menu

Tuesday 29 October 2013

ရှေးဟောင်းယာဉ် ကိုးစီးဖြင့် မြို့ ၁၃ မြို့သို့ လှည့်လည် သွားရောက်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၈

၁၉၃၀ မှ ၁၉၇၀ ဝန်းကျင်က မော်တော်ယာဉ် များဖြစ်သော ရှေးဟောင်း မော်တော်ယာဉ် ကိုးစီးဖြင့် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၁၃ မြို့နယ်သို့ လှည့်လည် သွားရောက်မည် ဖြစ်ကြောင်း ခရီးစဉ်ကို စီစဉ်သည့် Myanmar Burma Road Classic အဖွဲ့မှ ဒေါ်ခိုင်ဇာနည်က ပြောကြားသည်။

အင်္ဂလန်၊ ဘယ်လ်ဂျီယံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ မော်တော်ယာဉ် အစီးရေ ကိုးစီးကို တစ်စီးလျှင် ယာဉ်မောင်း နှစ်ဦးစီဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့မှစတင်၍ မြို့ ၁၃ မြို့သို့ လှည့်လည် သွားရောက်ပြီး ရန်ကုန်မြို့တွင် အဆုံးသတ်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“ဒီလိုလုပ်ခြင်းဟာ မြန်မာ့ခရီးသွား လုပ်ငန်းရဲ့ ပုံရိပ်ကို တိုးတက်စေသလို ကျွန်တော်တို့ရဲ့  လုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေတယ်။ ပြီးတော့ ဒီအလုပ်က ဘယ်သူမှ မလုပ်သေးတဲ့ အတွက် လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း မော်တော်များဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ နယ်လမ်းများ ဖြစ်သည့်အတွက် ယာဉ်ကြံ့ခိုင်မှုကို စိတ်ချရစေရန် နိုင်ငံခြားမှ စက်ပြင်ဆရာနှစ်ဦးနှင့် မြန်မာနိုင်ငံမှ စက်ပြင် အကူနှစ်ဦးအပြင် ယာဉ်တင် Truck တစ်စီး၊ သူနာပြုယာဉ် တစ်စီးနှင့် နိုင်ငံခြား ဆရာဝန်တစ်ဦးလည်း ပါဝင်ကြောင်း ခရီးစဉ်သို့ လိုက်ပါနေသည့် Essence of Myanmar ခရီးသွားကုမ္ပဏီ တာဝန်ရှိသူ ဦးဝင်းထွန်းက ပြောကြားသည်။

၂၃ ရက်ကြာ လှည့်လည် သွားရောက်မည့် အဆိုပါ ယာဉ်တန်းအဖွဲ့သည် ရန်ကုန်၊ တောင်ငူ၊ နေပြည်တော်၊ ပင်းတယ၊ အင်းလေး၊ ကလော၊ ပုပ္ပါး၊ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မကွေး၊ ပြည်မြို့ တို့ကို လှည့်လည် သွားရောက်မည် ဖြစ်ကြောင်း Myanmar Burma Road Classic အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis