menu

Tuesday 29 October 2013

တရုတ်ကအင်အားသုံးလာပါက ဂျပန်အနေဖြင့် တုံ့ပြန်ရန်အသင့်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ်သတိပေး


AFP

အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ပထ၀ီနိုင်ငံရေးအကျိုးစီးပွားတွင် အင်အားသုံးခြင်းကို ဦးစားပေးမည်ဆို ပါကဂျပန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံကိုတုံ့ပြန်ရန်အသင့်ရှိကြောင်း စနေနေ့ကထုတ်ဝေခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကပြောခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက် က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

“ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးမျက်နှာစာမှာသာမက အာရှ-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနယ်ပယ်မှာလည်း ခေါင်းဆောင်မယ်လို့ မျှော်လင့်ထားကြောင်း ကျွန်တော်သဘောပေါက်ပါတယ်” ဟု ယခုလအတွင်း ဒေသတွင်းခေါင်းဆောင်များနှင့်အတူ ထိပ်သီးဆွေးနွေးပွဲများတက်ရောက်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ် အာဘေးက Wall Street ဂျာနယ်ကို ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၁၅ နှစ်ကျော်အတွင်း ဂျပန်နိုင်ငံသည် ပြည်တွင်းရေးကိုသာ အဓိကအာရုံစိုက်ခဲ့သော်လည်း၊ ဂျပန်စီးပွားရေးအင်အား ပြန်လည်တောင့်တင်းလာသည်နှင့်အမျှကမ္ဘာကြီး ပိုမိုကောင်းမွန်သောနေရာ တစ်ခုဖြစ်လာအောင် ပြုလုပ်ရေးတွင်လည်း ပိုမိုအားထည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီး ချုပ်က ပြောခဲ့သည်။



ဂျပန်အနေဖြင့် ပိုမိုပါဝင်ကာအားထည့်ဆောင်ရွက်သွားမည်ဆိုခြင်းမှာ အာရှဒေသတွင်တရုတ်ကိုတန်ပြန် နိုင်အောင် ဆောင်ရွက်ခြင်းလည်းပါဝင်ကြောင်း ၀န်ကြီးချုပ်ကပြောခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ တရားဥပဒေတွေကိုလိုက်နာပြီး ဆောင်ရွက်ရမယ့်အစား၊ အင်အားသုံးပြီးတော့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ကြိုးစားမှာလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။ တကယ်လို့ တရုတ်နိုင်ငံအနေနဲ့ အဲဒီလမ်းကိုရွေးမယ်ဆိုရင်တော့ တရုတ်နိုင်ငံလည်း ငြိမ်းငြိမ်းချမ်းချမ်းကျော်လွှား သွားနိုင်မှာမဟုတ်ပါဘူး” ဟု အာဘေးကဆိုခဲ့သည်။

“ဒါကြောင့် တရုတ်အနေနဲ့ အဲဒီလမ်းကြောင်းကိုမရွေးသင့်ပါဘူး။ ပြီးတော့ ဂျပန်အနေနဲ့ အဲဒီအမြင်ကို ခိုင်ခိုင်မာမာ ထုတ်ဖော်ပြသဖို့ နိုင်ငံတော်တော်များများကလည်း မျှော်လင့်ထားကြပါတယ်။ ဒါဆိုရင် ရလဒ်တစ်ခုအနေနဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ တာဝန်ခံမှုရှိရှိ ပြုမူလာလိမ့်မယ်လို့ နိုင်ငံတော်တော်များများက မျှော်လင့်ထားကြပါတယ်” ဟု အာဘေးက ဆိုခဲ့သည်။

အရှေ့ တရုတ်ပင်လယ်အတွင်းတွင် ကျွန်းစုတစ်ခုအားတရုတ်နှင့်ဂျပန်တို့ ပိုင်ဆိုင်မှုအငြင်းပွားရာမှလွန်ခဲ့ သည့် တစ်နှစ်ကျော်ကတည်းက တရုတ်-ဂျပန်ဆက်ဆံရေး ထိခိုက်သွားခဲ့ရသည်။ ဆန်ကာကူ (Senkaku) ကျွန်းစုဟု ဂျပန်နိုင်ငံကခေါ်ဆိုကာ စီမံခန့်ခွဲနေသည့် လူမနေသောထိုကျွန်းစုအား တရုတ်နိုင်ငံ ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။ ထိုကျွန်းများကို တရုတ်နိုင်ငံတွင် ဒီအောင်ယူ (Diaoyu) ကျွန်းစုဟု ခေါ်ဆိုသည်။

ဝန်ကြီးချုပ်တစ်ဦးအဖြစ် ရှင်ဇိုအာဘေးပထမဆုံးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များထဲတွင် ဂျပန်၏ ကာ ကွယ်ရေးဘတ်ဂျက်ကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်တိုးမြှင့်ရန် ဆုံးဖြတ်ချက်လည်း ပါဝင် သည်။

ဂျပန်သည် ထိုကျွန်းစုကာကွယ်ရေးအခြေအနေအား တောင့်တင်းအောင်ပြုလုပ်သည့်အနေဖြင့် ဝေဟင် နှင့်ရေပြင် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို နိုဝင်ဘာလတွင်ပြုလုပ်ရန်စီစဉ်ထားရာ တရုတ်နိုင်ငံကို ရည်ရွယ် ၍ဂျပန်စစ်အင်အားပြသမှုတစ်ရပ် ဖြစ်လာပေမည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis