menu

Tuesday 29 October 2013

လွန်ခဲ့သည့် ၁၉ နှစ်က ပေးအပ်ထားသည့် ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

Photo: လွန်ခဲ့သည့် ၁၉ နှစ်က ပေးအပ်ထားသည့် ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့တွင် ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုကို လက်ခံရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ချီးမြှင့်ခံထားရပြီး ၁၉ နှစ်အကြာတွင်မှ လက်ခံရယူ နိုင်ခဲ့ခြင်းဖြစ်သည်။

ရောမမြို့တော်ဝန် Ignazio Marino က ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားထားခဲ့ရာ၌ ''ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ရောမမြို့တော်သူအဖြစ် ပေးအပ်ခဲ့တာ အခုဆိုရင် ၁၉ နှစ် ကြာမြင့်နေခဲ့ပါပြီ။ ဒီနေ့တော့ လွတ်လပ်တဲ့ အမျိုးသမီး တစ်ဦးကို ဒီဆုကို ပေးအပ်နိုင်ခဲ့ပါပြီ'' ဟု ရေးသားထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ဆယ်စုနှစ် နှစ်ခုကြာ နေထိုင်ခဲ့ရပြီး အဆိုပါဆုကို ၎င်းအကျယ်ချုပ် ကျခံနေရချိန်တွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ''ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ကြိုးစားအားထုတ် မှုတွေကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်'' ဟု မြို့တော်ဝန်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆုပေးပွဲ အခမ်းအနားသို့ အီတလီ ဘောလုံးသမား ရောဘတ်တို ဘက်ဂီယိုလည်း တက်ရောက်ပြီး ချီးကျူးစကား ပြောကြားခဲ့သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည့် ဘက်ဂီယိုသည် သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံသား ဘောလုံးပရိသတ် အများစု ချစ်ခင်နှစ်သက်ကြသည့် ကစားသမား တစ်ဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗာတီကန် နန်းတော်တွင် ပုပ်ရဟန်းမင်းကြီး Francis နှင့်လည်း အောက်တိုဘာ ၂၈ ရက်တွင် တွေ့ဆုံရန် ရှိကြောင်း သိရသည်။

(ဆုလက်ခံ ရယူနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့တော်ဝန်၊ မြို့တော်ဝန်ဟောင်းနှင့် ကမ္ဘာကျော် ဘောလုံးသမား ရောဘတ်တိုဘတ်ဂီယို တို့နှင့်အတူ တွေ့ရစဉ် (Photo:AFP))

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis