menu

Sunday 7 October 2012

ပွဲလှရုံသက်သက်(နန္ဒ၀င်း (ဆေး-၁))




thn-10-7-1
for-show ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ကျွန်တော်ဘာသာပြန်ဆိုလိုက်တော့ ပွဲလှရုံသက်သက်လို့ ပြန်မိပါ တယ်။ ရုပ်ပြရုံအမှန်တကယ် အနှစ်သာရရှိရှိ ပြုလုပ်ခြင်းမဟုတ် တဒင်္ဂကာလလေးအတွက်သာ အဆင်ပြေစေပြီး ရေရှည်အကျိုးမရှိစေသော ဆေးမြီးတိုနှင့်တူသော လိမ်လည်သည့်လုပ်ရပ် စသည်ဖြင့် ထပ်မံအကျယ်ချဲ့ဖွင့်ဆိုမည်ဆိုရင် ဆိုနိုင်ပါသေးတယ်။ တစ်ခေတ်တစ်ခါက ဆိုတာကြားဖူးခဲ့ပါတယ်။ အဌာရသ(၁၈)ရပ်တတ်စရာမလိုပါဘူး။ခွင်ရယ်၊လမ်းကြောင်းရယ်၊အထာရယ် for show  ရယ် တတ်ရင် အဆင်ပြေတယ်လို့ ဆိုရလောက်အောင်ကို for show  ကိစ္စတွေဟာ အရေးပါခဲ့ပါတယ်။ ဖြစ်ချင်တော့ အလိမ်ခံနေရသူတွေကိုယ်တိုင်ကလည်း သိသိကြီးနဲ့ကို ဒီကလေးတွေ ငါ့ကိုလေးစားလွန်းလို့ လုပ်ထားတာပဲဆိုကာ ဘ၀ရှင်မင်းတရားကြီးစိတ်နှင့် ပေးသမျလက်ဆောင်ယူ ကျွေးသမျှ အကုန်စားပြီး ကောင်းပါသည် ကောင်းပါသည်ဆိုပြီး လူလိမ်လက်ခံတွေ လုပ်ကြပါတယ်။
လူကြီးလာမှ မြောင်းရှင်း၊လူကြီးလာမှ အလုပ်လုပ်ပြ၊ လူကြီးလာမှ ပစ္စည်းစုံခင်းကျင်းပြ အဲသည်လိုနှင့် ကြာလာတော့လည်း ကျွန်တော်တို့တိုင်းပြည်ဟာ လက်တွေ့ဘ၀မှာ ကြုံနေရသလို အားလုံးရဲ့နောက်တန်းမှာ တွဲခိုနေရတဲ့အဆင့်ကို ရောက်သွားရတော့တာပါပဲ။
ခုခေတ် အစိုးရတက်လာတော့ သမ္မတကြီးက clean government, good governance ရယ်လို့ ဆိုလာပါတယ်။ ကျွန်တော်ကတော့ အဲဒါတွေအပြင် သမ္မတကြီးဟာ ပွင့်လင်းမြင်သာပြီး ရိုးသားတယ်လို့ ခံစားမိပါတယ်။ သူဟာ ပြည်သူကိုလည်း မလိမ်တတ်သလို ကျွန်တော်တို့ ပြည်သူတွေလိမ်တာကိုလည်း နှစ်သက်လိမ့်မယ်လို့ မထင်မိပါဘူး။ ကိုယ့်အကြီးအကဲကို အားကျကြည်ညိုတဲ့စိတ်နှင့် ကျွန်တော်ကိုယ်တိုင်လည်း ဟိုးအရင်တုန်းက အခြေအနေအရ လုပ်ခဲ့ရတဲ့ for show လုပ်ရပ်တွေ ကို လုံးဝလောက်နီးပါးစွန့်ပစ်ပြီး စနစ်တကျနှင့် စည်းကမ်းမှန်လမ်းကြောင်းအတိုင်း လျောက်လှမ်းနိုင်အောင် ကြိုးစားနေခဲ့ပါတယ်။ for show တွေနှင့် ထူးထူးဆန်းဆန်း လုပ်ကွက်တွေဟာ တဒင်္ဂအောင်မြင်မှုဆီကိုသာ တွန်းပို့တတ်ပြီး ရေရှည် အလုပ်မဖြစ်ပါဘူး။ နေရာတစ်ခုရောက်ရင် ရှေ့ဆက်တိုးလို့ကို မရတော့ပါဘူး။ ပိတ်မိသွားတတ်တဲ့ သဘောရှိပါတယ်။ အမြဲတမ်းအောင်မြင်မှုကို မပေးပါဘူး။ အဲဒီလိုနေရာမျိုးကိုရောက်ရင် ရှေ့ဆက်ရမည့်နည်းလမ်းက အရင်ထက်ကြီးတဲ့ for show လုပ်ငန်းနှင့် အရင်ထက် ပိုဆန်းကြယ်တဲ့ လုပ်ပြကွက်တွေ လုပ်ကြမှပဲ အောင်မြင်မှုအတိုင်းအတာက အရင်ကာလကို ပြည့်မီတတ်ပါတယ်။ တစ်ခါတလေ ဘယ်လောက်လုပ်လုပ် မဖြစ်တော့တာကိုတောင် တွေ့ရပါတယ်။ အနီးစပ်ဆုံး  ဥပမာပြောရရင် နယ်လှည့်အခမဲ့ဆေးကုပေးတယ်ဆိုပြီး မသိမသာရော သိသိသာသာပါမဲဆွယ်တာဟာ ၂၀၁၀ ရဲ့ မဟာသြသဓဆေးတော်ကြီးအလား ဖြစ်ခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအတွက်တော့ တိုးလို့မပေါက် သုံးလို့ကိုမရခဲ့ပါဘူး။

for show တွေနှင့် အနှစ်မပါတဲ့ ညွှန်ကြားချက်တွေကို ယနေ့ခေတ်မှာ မလိုတောပါဘူး။ လေ့လာဖို့ အချိန်ပေးကြပါဦးလို့ ဆိုဦးမှာလား။ မပေးနိုင်တော့ပါဘူး။ အချိန်တွေပေးခဲ့တာ ကြာပါပြီ။ မတတ်တဲ့သူ မလုပ်နိုင်တဲ့သူ ဘေးဖယ်ပေးသင့်ပါပြီ။ သူတို့တွေ နားလည်တတ်ကျွမ်းလာဖို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို မစတေးသင့်တော့ပါဘူး။



မကြာသေးခင်ကမှ ကျွန်တော်ပျောက်ကွယ်သွားပြီလို့ထင်တဲ့ for show လုပ်ရပ်တွေ မတိမ်ကောသေးဘူးဆိုတာ အံ့သြဖွယ်ကြားလိုက်ရပါတယ်။ လူတစ်စုဟာ ဆေးရုံတစ်ခုကိုလာ သွေးခံအိတ်ထဲကိုဆီးဖျော်ရည်တွေဖျော်ထည့်(အရောင်နုနေလို့ကျွန်း ရွက်ထောင်းထည့်မယ့်သူတောင် ရှိတယ်ဆိုပဲ) အပ်ဖုံးကို မချွတ်လက်မှာ ပလာစတာနှင့်ကပ် (အပ်ဖုံးမပေါ်စေနဲ့တဲ့) ကုတင်ပေါ်လှဲလျောင်းပြီး သွေးလှူတဲ့ပုံ ရိုက်သတဲ့။ ပြီးတော့ လူနာတစ်ဦးရဲ့ကုတင်နားသွား သွေးသွင်းနေပုံရိုက် (ငွေငါးထောင်ပေးသွားတယ် ဆိုပါတယ်) ဆေးရုံဝန်ထမ်းတွေရော ဘေးကရှိတဲ့ ပြည်သူတွေပါ ရင်သပ်ရှုမော တအံ့တသြနှင့်ကို ကျန်ခဲ့ပါတယ်။ လုပ်ကိုင်သွားကြတဲ့ အဖွဲ့ကိုလည်း အားလုံးမယုံကြည်ကြတော့ပါဘူး။ ကျန်တဲ့ သူတို့လုပ်တဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကိုတောင် ဘာတွေလိမ်နေပါလိမ့်ဆိုတဲ့ အမြင်ပဲရှိကြပါတော့တယ်။ သူတို့အဖွဲ့နှင့် အလုပ်တွဲလုပ်လုပ်ဖို့ကို ရှက်တယ်လို့ ကွယ်ရာမှာ ဆိုကြပါတယ်။ ရေရှည်လုပ်ငန်းတွေကို အများကြီးထိခိုက်ပါတယ်။ ခေါင်းဆောင်သူဆိုတာ တဒင်္ဂမဟုတ်ဘူး အရှည်ကိုမြှော်တွေးသင့်ပါတယ်။တစ်ခါက မြို့နယ်ဆရာဝန်တစ်ဦး သူ့အောက်က တိုက်နယ်တစ်ခုကို ပြဿနာတစ်ခုရှင်းပေးဖို့သွားပါတယ်။ အသွားမှာ ရာသီဥတုက အေးအေးဆေးဆေးပေမယ့် အမှုကို ဖြေရှင်းပြီးချိန်မှာ မိုးကရွာလာပါပြီ။ အဲဒီနယ်က လမ်းတွေဟာမိုးရွာရင် ချောနေပြီး ဆိုင်ကယ်စီးမရတော့ပါဘူး။ ၀န်ထမ်းအားလုံးက သူ့ကို မပြန်ဖို့ အကြောင်းပြောပါတယ်။  ခေါင်းမာတဲ့ပုဂ္ဂိုလ်က ရအောင်ပြန်သွားပါတယ်။ ဆိုင်ကယ်ကို တွန်းရင်းတောင်လဲသေးတယ် ပြောပါတယ်။  ဆိုင်ကယ်သမားက တွန်းရင်းလဲနေချိန်မှာ အဲဒီမြို့နယ်ဆရာဝန်က လမ်းပေါ်မှာ ချော်မလဲရအောင် လေးဘက်တောင် ထောက်သွားခဲ့ရတယ်လို့ဆိုပါတယ်။ မြို့ရောက်တော့ သူကဆိုပါတယ်။ ငါတောင်ဖြစ်အောင်သွားသေးရင် ကိစ္စရှိလို့ မိုးတွင်းကြီးသူတို့ တက်လာရမယ်ဆိုလည်း ဖြစ်အောင်လာပါစေတဲ့။ ငါနားခဲ့ရင် နောက်နောင် ကိစ္စရှိလို့ရှိရင် အရင်ဆရာကြီးလာတုန်းကတောင် ပြန်လို့မရဘူးလေ လမ်းတွေမကောင်းတာ ဆရာကြီးလည်းသိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကျွန်မတို့ မလာတာပါလို့ ဆိုနေဦးမယ် ခုတော့သူတို့ မဖြစ်ဖြစ်အောင်လာရပြီလို့ သူကဆိုပါတယ်။ ခေါင်းဆောင်ဆိုတာ ငယ်သားတွေအတွက် စံပြပါပဲ။ အောက်လက်ငယ်သားတွေရဲ့ ယုံကြည်မှုရှိမှ မောင်းနှင်လို့ရမှာပါ။ မိမိကလည်း အထက်ကို လိမ်နေရင် မိမိကိုလည်း အောက်လက်က လိမ်ကြမှာပါပဲ။ကျွန်တော်ကတော့ ကျွန်တော့် တပည့်တွေကိုမှာထားပါတယ်။ ငပေါဖြစ်ချင်လားဆိုတော့ သူတို့က မဖြစ်ချင်ပါဘူးတဲ့။ အဲဒါဆိုရင် ငပေါတပည့်ကော ဖြစ်ချင်လားဆိုတော့ ပိုလို့တောင် မဖြစ်ချင် ပါဘူးပေါ့။ ခင်ဗျားတို့က ကျွန်တော့်ကို လိမ်နေကြရင် ကျွန်တော်ကငပေါ ဖြစ်ပြီပေါ့ ခင်ဗျားတို့ကလည်း ငပေါတပည့်တွေ ဖြစ်ပြီပေါ့လို့ ပြောလိုက်ပါတယ်။ အဲဒီကတည်းက အလိမ်နည်းသွားကြပါတယ်။ ကိုယ်က for show ဆိုရင် သူတို့ကလည်း ကိုယ့် ကို for show ပါပဲ။
ခေါင်းဆောင်တစ်ယောက်ကို အောက်လက်ငယ်သားတွေ လေးစားစံပြဖြစ်ဖို့ နောက်ထပ်လိုအပ်ချက်တစ်ခုက တတ်ကျွမ်းနားလည်ခြင်းနှင့် ရိုးသားမှန်ကန်စွာ လမ်းညွှန်မှုပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တချို့သော ခေါင်းဆောင်တွေဟာ လူစုံတော့မှ ဂုဏ်ပြချင်တတ်ကြပါတယ်။ ငါကဒီလိုကွ ဆိုတာကို လူထူမှခေါင်းထောင်ပြတတ်ပါတယ်။ ဘာသာရပ်ကို ပိုင်နိုင်တဲ့သူတွေမှာ အကြောင်းမဟုတ်ပေမယ့် ဘာသာရပ်နိုင်မှုမရှိတဲ့သူတွေအတွက် လူရယ်စရာဖြစ်တတ်ပါတယ်။ ရေသန့်စက်ရုံကို လာစစ်တဲ့ တာဝန်ရှိသူတစ်ယောက်က အေးအေးကောင်းလိုက်တာ စံ (၇) ဟုတ်လား ကြိုးစားနော် နောက်ဆို စံ (၈) တို့ (၉) တို့ ထိရောက်အောင် ဆိုတာမျိုးပေါ့။ ဒါကမှသူ့ရဲ့ နားမလည်မှုကို ခွင့်လွှတ်လို့ရသေးပေမယ့် တချို့ကျတော့ မှာကြားချက် ကဟုတ်မလိုနှင့် လိုက်နာဖို့ ခက်ခဲတတ်တာလည်း တွေ့ရတတ်ပါတယ်။ ဒေသကြီးတစ်ခုရဲ့ မြို့နယ်ဆေးရုံတစ်ခုကို အဲဒီဒေသကြီးရဲ့ လူမှုရေးရာ တာဝန်ရှိသူတစ်ဦး စစ်ဆေးဖို့ ရောက်လာပါတယ်။ ဆေးရုံထဲကို ပတ်ကြည့်ရင်း အဲဒီဆေးရုံမှာ မြွေပွေး ကိုက်လူနာ (၃-၄) ဦးလောက် ရှိနေတာကို တွေ့သွားပါတယ်။ သက်ဆိုင်ရာ ဆရာဝန်က လူနာတွေရဲ့ အခြေအနေတွေကို ရှင်းပြပြီး သူတို့အားလုံးဟာ မြွေပွေးကိုက်ခံရပြီး လေးနာရီအတွင်း ဆေးရုံရောက်ကာမှန်ကန်တဲ့ မြွေဆိပ်ဖြေဆေး  ပမာဏ ထိုးခံရပြီးတဲ့အတွက် စိုးရိမ်စရာမရှိတော့ကြောင်း တင်ပြပါတယ်။တာဝန်ရှိသူက အကိုက်ခံရပြီးလို့ အသက်ကယ်နိုင်ရုံသာမက ကျေးလက်ဒေသ အောက်ခြေအထိဆင်းပြီး မြွေအန္တရာယ် ကာကွယ်တားဆီးရေးကို ဟောပြော စည်းရုံးသွားပါလို့ လမ်းညွှန်ပါတယ်။ ဆရာဝန်ရော ကျန်ဝန်ထမ်းတွေပါ လုပ်ပါ့မယ် လက်ရှိလည်းလုပ်နေပါတယ် ခုညွှန်ကြားချက်လည်း ရှိလာတဲ့အတွက် ပိုမိုလုပ်ဆောင်ပါ့မယ်လို့ ကတိပေးလိုက်ကြပါတယ်။အမှန်ဆို ပွဲက ဒီအထိလှနေပါပြီ၊ ဒါပေမဲ့ သူ က မရပ်သေးပါဘူး။ မင်းတို့မသိတာ ငါပြောပြမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မှတ်ထားဗျ အောက်ခြေရောက်ရင် ပြည်သူတွေကို အကြံပေးရမယ် မြွေပွေးဆိုတာ ဘယ်သန်ဗျ ဘယ်ဘက်ကိုပဲ ပေါက်တတ်တာ ညာဘက်ကို မပေါက်နိုင်ဘူး။  အဲဒီတော့ မြွေပွေး ကိုတွေ့ရင် ညာဘက်ကသာရှောင်သွား အန္တရာယ်ကင်းပြီပေါ့ဗျာ၊ ကဲ . . .ဒါတွေ ခင်ဗျားတို့မသိဘူးမို့လား လို့ဆိုပါရော။ မြွေပွေးဟာ သူပြောသလို ဘယ်သန်ဟုတ်ချင်လည်း ဟုတ်နေမှာပါ ညာဘက်ကိုမပေါက်နိုင်ဘူး ဆိုတာလည်း ဟုတ်မှာပါ။ဒါပေမဲ့ အခုကိုက်ခံရတဲ့သူတွေအားလုံးက တွေ့ပြီးမှ ကိုက်ခံရတာမဟုတ်ပါဘူး။ မမြင်လို့သာ ကိုက်ခံရတာပါ။ မြင်လည်း အားလုံးဟာ ဘယ်ညာခွဲရှောင်သွားမယ် မထင်ပါဘူး။ လက်ဦးအောင် အရင် သတ်ကြမယ့်သူတွေချည်းပါပဲ။ မြွေပွေးဆိုတာလည်း ရန်လိုတတ်တဲ့ကောင်မှ မဟုတ်တာ၊ သူ့ထိလို့သာပေါက်တဲ့ အကောင်ဖြစ်လို့မထိခဲ့ရင် ဘယ်ဘယ်ညာညာ မကိုက်ပါဘူး။အခုတောမြွေကို ကစားနေတဲ့အလမ္ပာယ်ဆရာတွေဆီက သိခဲ့တဲ့နည်းတွေကို ညွှန်ကြားချက် ထုတ်တော့တာပါပဲ။မြို့နယ်ဆရာဝန်က ပြန်လည်ပြောပြဖို့ ဟန်ပြင်လိုက်ပေမယ့် တာဝန်ရှိသူနောက်ကပါလာတဲ့ တိုင်းဆရာဝန်ကြီးက မျက်နှာထားနှင့် လှမ်းတားလိုက်ပါတယ်။ ငါကွ ဆိုပြီးမာန်တက်သွားတဲ့ တာဝန်ရှိသူကတော့ ဘယ်နှစ်မြို့နယ်မှာဆက်ပြီး ညွှန်ကြားနေဦးပါမလဲ မသိပါဘူး။ မှန်ကန်ချင်မှန်ကန်နိုင်ပေမယ့် အသုံးချလို့မရတဲ့ ညွှန်ကြားချက်တွေအတွက် ဘယ်သူတွေက အမှားပြင်ပေးခဲ့ကြပါသလဲ။အားလုံးက ကောင်းပါသည်လို့ ခေါင်း တညိတ်ညိတ်နှင့် ဘယ်အချိန်အထိ တွန်းပို့နေဦးမှာလည်း။မိုးတွင်းရောက်တိုင်း အဓိကကျတဲ့ ဖုန်းသွန်လဲစစ်ကို မလုပ်ခိုင်းဘဲ ခြင်ဆေးငွေ့တွေပဲ လိုက်မှုတ်ခိုင်းကြဦးမှာလား။ ခြင်ဆေးငွေ့တွေဟာ သက်ကြီးကောင်တွေကိုပဲ သေစေတာ ရောဂါဖြစ်ပွား မှု အစုလိုက်အပြုံလိုက် သို့မဟုတ် ကပ်ရောဂါအသွင်ဖြစ်နေရင် မြေပုံဆွဲ ဖြစ်ပွားနေတဲ့ အိမ်တွေရှိရာဝန်းကျင်ကိုဝိုင်း အပြင်ဘက်ကနေ အတွင်းဘက်ကို ဘယ်လိုမှုတ်မလဲဆိုတဲ့ ရောဂါနှိမ်နင်းရေးမှာ သုံးတာမျိုးပဲ ဖြစ်သင့်တယ် ကာကွယ်ရေးမှာ မသုံး သင့်ဘူး။ ကာကွယ်ရေးမှာ လောက်လန်းနှိမ်နင်းရေးက အဓိကဆိုတာ ဘယ်သူတွေ တင်ပြကြမှာလည်း ခုတော့ ဘယ်လူကြီးက သူ့ကလေး သူ့မြေးရှိတဲ့ကျောင်း အမြဲဆေးမှုတ်ပါဆိုတာပဲ လိုက်လံလုပ်ဆောင်နေရတာပါ။
for show တွေနှင့် အနှစ်မပါတဲ့ ညွှန်ကြားချက်တွေကို ယနေ့ခေတ်မှာ မလိုတောပါဘူး။ လေ့လာဖို့ အချိန်ပေးကြပါဦးလို့ ဆိုဦးမှာလား။ မပေးနိုင်တော့ပါဘူး။ အချိန်တွေပေးခဲ့တာ ကြာပါပြီ။ မတတ်တဲ့သူ မလုပ်နိုင်တဲ့သူ ဘေးဖယ်ပေးသင့်ပါပြီ။ သူတို့တွေ နားလည်တတ်ကျွမ်းလာဖို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို မစတေးသင့်တော့ပါဘူး။ သူများတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က လေးငါးလှမ်းလှမ်းရမယ့် အချိန်မှာ လမ်းလျောက်တတ်ခါစတွေကို ဦးဆောင်ခိုင်းသင့်သေးရဲ့လား။ တစ်ပွဲထုံးပွဲလှရုံသက်သက်တွေ မလိုချင်တော့ပါဘူး။ အမြဲတမ်း တသသဖြစ်နေမယ့် ပွဲတွေကို ကချင်လှပါပြီ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis