menu

Tuesday 29 October 2013

မူးယစ်ဆေးသုံး ရမ်းကားသဖြင့် ဟိုတယ်ဝန်ထမ်းတစ်ဦးနှင့် ရဲလေးဦး ဒဏ်ရာရ

ကျိုင်းတုံ၊ အောက်တိုဘာ၂၇

မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိနေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နောင်တုံဟိုတယ်တွင် အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီ ခွဲခန့်က တည်းခိုနေသူတစ်ဦးက မူးယစ်ဆေးသုံးစွဲကာ စိတ်ပုံမှန် မဟုတ်တော့ဘဲ တူဖြင့်ထုနှက် ရမ်းကားသဖြင့် ဟိုတယ် ဝန်ထမ်းတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ဝင်းမင်းသန့်က ပြောကြားသည်။
မူးယစ်ရမ်းကားသူမှာ ကျိုင်းတုံမြို့နယ် တုံကွမ်ကျေးရွာတွင် နေထိုင်သူ ဦးလီဒို (၆၅) နှစ် ဖြစ်ပြီး ၎င်း၏အခန်းကို ဝင်ရောက် ကြည့်ရှုသည့် ဟိုတယ်ဝန်ထမ်း ဦးရဲလွင်အောင်ကို တူနှင့်ထုနှက်သဖြင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည့်အပြင် လာရောက် ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ပြန်လည် ခုခံသဖြင့် ဒုရဲအုပ်သုံးဦးနှင့် ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“လက်ထဲမှာက တူတစ်ခုတည်း မဟုတ်ဘူး။ ဓားနဲ့ သံပိုက်လုံးတွေပါ ကိုင်ထားတာ။ အဲဒီပစ္စည်းတွေနဲ့ ခုခံရိုက်နှက်လို့ လုံးထွေးဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတာပါ” ဟု ၎င်းကဆိုသည်။
ဟိုတယ် အခန်းတံခါးဖွင့်၍ ဝင်ရောက် လုံးထွေးဖမ်းဆီးသည့် ဒုရဲအုပ် ဉာဏ်မင်းကိုကို၊ ဒုရဲအုပ် ထွန်းဦးဝင်း၊ ဒုရဲအုပ် နေလင်းအောင်နှင့် ရဲတပ်ကြပ် ဝေဖြိုးတို့တွင် နဖူး၊ ဝဲယာလက်ဖျံ၊ လက် ကောက်ဝတ်နှင့် လက်ခုံတို့တွင် ဖူးရောင် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ဦးလီဒိုမှာလည်း အခန်းတံခါးစောင်းနှင့် ရိုက်မိသဖြင့် မျက်နှာနှင့် ဦးခေါင်းတို့တွင် သွေးထွက် ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဦးလီဒို တည်းခိုသည့် ဟိုတယ် အခန်းအတွင်း ဘိန်းစိမ်း ၈၂ ဂရမ်နှင့် ငွေကျပ် ၆၇၅၀၊ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ အရှည် ၁၂ လက်မခန့်ရှိ သစ်သားရိုးတပ် သံရိုက်တူတစ်ချောင်း နှင့် အချင်းမတ်လုံးခန့်ရှိ အရှည် ၂၁ လက်မ၊ ၂၅ လက်မနှင့် ၂၉ လက်မရှိ သံပိုက်လုံး သုံးချောင်းတို့ကို သိမ်းဆည်းရမိကြောင်း ယင်းမြို့ရဲစခန်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
“ပစ္စည်းတွေကို ရိုက်နှက်ဖျက်ဆီးပြီး သောင်းကျန်နေလို့ ကျွန်တော်နဲ့ ကိုရဲလွင်အောင်က သွားကြည့်တော့ အခန်းတံခါးဝကနေ တူနဲ့ထုလိုက်တာ ကိုရဲလွင်အောင် နဖူးကွဲသွားလို့ သုံးချက် ချုပ်လိုက်ရတယ်။ သူ့ လက်ထဲမှာက ဓား၊ တူနဲ့ သံပိုက်တွေပါ ကိုင်ထားတော့ နာရီဝက်ကျော်ကြာ ဖမ်းဆီးရတယ်” ဟု မျက်မြင်တွေ့ရှိသူ ဟိုတယ်ဝန်ထမ်း ဦးသီဟက ဆိုသည်။
တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို နာကျင်ဒဏ်ရာများ ရရှိစေသူ ဦးလီဒိုကို မယ (ပ) ၅၁/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ (က) နှင့် (ပ) ၁၁၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၂ တို့ဖြင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis