menu

Tuesday 29 October 2013

လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်

Photo: လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်

မန္တလေး အောက်တိုဘာ ၂၈

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နိုဝင်ဘာလမှ စတင်ကာ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

လက်ရှိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေရာ မှ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲသည့်ယူနစ် ၁၀၀ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် တစ်ရာကျပ်ဖြင့် ယူနစ်ငါးထောင်ထိ ကောက်ခံမည် ဖြစ်ပြီး ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး ပေးနေရာက ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် အနည်းဆုံး ၅၀ ကျပ်၊ ကျောက်မီးသွေးဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၀၀ ကျပ်၊ သဘာဝ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၃၀ ကျပ်၊ နေစွမ်းအင်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၆၀ ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အိမ်မှာသုံးစွဲမှုက တစ်လကို ယူနစ်လေးရာ ကျော်တယ်။ ခုက တစ်သောင်း ကျော်လောက်ပဲ ဆောင်ရတာ။ ခုသတ် မှတ်တဲ့ဈေးနဲ့ဆိုရင် ၂၀,၀၀၀ နီးပါး ဆောင်ရတော့မယ်” ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အခြေခံ လူတန်းစား အများစု၏ လစဉ် ဓာတ်အားသုံးစွဲမှုမှာ ယူနစ် ၁၀၀ ဝန်းကျင်တွင်သာ ရှိသဖြင့် ယူနစ်  ၁၀၀ အောက် သုံးစွဲသူများကို ဓာတ်အားခ မြင့်တက်ခြင်းမရှိဘဲ လူလတ်တန်းစားများနှင့် လုပ်ငန်းရှင်များ အတွက်သာ ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။
“မီးစက်သုံးရမယ့် ပမာဏထက် စာရင်တော့ လုပ်ငန်းသုံး အတွက် ဈေးသက်သာတယ် ပြောရမှာပါ။ နွေရာသီမှာလည်း မီးပေးနိုင်တယ်ဆိုတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းလို့ သုံးသပ်ချင်ပါတယ်” ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

မန္တလေးစက်မှုဇုန် တည်ရှိရာ ပြည်ကြီးတံခွန် မြို့နယ်အတွင်း ဓာတ်အား သုံးစွဲမှု ယူနစ်ပေါင်း ၁၆ သန်းခန့် ရှိကြောင်း စက်တင်ဘာလ စာရင်းအရ သိရသည်။
“မီတာခ တက်မယ်ဆိုတာ နှစ်လလောက် ကြိုပြောစေချင်တယ်။ လုပ်ငန်းရှင်တွေက ကုန်ကြမ်းတွေဝယ် လုပ်ရတာဆိုတော့ ဈေးနှုန်းညှိဖို့ အဆင်ပြေအောင်လို့ပါ” ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်မိုးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပုံမှန် မဂ္ဂါဝပ် ၃၀၀ ကျော် သုံးစွဲမှုရှိပြီး မန္တလေးခရိုင်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် သုံးစွဲမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရ သည်။

ယင်းကဲ့သို့ မီတာခများ တိုးမြှင့်လိုက်ခြင်းကြောင့် မီတာဖတ် စာရေးများ ယူနစ်သေချာဖတ်ရန် လိုအပ်ကြောင်း၊ ခန့်မှန်းကောက်ခံပါက မီတာပိုင်ရှင်နှင့် အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေပြီး ကျန် ၇၀ ရာခိုင်နှုန်း ရရှိရေးအတွက် ဓာတ်အားပေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဆိုသည်။ 

ဓာတ်အားခ နှုန်းထားများကို တိုးမြှင့် ပြင်ဆင်ကောက်ခံမည် ဆိုသော်လည်း မီတာ ထိန်းသိမ်း စောင့်ရှောက်ခကိုမူ ငါးရာကျပ်သာ ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ထပ်လောင်း ပြောကြားသည်။

THe Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis