menu

Sunday 7 October 2012

ပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် Pacific Electric ကုမ္ပဏီတို့ရရှိ

Photo: ပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် Pacific Electric ကုမ္ပဏီတို့ရရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်အလိုက် ပုဂ္ဂလိကကုမ္ပဏီများကို ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု သိရ  

SUNDAY, 07 OCTOBER 2012 10:55

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပုဂ္ဂလိကမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ဒိုင်းမွန်းစတားကုမ္ပဏီ နှင့် Pacific Electric ကုမ္ပဏီတို့ရရှိခဲ့ကြောင်း သိရှိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးလျက်ရှိရာ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဒိုင်းမွန်းစတားကုမ္ပဏီအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်တို့တွင် Pacific Electric ကုမ္ပဏီအားလည်းကောင်း လုပ်ကိုင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရှိရသည်။

"ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေ ထုတ်လုပ်မယ့် ဂတ်စ်အင်ဂျင်တွေကနေ ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကို တစ်ယူနစ် ၈၀ လောက်နဲ့ ၀ယ်ရမယ်။ တစ်ယူနစ်ကို ၅၀ ကျပ်လောက်နဲ့ ပြည်သူကိုဖြန့်ရမယ်။ ရေအားလျှပ်စစ်ကရရှိတဲ့ အမြတ်နဲ့ သဘာဝဓာတ်ငွေ့က အရှုံးကို ပြန်ကာရမယ်။ ရင်းနှီးမြှုပ်နှံသူတွေလုပ်ချင်အောင်လည်း မင်းတို့တည်ဆောက်ကြပါ။ ထွက်သမျှဝယ်ပါ့မယ်ဆိုပြီးတော့ အာမခံထားရပါတယ်" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွင် ပုဂ္ဂလိကကုမ္ပဏီများ ပါဝင်ဆောင်ရွက်ခွင့်ရရှိပါက လုပ်ကိုင်ခွင့်ရရှိသည့် သက်ဆိုင်ရာမြို့နယ်များအတွက် လုံလောက်သော လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် နွေရာသီလျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသည့်အခါ ကိုယ်ပိုင် အရံလျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး လုပ်ငန်းဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားဖူလုံမှုရှိစေရေးအတွက် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမည့် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ဂက်စ်တာဘိုင်မှ မဂ္ဂါဝပ် ၅၀၀ စီထုတ်လုပ် မည့် ကိုရီးယား၊ တရုတ်နှင့်ထိုင်းနိုင်ငံများမှ ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များအလိုက် ဆက်လက်လုပ်ကိုင်ခွင့်များချ ထားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်း၌ ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပမာဏ ၁၈၅၀ မဂ္ဂါဝပ်လိုအပ်လျက်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင် ကြောင်းသိရှိရသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ နီးပါး လိုအပ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ယခု စတင်လုပ်ကိုင်ခွင့်ရရှိသည့် ဒိုင်းမွန်းစတားကုမ္ပဏီမှာ မကြာခင်ကာလအတွင်းက Pepsi  အချိုရည်ကုမ္ပဏီနှင့် မြန်မာပြည်ဖြန့်ချိရေးဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ထို့ပြင်ဂျုံစက်လုပ်ငန်း၊ ဓာတ်မြေသြဇာလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် Capital Hyper Market ကိုလည်းဖွင့်လှစ်ထားသည်။ Pacific Electric ကုမ္မဏီမှာ အငြိမ်း စားအင်ဂျင်နီယာများစုပေါင်းတည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး လျှပ်စစ်တာဝါတိုင်များတည်ဆောက်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ရန်ကုန်မြို့တော်အနေဖြင့် ၂၀၁၁ -၂၀၁၂နွေရာသီတွင် မဂ္ဂါဝပ် ၈၅၀ သုံးစွဲခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မဂ္ဂါဝပ် ၁၅၅၀ သာပေးနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်မူ ယင်းပြသနာမကြုံတွေ့နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားသုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၀၆ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၅၅၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၁-၂၀၁၂ တွင်မူ မဂ္ဂါဝပ် ၈၅၀ အထိရှိလာခဲ့ပြီး တစ်နိုင်ငံလုံးအတွက် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၁၀၀ ခန့်၊ သဘာဝဓာတ်ငွေ့သုံးစက်များမှ မဂ္ဂါဝပ် ၄၀၀ ခန့်သာ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

News from : Eleven Media Group
Post By : Aye Chan Mon

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis