menu

Tuesday 29 October 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားများ၏ အကျိုးစီးပွား

8.1.1

မုံရွာမြို့အနီးရှိ ကြေးနီထုတ်လုပ်မည့် လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ် အတွင်းက ရန်ကုန်မြို့မှာရှိတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ပြုလုပ်တဲ့ သတ္တုတူးဖော်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ သြစတြေးလျ ပညာရှင် အချို့ရဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်မှုတွေအပေါ် အကြံပြုချက်တွေက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
သြစတြေးလျ ပညာရှင်တွေက အကြံပြုချက်
သြစတြေးလျ ပညာရှင်တွေက သတ္တုတူးဖော်ရေး ဥပဒေ ရေးဆွဲတာနဲ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာမှာ နိုင်ငံခြားငွေ ရရှိရေးထက် နိုင်ငံနှင့် နိုင်ငံသားတွေ အတွက် အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲဖို့ လိုအပ်ပြီး အကျိုးစီးပွား ထုတ်ယူဖို့သာ လုပ်ဆောင်တဲ့ စီးပွားရေး ကုမ္ပဏီတွေထက် ရေရှည်တည်တံ့တဲ့ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်သင့်တယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေ ထူထောင်လုပ်ကိုင်ဖို့ ခွင့်ပြုရာမှာ အရေးကြီးတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထည့်သွင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ဖြစ်ဖို့လိုအပ်ပြီး နိုင်ငံတကာ စီးပွားရေး စံနှုန်းတွေကို ဘယ်လောက်ထိ လိုက်နာနေသလဲဆိုတာ လေ့လာအကဲဖြတ်ဖို့ လိုအပ်တယ်လို့ သြစတြေးလျ ပညာရှင်တွေက အကြံပြုခဲ့တယ်လို့ မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။
အခုလို အကြံပြုချက်တွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံ အတွက် ကောင်းမွန်တဲ့ အကြံပြုချက်တွေဖြစ်ပြီး သတ္တုတူးဖော်ရေး ကဏ္ဍအပြင် အခြားပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတွေ ခွင့်ပြုရာမှာ သတိပြုသင့်တဲ့ အချက်တွေလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ယခင်အစိုးရ လက်ထက်မှာ ခွင့်ပြုထားခဲ့ရတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အချို့မှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိခြင်းနဲ့ ဒေသခံ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အပြည့်အ၀ ထည့်သွင်း မတွက်ချက် ခဲ့တာတွေကြောင့် ယနေ့အထိ ဆန္ဒထုတ်ဖော်မှုတွေ၊ ကန့်ကွက်မှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ထိပ်ဆုံးက တရုတ်
လက်ရှိအမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အောက်တိုဘာ လကုန်အထိ ရရှိထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံ စာရင်းမှာတော့ တရုတ်နိုင်ငံဟာ လုပ်ငန်းပေါင်း ၅၀ တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်နဲ့ နံပါတ်တစ် နေရာက ဦးဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်ပရင်းနှီး မြှုပ်နှံမှုအားလုံးရဲ့ ၃၂ ဒသမ ၄၈ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်က ပမာဏ များနေတယ် ဆိုသော်လည်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးကဲ့သို့ ပမာဏများစွာ ရင်းနှီးလုပ်ကိုင်ရတဲ့ နိုင်ငံတော် ပရောဂျက် များတွင်သာ အဓိကရင်းနှီး မြှုပ်နှံထားတာဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းကဲ့သို့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပါတယ်။ တရုတ်အနေနဲ့ လက်ရှိအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံတွင်းရှိ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ရသလို လုပ်ငန်းစတင် လည်ပတ်နေပြီဖြစ်တဲ့ မြန်မာ-တရုတ် ရေနံပိုက်လိုင်းနဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေနဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို ဆက်တိုက်ရင်ဆိုင် နေရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကလည်း ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေ အတွက် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အရင်ကလို လူတစ်စု သဘောတူရုံနဲ့ လုပ်ကိုင်ခွင့်ရဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို ညွှန်ပြခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ ကျောက်ဖြူမှ ကူမင်းအထိ ဖောက်လုပ်မယ့် ရထားလမ်း တည်ဆောက်ရေး စီမံကိန်းဟာလည်း တရုတ်နိုင်ငံ အနောက်ပိုင်းအတွက် အိန္ဒိယ သမုဒ္ဒရာဘက်သို့ ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံကို ဖြတ်ကျော် ဖောက်လုပ်မယ့် စီမံကိန်း ဖြစ်ပေမယ့် လက်ရှိမှာတော့ လေ့လာဆဲ အဆင့်သာ ရှိနေသေးတာ ဖြစ်သလို ဆက်လက် အကောင်အထည် မဖော်ဖို့အတွက် ဒေသခံတွေက တောင်းဆိုမှုတွေ ရှိနေဆဲပါ။
လက်ဝါးရိုက် လုပ်ငန်းတွေ ထပ်မဖြစ်ဖို့
အဆိုပါ စီမံကိန်းတွေကို ဒေသခံတွေက ဘာကြောင့် ကန့်ကွက်နေကြတာကို ဆန်းစစ်ကြည့်မယ်ဆိုရင် စီမံကိန်း အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်တာကြောင့် ဆိုတာထက် လုပ်ငန်းလုပ်ပိုင်ခွင့် ရယူခဲ့ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်း၊ ဒေသခံတွေအတွက် အရေးကြီးတဲ့ နိုင်ငံတကာ စံနှုန်းရှိတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဝန်းကျင်ဆိုင်ရာ လေ့လာထိန်းသိမ်းရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲမှု အားနည်းခြင်း၊ ဒေသခံတွေရဲ့ အကျိုးစီးပွား တစ်နည်းအားဖြင့် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အရေးကြီးတဲ့ အချက်အနေနဲ့ ထည့်မတွက်ခဲ့ခြင်း (ဥပမာ-လျော်ကြေး အနည်းငယ်သာပေးကာ နှစ်သိမ့်ခြင်း) အပါအ၀င် အဓိကအားဖြင့် စီမံကိန်းတွေရဲ့ ဦးတည်ချက်မှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ အတွက် ရေရှည် အကျိုးစီးပွားကို ဦးတည်ချက် ဆိုတာထက် ယင်းတို့ အကျိုးစီးပွားအတွက် ဦးစားပေးပြီး လုပ်ပိုင်ခွင့် ချပေးနိုင်သူတွေနဲ့ လက်ဝါးရိုက်ပြီး လုပ်ဆောင်ခဲ့မှု တွေကြောင့်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။ လုပ်ကိုင်ခွင့်ကို မည်သို့မည်ပုံ ပေးလိုက်မှန်း မသိရတဲ့ ဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်လို့ မရပါဘူး။ ဒီလိုအားနည်းခဲ့ရတဲ့ အချက်တွေကို ပြုပြင်ဖို့ လိုအပ်သလို အရင်တုန်းက အခြေအနေမှာ ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ကိုင်စေဖို့ ထိန်းကျောင်းဖို့ လိုအပ်ပါတယ်။ ထပ်မံခွင့်ပြုမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ခွင့်ပြုရာမှာလည်း ဒီလိုအချက် အလက်တွေကို ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်။

ဒီလိုအားနည်းခဲ့ရတဲ့ အချက်တွေကို ပြုပြင်ဖို့ လိုအပ်သလို အရင်တုန်းက အခြေအနေမှာ ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ကိုင်စေဖို့ ထိန်းကျောင်းဖို့ လိုအပ်ပါတယ်။ ထပ်မံခွင့်ပြုမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ခွင့်ပြုရာမှာလည်း ဒီလိုအချက် အလက်တွေကို ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်...
ရွေးချယ်စရာ ရှားခဲ့တယ်
အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ စီးပွားရေး တံခါးကို ကျယ်ကျယ်ဖွင့်ဖို့ ကြိုးစားလာခဲ့မှုကြောင့် နိုင်ငံများစွာက မတို့မထိရသေးတဲ့ စီးပွားရေး အခွင့်အလမ်း များစွာရှိနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ စိတ်ဝင်စားလာ ကြပါတယ်။ ယခင်က စီးပွားရေးအရ အဆက်အဆံ မရှိသလောက် ဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန် အပါအ၀င် ဥရောပနိုင်ငံ များကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်စားလာ ကြပါတယ်။
ဂျပန်လာပြီ
တစ်ချိန်က မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့တွေ အများကြီး ပေးခဲ့ပြီး ၁၉၈၈ အာဏာသိမ်း အစိုးရ လက်ထက်မှာ ဆက်ဆံမှု လျော့နည်းခဲ့တဲ့ ဂျပန်နိုင်ငံဟာ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ကဏ္ဍစုံမှာ တိုးချဲ့လာခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ပထ၀ီ အနေအထားအရ အချက်အချာကျပြီး ဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံစရာ စီးပွားရေး အကွက်အကွင်းတွေရှိနေတယ် ဆိုတာကို တွေ့ရှိလာပြီးနောက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျပန်နိုင်ငံဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လာရောက် လေ့လာမှုတွေ အများအပြား ရှိနေတယ်လို့ သိရပြီး တရားဝင် ထုတ်ပြန်ချက်တွေအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပြည်ပခရီးသွား ၀င်ရောက်မှု စာရင်းမှာ ဂျပန်နိုင်ငံသားတွေက ဒုတိယ အများဆုံး ပါဝင်နေပြီး အများစုဟာ စီးပွားရေး လုပ်ငန်းတွေ လေ့လာလုပ်ကိုင်ဖို့ လာရောက်ကြတာ ဖြစ်ပါတယ်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း
လက်ရှိဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ လုပ်ငန်းပေါင်း ၃၇ ခုတွင် အမေရိကန်ဒေါ်လာ ၂၇၄ သန်းနဲ့ ပြည်ပရင်းနှီး မြှုပ်နှံမှု စာရင်းရဲ့ နံပါတ် ၁၁ နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ ၀ ဒသမ ၆၃ နေရာမှာ ရှိနေပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် တိုးချဲ့လာဖို့ အလားအလာတွေ ရှိနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်အနေနဲ့ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေဟာ အထည်ချုပ် လုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားပေမယ့် စက်မှုလယ်ယာလုပ်ငန်း၊ ခရီးသွား ပို့ဆောင်ရေးလုပ်ငန်း၊ ကားဝန်ဆောင်မှု စင်တာ လုပ်ငန်းများ အပါအ၀င် စီးပွားရေး ကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံဖို့ ရှိနေသလို မကြာမီ ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်တွင် အကောင်အထည်ဖော် စတင်တော့မယ် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဂျပန်နိုင်ငံ အတွက် မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားတဲ့ စီမံကိန်း တစ်ခုဖြစ်ပြီး အခြခံ အဆောက်အအုံ တည်ဆောက်ရေးမှာပင် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ သီလ၀ါ ဆိပ်ကမ်းကို ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ကိုယ်တိုင် လာရောက်လေ့လာခဲ့ပြီး ယင်းစီမံကိန်းကို မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ သူများက ၅၁ ရာခိုင်နှုန်း၊ ဂျပန်ရင်းနှီး မြှုပ်နှံသူများက ၄၉ ရာခိုင်နှုန်းဖြင့် ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မယ့် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမယ့် ဂျပန်ဘက်က Japan Thilawa SEZ Company Limited တွင် ဂျပန်ထိပ်တန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Marubeni, Mitsubishi, Sumitomo စတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်မှာဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ဂျပန်ပါဝင်လာဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုအပြင် ကူညီမှုပါ
ဂျပန်နိုင်ငံရဲ့ ထူးခြားမှုကတော့ စီးပွားရေး အကျိုးအမြတ်အတွက် ရင်းနှီးမြှုပ်နှံမှုအပြင် မြန်မာအတွက် ယခင်တင်ရှိနေတဲ့ ချေးငွေများ လျှော်ပေးရာတွင် ကူညီဆောင်ရွက်ပေးခြင်း၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ ဘီလျံနဲ့ချီပြီး မြန်မာကို ချေးငှားပေးတဲ့အပြင် မြန်မာတက္ကသိုလ်များနှင့် ဂျပန်တက္ကသိုလ်များ အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၊ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီမှု အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက် ပေးခြင်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မယ့် ကုန်ထုတ်လုပ်ငန်း (ဥပမာအားဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်မှာတင် သောင်းနဲ့ချီတဲ့ လုပ်သားတွေကို အလုပ်ပေးနိုင်) ၀န်ဆောင်မှု လုပ်ငန်းတွေမှာ ဂျပန်ရင်းနှီး မြှုပ်နှံလာမှုဟာ စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်း များနေတဲ့ မြန်မာအတွက် ဂျပန်ဟာ ရွေးချယ်စရာ ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံ ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တဲ့ တရုတ်တို့ အတွက် ယှဉ်ပြိုင်ဘက် ဖြစ်လာမလား ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဗျူဟာမတူကြတဲ့ နှစ်နိုင်ငံ
လက်ရှိ အနေအထားမှာတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုင်း လိုလိုဟာ ယင်းတို့ နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေကို ထောက်ပံ့ပေးနိုင်တဲ့ လုပ်ငန်းမျိုးတွေသာ ဖြစ်နေပြီး (ဥပမာအားဖြင့် ယင်းတို့ အရေးတကြီး လိုအပ်နေတဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် အရှေ့အလယ်ပိုင်း ဒေသက ရေနံကို မြန်မာ-တရုတ် ရေနံပိုက်လိုင်းမှတစ်ဆင့် သယ်ပို့နိုင်မှု၊ ရေအားလျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်းများမှ ဓာတ်အားကို တရုတ်သို့ သယ်ပို့ဖို့စီစဉ်မှု) အခြားကုန်ထုတ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးနေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက ချေးငွေတွေ ရယူတဲ့ အခါမှာလည်း ယင်းချေးငွေနဲ့ ပြုလုပ်မယ့် စီမံကိန်းတွေမှာ တရုတ်ကုန်ပစ္စည်းတွေကို အဓိက ၀ယ်ယူအသုံးပြု ရမယ်ဆိုတဲ့ အချက်တွေကို ငွေချေးစာချုပ်မှာ ထိုးပေးရလေ့ ရှိပါတယ်။ ဂျပန်ကတော့ လုပ်သားအင်အားရှိပြီး၊ လူဦးရေ သန်း ၆၀ နဲ့ အာရှရဲ့ ၀ယ်လိုအား ဈေးကွက်သစ် ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံမှာ ဘက်စုံကဏ္ဍစုံ ရင်းနှီးမြှုပ်နှံဖို့ အားထုတ်လာတာ တွေ့ရပါ တယ်။ ဂျပန်ရဲ့ ချေးငွေကတော့ အတိုးနှုန်း သက်သာပြီး ကူညီထောက်ပံ့မှု ချေးငွေဖြစ်တာကြောင့် ယခုနောက်ပိုင်း ဂျပန်ချေးငွေနဲ့ ပြုလုပ်မယ့် စီမံကိန်း အများအပြား ရှိလာတာ တွေ့ရပါတယ်။ လက်ရှိနှစ်နိုင်ငံရဲ့ ဈေးကွက်ဗျူဟာ မတူညီမှုကြောင့် စီးပွားရေး ယှဉ်ပြိုင်ဘက် ဖြစ်လာဖို့ အခြေအနေ မရှိသေးပေမယ့် သီလ၀ါ အထူးစီးပွားရေးဇုန် အပါအ၀င် ကုန်ထုတ်လုပ်ငန်းတွေ အကောင်အထည် ပေါ်လာမယ် ဆိုပါက မြန်မာနိုင်ငံအနေနဲ့ သဘာဝ သယံဇာတ ကုန်ကြမ်းတွေ ရောင်းချဝင်ငွေ ရှာနေရတဲ့ အခြေအနေမှ ကုန်ချောတွေ ထုတ်လုပ်တင်ပို့နိုင်မယ့် စီးပွားရေး အခင်းအကျင်း ရောက်လာပါက ဂျပန်အပါအ၀င် အခြားနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ယှဉ်ပြိုင်နိုင်လာဖွယ် ရှိပါတယ်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis