menu

Tuesday 29 October 2013

အင်းလေးကို ကယ်တင်ခြင်း....( ကိုထက် )

F-30-10
အင်းလေးကန်နှင့် အင်းလေးဖောင်တော်ဦး ဘုရားကို မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်
အင်းလေးကန်သည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ရေကန်၊ ရာဇ၀င် အဆိုအရ အလောင်းစည်သူ မင်းကြီးရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ပေါ်ပေါက်လာတဲ့ ရေကန်။ မည်သို့ပင် ဆိုစေကာမူ အင်းလေးကန်ကတော့ ရှမ်းပြည်နယ်ရဲ့ ပြယုဂ်ကို အလှဆင်ထားတာကတော့ အမှန်ပါပဲ။ အင်းလေးကန်ဟာ တောင်-မြောက် ၁၄ မိုင်၊ အရှေ့-အနောက် ၇ မိုင်ခန့် ကျယ်ဝန်းပါတယ်။ ညောင်ရွှေစော်ဘွားကြီးရဲ့ အပိုင်စား နယ်မြေမှာလည်း ပါဝင်ပါတယ်။ နောက်တော့ ခေတ်အခြေအနေအရ ကိုလိုနီလက်အောက်ကို ကျသွားတော့လည်း အင်္ဂလိပ်တွေဟာ အင်းလေးကန်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဒေသရဲ့ သမိုင်းကြောင်းအရ သိရပါတယ်။ ဂျပန်ခေတ် ရောက်ပြန်တော့လည်း ဂျပန်တွေက အင်းလေးကန်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂျပန်ခေတ် ကုန်ဆုံးသွားတဲ့ အခါမှာတော့ ရပ်တန့်သွားခဲ့ ရပါတယ်။
နှစ်ပေါင်းခြောက်ဆယ် ကျော်လာပါတယ်။ အင်းလေးကန်ရဲ့ စိုးရိမ်ဖွယ် ရေမှတ်ကို ပြီးခဲ့တဲ့ ၂၀၁၂ နွေရာသီမှာ သတိထားမိ လာကြပါပြီ။ ပူပြင်းတဲ့ နွေရာသီ ကာလမှာ အပူရှိန်ကြောင့် အင်းလေးကန်ရဲ့ ရေတိမ်ပိုင်း နေရာတွေမှာ ရေခန်းခြောက် သွားပါတယ်။ အင်းလေးကန်ကြီးတောင် ရေခန်းသွားတယ်ဆိုတဲ့ သတင်းက ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာပါတယ်။ အင်းလေးကန် သတင်းကြားတော့ ပထမဆုံး တွေးမိတာက အင်းသားတွေ ဘယ်လိုလုပ်ကိုင် စားသောက်ကြမလဲ။ သူတို့ရဲ့ ကျွန်းမျောစိုက်ခင်းတွေ၊ နောက်ပြီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု အခြေအနေ၊ အနီးပတ်ဝန်းကျင် ကျေးရွာ ၄၀၀ က လူတွေ သောက်သုံးရေကိစ္စ စသဖြင့်ပေါ့လေ၊ ကိုယ်မီသလောက်လေးတော့ တွေးမိပါသေးတယ်။ နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့ သတင်းစာ၊ ဂျာနယ်တွေမှာ ပါသလောက်ပဲ ဖတ်မှတ်မိပါတယ်။
ရှမ်းပြည်ကိုရောက်ဖို့ အကြောင်းဖန်လာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်က ရှမ်းပြည်နယ် မြို့တော်တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ဖြစ်ပါတယ်။ ရှမ်းပြည်ကိုရောက်ရင် အင်းလေးရောက်မှ အဓိပ္ပာယ် ရှိတယ်ဆိုတဲ့အတိုင်း အင်းလေးကန်ကိုလည်း ရောက်ဖြစ်ပါတယ်။ အင်းလေးကိုရောက်တော့ သတင်းသမား တစ်ယောက်ရဲ့ အမြင်နဲ့ ပတ်ဝန်းကျင်ကို လေ့လာဖြစ်ပါတယ်။ ထူးဆန်းတာ တစ်ခုကို သတိပြုမိ တာကတော့ အင်းလေးကန်မှာ ရေမှော်ဆိုတာ မရှိတော့ပါဘူး။ ရေမှော်တွေ ပျောက်ကွယ်သွားတဲ့ အကြောင်းကို လေ့လာမိသလောက် ဒေသခံတွေရဲ့ ပြောပြချက်အရ အင်းလေးကန်က ရေမှော်တွေကို မျိုးပြုန်းအောင် သတ်နေတဲ့ ခရုနီ ပြဿနာကို သွားတွေ့ရပါတယ်။

ခရုနီ ပြဿနာ
ဒေသခံတွေကတော့ အင်းလေးကန် စောင့်ရှောက်ရေးဆိုပြီး လာရောက်လေ့လာနေတဲ့ ဂျပန်အဖွဲ့အစည်းကပဲ ရေမှော်တွေရှင်းအောင် ခရုနီ မွေးလိုက်သလိုလို ပြောနေကြပေမယ့် တစ်ဖက်ဆည်မြောင်း ဌာနရဲ့ ပြောကြားချက် အရတော့ ကျွန်းမျောစိုက်ခင်းတွေ လယ်ယာတွေမှာ ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေ သုံးစွဲတဲ့အတွက် ဘေးထွက်ဆိုးကျိုး အနေနဲ့ ခရုနီ မျိုးစိတ်သစ် ပေါ်လာတာလို့ ပြောပါတယ်။ ခရုနီက ရေမှော်တွေကို အမြစ်က ကိုက်ဖြတ်ပြီး အပင်ကို မရှင်သန်နိုင်အောင် လုပ်ပါတယ်။ နောက်ပိုင်း စပါးခင်းတွေကိုလည်း ၀င်ဖျက်ဆီး လာပါတယ်။ အင်းလေးကန်တင် မကပါဘူး အင်းလေးကန်ကနေ စကားအင်း၊ မိုးဗြဲအင်း စီးဆင်းနေတဲ့ ချောင်းတစ်လျှောက်မှာလည်း မင်းမူလာပါတယ်။ ရေမှော်တွေ မရှိတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရေစီးသန်မှုကိုလည်း မထိန်းနိုင်တော့သလို၊ ရေမှော်ကတစ်ဆင့် သဘာဝမြေသြဇာ ထုတ်လုပ်မှုကိုလည်း ထိခိုက်စေတဲ့အတွက် ဓာတ်မြေသြဇာသာ သုံးစွဲရတာကြောင့် ခရုနီကို ပြန်လည်မွေးထုတ်သလို ဖြစ်လာပြီး မုန့်လုံးစက္ကူ ကပ်သလို၊ ရှင်းလို့ကို မနိုင်တော့ပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ NGO တွေကလည်း ခရုနီကို ပပျောက်အောင် ဆောင်ရွက်နိုင်တဲ့နည်းလမ်း ရှာမတွေ့သေးပါဘူး။ အင်းလေးကန်မှာ စိုက်ပျိုးရေး လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုတာ ရာခိုင်နှုန်း ၇၀ လောက်ရှိပြီး အများစုက ခရမ်းချဉ်သီးနဲ့ စပါးကို အဓိကထား စိုက်ပျိုးတယ်လို့ အင်းလေးကန်မှာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်ပြီး တစ်ဖက်ကလည်း လယ်ယာစိုက်ပျိုးရေးလုပ်တဲ့
များမကြာမီ အချိန်မှာတော့ မိုးတွင်းကာလက လက်ပြနှုတ်ဆက် တော့မှာပါ။ နောက်လေး၊ ငါးလဆို အင်းသားတွေအတွက် ကြောက်စရာ အိပ်မက်ဆိုးလို့ ပြောလို့ရတဲ့ နွေရာသီ ရောက်လာဦးမှာပါ။ အင်းထဲမှာ ပုံမှန်ရေခန်းမှာ ဖြစ်သလို သောက်သုံးရေ ရှားပါးမှု ပြဿနာကိုလည်း ကျေးရွာ ၄၀၀ က မလွဲမသွေ ကြုံရပါဦးမယ် . . . . .
ကိုဖိုးသာထူးက ပြောပြပါတယ်။ အင်းလေးကန်မှာ မှီတင်းနေထိုင်နေတဲ့ စိုက်ပျိုးရေး သမားတွေအတွက် ရင်မောရပါတယ်။ အခုဆို ခရုနီပြဿနာက သုံးနှစ်လောက် ရှိနေပါပြီ။ ခရုနီ ပြဿနာ ရှိသလို တစ်ဖက်ကလည်း ရေစီးအရမ်းသန်တဲ့ ပြဿနာ ရှိနေပါတယ်။ အင်းထဲမှာ ယခင်တုန်းကတော့ အခုလို ရေပြည့်တဲ့ အချိန်ဆို ရေက ၁၅ ပေလောက် ရှိပါတယ်။ ရေနည်းတဲ့ အချိန်ဆို ခုနစ်ပေ ရှစ်ပေလောက်တော့ ကျန်ပါတယ်။ ရေစီးအရမ်းသန်တော့ အင်းထဲမှာ ရေတင်ဖို့အတွက် အခက်အခဲတွေ ရှိပါတယ်။ အင်းထဲမှာ လယ်ထဲကို ရေသွင်းလို့ ရလောက်တဲ့အထိ ရေကျန်မှ စိုက်ပျိုးလို့ အဆင်ပြေမှာပါ။ ယခင်က အင်းထဲကရေ ပြည့်လွန်းလို့ လယ်ထဲကနေ ရေပြန်ထုတ်နေ ရပါတယ်။ အခုတော့ အင်းရေကျနေတာကြောင့် လယ်ထဲကို ရေမ၀င်တဲ့အတွက် အင်းထဲကရေကို လယ်ထဲကိုပြန်ပြီး ရေစုပ်စက်နဲ့ ပြန်တင်သွင်းနေရတဲ့ အခြေအနေ ဖြစ်လာပါတော့တယ်။ အင်းထဲမှာ ရေကျတယ်ဆိုတာ အဓိက အကြောင်းအရင်းကတော့ အင်းလေးကန်ကနေတစ်ဆင့် ဘီလူးချောင်းတစ်လျှောက် ရေအရမ်း စီးနေလို့ပါပဲ။ ရေစီးသန်နေတဲ့ ပြဿနာ ဇာစ်မြစ်ကို လေ့လာကြည့်လိုက်တော့ တရုတ်လှေထမ်းကွေ့ ပြဿနာကို သွားတွေ့ရပါတယ်။

တရုတ်လှေထမ်းကွေ့
တရုတ်လှေထမ်းကွေ့လို့ ဒေသခံတွေက အမှတ်သညာ ပြုထားတဲ့ နေရာက အင်းလေးကန်နဲ့ ၁၄ မိုင် အကွာလောက်မှာရှိတဲ့ ဂငယ်ကွေ့နေရာ တစ်ခုပါပဲ။ ယခင်စော်ဘွားတွေ လက်ထက်က တရုတ်ကုန်သည်တွေလာရင် အဲ့ဒီကွေ့နေရာကို ကွေ့မသွားတော့ဘဲ တည့်တည့်ဖြတ်လာလို့ တရုတ်လှေထမ်းကွေ့လို့ အမည်တွင်လာ ပါတယ်။ ၁၉၉၁ ခုနှစ် အင်းလေးမှာ မိုးကောင်းတဲ့ကာလ အင်းထဲမှာ ရေမကျတော့ စိုက်ခင်းတွေ ရေမြုပ်တာကြောင့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ဂငယ်ကွေ့က ပိတ်ထားတဲ့ နေရာလေးကို မြေတူးစက်နဲ့ ကလော်ထုတ်လိုက်တဲ့အတွက် လမ်းပွင့်သွားပါတယ်။ ပွင့်သွားတဲ့ နေရာလေးကနေ ရေတွေ ဘီလူးချောင်းတစ်လျှောက် စကားအင်းထဲကို အတားအဆီးမရှိ စီးဆင်းလာပါတော့တယ်။ စီးဆင်းနေတာက ကာလရှည် ကြာလာတော့ အင်းထဲမှာ ရေမတင်တဲ့ ပြဿနာ ပေါ်လာပါပြီ။ အင်းထဲမှာ အရင်တုန်းက ရေကျတာ မသိသာပေမယ့် နောက်ပိုင်းကာလ တွေမှာတော့ သိသာလာပါတယ်။ ရေကျတဲ့ အကြောင်းအရင်းက လှေထမ်းကွေ့ တစ်ခုထဲ ဖောက်ချလိုက်တာတင် မကပါဘူး။

နမ့်ခတ်ချောင်း
၂၀၀၀ ပြည့်နှစ်ကျော် ကာလတွေက တရုတ်လှေထမ်းကွေ့ကနေ နောက်ထပ် ၁၅ မိနစ်လောက်သွားရင် အင်းလေးကနေတစ်ဆင့် ဘီလူးချောင်းကို စီးဆင်းနေတဲ့ နမ့်ခတ်ချောင်း အ၀မှာ သဘာဝအလျောက် ကျောက်ပို့နေတာကို ဆည်မြောင်းဝန်ကြီး ဌာနကနေ ပိတ်လိုက်တဲ့အတွက် ကျောက်မကျတော့ပါဘူး။ ကျောက်ကျရင် သဘာဝအလျောက် စီးဆင်းနေတဲ့ အင်းလေးကန် ရေစီးကို အနည်းငယ် တန့်စေပါတယ်။ ရေစီးတန့်နေတာကြောင့် နွေရာသီ ဘီလူးချောင်းကို ရေအ၀င်နည်းစေပြီး လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ထိခိုက်စေတဲ့အတွက် ပိတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ကျနေတဲ့ အ၀နေရာကိုသာ မြေတူးစက်တွေနဲ့ တူးပြီးဖို့လိုက်တာဖြစ်ပြီး ရေစီးဆင်းတဲ့ ဘက်ကိုတော့ နဂိုအတိုင်း ဖွင့်ထားပါတယ်။ ညောင်ရွှေမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေရဲ့ ပြောကြားချက်အရ ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးမှာ တရုတ်လှေထမ်းကွေ့ ပြဿနာကို တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဋ္ဌမပုံမှန် အစည်းအဝေးမှာ စာနဲ့ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
လှေထမ်းကွေ့ အကျဉ်းဆုံး နေရာကို ရေထိန်းတံခါးလို ပုံစံမျိုး ဆောက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နယ်မြေ အနေအထားကိုလည်း ကွင်းဆင်းလေ့လာ သွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ဆန္ဒကတော့ တရုတ်လှေထမ်းကွေ့က ဖွင့်ချထားတဲ့ နေရာကို ပိတ်စေချင်နေတာ ဖြစ်ပါတယ်။ လှေထမ်းကွေ့ ပြဿနာနဲ့ နောက်ပိုင်းကျောက်ပို့တဲ့ ချောင်းဝကိုပိတ်ပြီးသကာလ ရေဆင်းတာ အစပိုင်းက မသိသာပေမယ့် အခုနောက်ပိုင်းမှာတော့ သိသာလာပါတယ်။ ဒီနှစ်မှာဆို အင်းထဲမှာတော့ ရေပြည့်တာတောင် ရေနက်ပိုင်းမှာ ၁၀ ပေလောက်သာ ရှိပါတယ်။ ရေတိမ်တဲ့ ဘက်မှာဆို ၅ ပေ ၆ ပေလောက်သာ ရှိပါတော့တယ်။ ရေနည်းတဲ့ကာလ ဧပြီ၊ မေလောက်မှာ ဆိုရင်တော့ ရေတိမ်ပိုင်းတွေ ကုန်းပေါ်လာမှာ ဖြစ်ပါတယ်။
အင်းထဲမှာ စိုက်ပျိုးရေးလုပ်ငန်း စတင်တာ မတ်လကစစိုက်ပြီး သြဂုတ်လောက်မှာ ရိတ်သိမ်းတာ ဖြစ်တဲ့အတွက် တစ်ရာသီပဲ စိုက်တယ်ဆိုရမှာပါ။ စိုက်ပျိုးချိန်က ရေနည်းတဲ့အချိန်လို့ ပြောလည်းရပါတယ်။ အခုလို အခြေအနေနဲ့သာဆိုရင် အင်းထဲမှာ ရေမပြည့်တဲ့အတွက် ရေသွင်းစိုက်ပျိုး ရပါဦးမယ်။ အင်းလေးမှာ မှီတင်းနေထိုင်တဲ့ လူဦးရေ တစ်သိန်းရှစ်သောင်း၊ ကျေးရွာ ၄၀၀၊ လယ်ဧကငါးသောင်း လောက်ငမှု ရှိနိုင်ပါ့မလားဆိုတာ တွေးစရာတောင် မလိုပါဘူး။ ရေမရတဲ့အတွက် စပါးတင်း ၁၀၀ လောက်စိုက်မှ တင်းသုံးလေးဆယ်လောက်ပဲ ကျန်ပါတယ်။ ဒါ့ကြောင့်များ ရှမ်းပြည်နယ်မှာ ဆန်ရှားနေတာလားလို့ တွေးမိပါသေးတယ်။
များမကြာမီ အချိန်မှာတော့ မိုးတွင်းကာလက လက်ပြနှုတ်ဆက် တော့မှာပါ။ နောက်လေး၊ ငါးလဆို အင်းသားတွေအတွက် ကြောက်စရာ အိပ်မက်ဆိုးလို့ ပြောလို့ရတဲ့ နွေရာသီ ရောက်လာဦးမှာပါ။ အင်းထဲမှာ ပုံမှန်ရေခန်းမှာ ဖြစ်သလို သောက်သုံးရေ ရှားပါးမှု ပြဿနာကိုလည်း ကျေးရွာ ၄၀၀ က မလွဲမသွေ ကြုံရပါဦးမယ်။ ဒီလိုကြုံနေရတဲ့ အခက်အခဲ ပြဿနာတွေကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သစ်တောဝန်ကြီးဌာန အစရှိတဲ့ အစိုးရ ဌာနကြီးတွေက အင်းလေးကန် ပြဿနာကို ရှင်းနေကြပေမယ့်လည်း အင်းသားတွေရဲ့ သဘောထား ဆန္ဒကို တောင်းခံမှု၊ အကြံပေးမှုတွေကိုလည်း လက်ခံမှု မရှိဘူးလို့ သိရပါတယ်။ အင်းလေးကန် ထိန်းသိမ်းမှု ပြဿနာက အစိုးရနဲ့ ဒေသခံ အမြင်မတူတော့ပါဘူး။ အစိုးရက ပညာရှင် အားကိုးနဲ့ လုပ်သလို ဒေသခံကလည်း မွေးကတည်းက နေလာတာကြောင့် အင်းအကြောင်း ကောင်းကောင်းသိနေပါတယ်။ ဘာပဲပြောပြော ရာသီစက်ဝန်းရဲ့ လည်ပတ်မှု သဘောတရားအရ နွေရာသီကတော့ ရောက်လာဦးမှာပါ။ နွေရာသီ တစ်လှည့်မှာ နေမင်းရဲ့ ရက်စက်မှုကို တောင်တန်းတွေကို ခံတပ်လုပ်ပြီး အင်းသားတွေ ဘယ်အချိန်ထိ တောင့်ခံနိုင်မလဲ ဆိုတာကတော့။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis