု၊ သူတို့ရဲ့ အားပေးမှု။ ဒီပေါ်မှာကြည့်ရင် ချောချောမောမောနဲ့ အောင်မြင်မယ်လို့ ယုံကြတယ်။
နော်ကိုကို
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis