menu

Saturday 4 August 2012

ဦးဘိုးစိန် မျိုးဆက်များ တင်ဆက် ပေးလိုက်တဲ့ သဘင် အနုပညာ ဖျော်ဖြေပွဲ




သဘင် အနုပညာ တစ်ခေတ် ထွန်းတောက် လင်းလက်စေခဲ့တဲ့ သဘင်ဦးသျှောင် ဂရိတ် ဦးဘိုးစိန်ရဲ့
နှစ် ၁၃၀ ပြည့် သဘင် အနုပညာ ဖျော်ဖြေပွဲကြီးကို ဦးဘိုးစိန် မျိုးဆက်များရဲ့ စီစဉ်မှုနဲ့ ဇာတ်သဘင် လောကမှ နာမည်ကြီး သဘင် ပညာရှင်များ၊ ရုပ်ရှင် လောကမှ သရုပ်ဆောင်များရဲ့ ပံ့ပိုး ကူညီမှုနဲ့ ဇွန်လ ၂၃ ၊၂၄ ရက်ညများက ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ကပြ တင်ဆက် ခဲ့ကြပါတယ်။
ဂရိတ်ဦးဘိုးစိန်ကို ၁၈၈၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အခုချိန်ထိ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် နှစ် ၁၃၀ တိုင်ခဲ့ပြီဖြစ်ပါတယ်။

ဦးဘိုးစိန်က ငယ်စဉ်ကလေးဘ၀ ၁၂ နှစ်သား အရွယ်ကတည်းက သဘင် အနုပညာကို စတင် ကပြခဲ့တာ ဖြစ်ပြီး  မြေ၀ိုင်း ဇာတ်သဘင် ကို စင်မြင့်ပေါ်ရောက် အောင်တင်နိုင်ခဲ့သလို ဇာတ်သဘင်နဲ့ ပတ်သက်တဲ့ တီထွင် ကြံဆမှုတွေ များစွာနဲ့ မြန်မာ့ ဇာတ်သဘင်ကို မြှင့်တင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဦးဘိုးစိန်က ၁၂ နှစ်အရွယ်ကတည်းက စတင်ကပြခဲ့တာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပေမဲ့ သူ တင်ဆက် ကပြခဲ့တဲ့ သဘင် အနှစ်များက ဒီနေ့ထက် ထိတိုင်အောင် တင်ကျန်ရစ်ဆဲ ရှိနေခဲ့ပါ တယ်။ ဒါကြောင့် ဦးဘိုးစိန် တင်ဆက် ကပြခဲ့တဲ့ ဇာတ်သဘင် အနုပညာများကို ဦးဘိုးစိန်ရဲ့ မျိုးဆက်များကနှစ် ၁၃၀ ပြည့် အထိမ်းအမှတ် အဖြစ် တင်ဆက်ပြီး ဇာတ်သဘင် အနုပညာရှင်များစွာက ပံ့ပိုးကူညီ ပုံဖော် ပေးခဲ့ကြလို့ အောင်မြင်တဲ့ သဘင် အနုပညာပွဲ ဖြစ်ခဲ့ရပါတယ်။
ဦးဘိုးစိန် မျိုးဆက်များ စီစဉ်တင်ဆက်တဲ့ ပွဲမှာ အနုပညာ ပိုင်းဆိုင်ရာများကို တာဝန်ယူ တင်ဆက်ပေးတာက ဇာတ်မင်းသား မိုးမင်းပဲ ဖြစ် ပါတယ်။

တင်ဆက်တဲ့ နေရာမှာ မြန်မာ့ဆိုင်း တီးခတ်မှုကို ရွှေတံဆိပ်ဆုများရှင် ဖိုးသင်္ကြန်က ရွာစားအဖြစ် တာဝန်ယူပြီး ခေတ်ပေါ် တေးဂီတ အပိုင်း ကိုတော့ ဂီတမှူးဦးစိုးနဲ့ အဖွဲ့က တာဝန်ယူ တီးခတ်ပေးခဲ့ ကြပါတယ်။ အစီအစဉ် ၁၂ ခုနဲ့ တင်ဆက်ရာမှာ ဘုရား ကန်တော့ခန်း၊ အပျိုတော်၊ ပခန်းကိုကြီးကျော်၊ စိန်မဟာ သဘင် အဖွင့်တေး၊ မြေ၀ိုင်းမှ သည် စင်မြင့်ဆီသို့၊ တောင်ပြုန်းမင်းညီနောင် အော်ပရာ၊ ဖိုးဝရုပ် အက၊ ဥမ္မာဒန္တီဇာတ်တော်ကြီး၊ စိန်အိုးစည်၊ မောရ စကြာ ဇာတ်တော်ကြီး၊ ပဋိ က္ခရား အော်ပရာနဲ့ နှစ်ပါး သွားအစီအစဉ်များပဲ ဖြစ်ပါတယ်။

မြန်မာ့ ဇာတ်သဘင်မှာ ဇာတ်သဘင် အဖွင့်ကို ဘုရား ကန်တော့ခန်းနဲ့ စကြတာဖြစ်လို့ ဂရိတ်ဦးဘိုးစိန် နှစ် ၁၃၀ ပြည့်သဘင် အနုပညာ တင်ဆက်တဲ့ ပွဲမှာလည်း ဘုရား ကန်တော့ခန်းနဲ့ စတင်ခဲ့ပါတယ်။ ဘုရား ကန်တော့ခန်းကို တင်ဆက် ရာမှာ ဆက်တင် အပြင်အဆင် ခမ်းခမ်းနားနား မီးရောင်စုံ များနဲ့ ခေတ်မီမီ တင်ဆက် ပေးခဲ့သလို ဒီနေ့ခေတ်ပေါ် အစီအမံများဖြစ်တဲ့ အံ့သြဖွယ် ရာများကိုလည်း ပြသနိုင်ခဲ့ပါ တယ်။ မြန်မာမှု၊ မြန်မာ့ဟန် မြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေ အနှစ်များကို စောင့်ရှောက် ထိန်းသိမ်းပြီး သမိုင်းကြောင်း ကောင်းခဲ့တဲ့ ဦးဘိုးစိန်ရဲ့ အနုပညာများကို ပြန်လည် ဖော်ထုတ်ပေးကြတဲ့ ပွဲဖြစ်ပါတယ်။


ဘုရားကန်တော့ ခန်းတင်ဆက်ရာမှာလည်း ဘုရားပလ္လင်မှ ပန်းဖူးများ ထွက်လာပြီး တဖြည်းဖြည်းနဲ့ ပလ္လင်ခြေရင်းမှာ ဖူးပွင့် လာတာတွေကိုပါ တင်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အပျိုတော်အကနဲ့ ရိုးရာ မပျက်တင်ဆက်ခဲ့ပြီး နံပါတ် ၃ အစီအစဉ်ရဲ့ ပခန်းကိုကြီးကျော် အစီအစဉ်ကို ဆက်လက် ကပြပေးကြပါတယ်။

အဲဒီနောက်မှာတော့ ဦးဘိုးစိန်ရဲ့ မြေတောင် မြှောက်ပေးမှုနဲ့ မြေ၀ိုင်း ဇာတ်သဘင်အဆင့် စင်မြင့်ပေါ် ရောက်ရှိ လာပုံကို ဒီနေ့ခေတ်နဲ့ လျော်ညီအောင် တင်ဆက် ခဲ့ပါတယ်။ မြေ၀ိုင်း ခေတ်ကို ကပြတင်ဆက် ရာမှာ ဇာတ်မင်းသား မိုးမင်းနဲ့ အကယ်ဒမီ သရုပ်ဆောင် မို့မို့မြင့်အောင်တို့က အတွဲညီညီ တင်ဆက် ပေးခဲ့ပြီး မြေ၀ိုင်း အကမှာ အကယ်ဒမီများရှင် မို့မို့မြင့်အောင်က အရင်တုန်းက မင်းသမီးများလို ဆေးပေါ့လိပ်ကြီးဖွာ၊ ထန်းခေါက် ဖာဘေးမှာ ချလို့ ဦးဘိုးစိန် အကကို စောင့်စားခဲ့ပြီး သူ့အလှည့်မှာ စုံတွဲ အကကို မိုးမင်းနဲ့ အတွဲညီညီ ကပြနိုင်ခဲ့တာ ဟာဖြင့် မို့မို့မြင့်အောင်ကို ချီးကျူးရမှာ ဖြစ်ပါတယ်။

မြေ၀ိုင်းဇာတ် သဘင်ကို တင်ဆက်နေချိန် အတွင်းမှာပဲ စင်မြင့်သို့ ကူး ပြောင်းဖြစ်ခဲ့ပုံများနဲ့ အဲဒီ အချိန် တုန်းက နာမည်ကြီးခဲ့ တဲ့ဦးဘိုးစိန်နဲ့ မယ်အောင်ဗလ တို့ရဲ့ ကပြတင်ဆက်မှုများကို ဦးဘိုးစိန်သဏ္ဌာန်အရပ် အမောင်းကောင်းတဲ့ ဇာတ် မင်းသားလေး ဟန်ဇာမိုးဝင်း က ကပြပေးခဲ့ပြီး ယောက်ျား မင်းသမီး မယ်အောင်ဗလ နေရာမှာတော့ လူငယ်မင်း သားချောလေး စွမ်းဇာနည်က မိန်းမအသွင်ဝတ်ဆင်ပြီး ကပြ ပေးခဲ့တာဟာဖြင့် အကြိုက် တွေ့သဘောကျကြတဲ့ ပြကွက် ဖြစ်ခဲ့ပါတယ်။ နောက်ထပ် တင်ဆက်ပေးတဲ့ အစီအစဉ်က တော့ တောင်ပြုန်းမင်းညီနောင် အော်ပရာ ကောက်နုတ်ချက် ပဲဖြစ်ပါတယ်။ တောင်ပြုန်း မင်းညီနောင် အော်ပရာအပြီး မှာ မင်းသားကြီး ရဲစိန်ကပြ အောင်မြင်ခဲ့တဲ့ ဖိုးဝရုပ် အကကို သမီးဖြစ်သူ ပုလဲကေခိုင်နဲ့ ခိုင်နှင်းဝေတို့က ကပြပေးခဲ့ ကြပါတယ်။

ဂရိတ် ဦးဘိုးစိန်ရဲ့ ထင် ရှားခဲ့တဲ့ ဥမ္မာဒန္တီ ဇာတ်တော် ကြီးကို တင်ဆက်ရာမှာတော့ ရွှေမန်းသဘင်မှ ဇာတ်မင်းသား ချမ်းသာက သိဝိမင်းကြီး နေရာက ရူးပြခဲ့ပြီး အညု အလှအခရာနဲ့ ဥမ္မာဒန္တီနေရာက ခိုင်သင်းကြည်က ပါဝင် ပေးခဲ့ပါတယ်။ သိဝိမင်းကြီး ရဲ့ညီ စစ်သူကြီး အဖြစ်တော့ မင်းသားကြီး စိန်အောင်မင်း ရဲ့သား အောင်ကိုဝင်းက ပါဝင် ကပြပေးခဲ့ပြီး သိဝိမင်း ကြီး ရူးလောက်အောင်လှတဲ့ ဥမ္မာဒန္တီရဲ့ အညှအခရာ တွေမှာ သိဝိမင်းကြီး ရူးရပုံများကို ဇာတ်မင်းသား ချမ်းသာက ပီပီပြင်ပြင် သရုပ်ဖော်ပေးခဲ့တဲ့ အတွက် ပရိသတ် အကြိုက် တင်ဆက်မှုဖြစ်ခဲ့ပါတယ်။ ဦးဘိုးစိန်ရဲ့ မောရစကြာ အော်ပရာကို ပြန်လည်တင် ဆက်ရာမှာတော့ စိန်မဟာ သဘင်မှ ညီဝင်းစိန် ကိုယ်တိုင် ဥဒေါင်းမင်းကြီး နေရာက သရုပ်ဖော် ပေးခဲ့ပြီး ဒေါင်းမပျိုလေး နေရာမှာတော့ ခိုင်သဇင်သင်းက ပါဝင် ကပြပေးခဲ့ပါတယ်။
နောက်ဆုံး တင်ဆက်ပေးတဲ့ အော်ပရာကတော့ ပဋိက္ခရား ရွှေအိမ်စည်ကို ကောက်နုတ် တင်ပြပေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကုလား မင်းသားလေး ပဋိက္ခရားနေရာက ကျော်ကျော်ဗိုက ပါဝင်ပေးပြီး ရွှေအိမ်စည် နေရာမှာတော့ တင်ဇာမိုးဝင်းက ပါဝင် ကပြကာ ရွှေအိမ်စည်ရဲ့ ဖခင် ကျန်စစ်မင်းကြီး အဖြစ် မိုးဝင်း၊ မာလိန် မှူးကြီးအဖြစ် ဇာတ်မင်းသား မိုးမင်းက ပါဝင် ကူညီခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး အစီအစဉ် ဖြစ်တဲ့ အများရွှင်တဲ့ နှစ်ပါးခွင် အစီအစဉ်မှာတော့ ပါဝင်တဲ့ နာမည်ကြီး ဇာတ်မင်းသား အားလုံးက ကူညီ တင်ဆက်ခဲ့ပြီး ၀ဇီရာဝုဓ သီချင်းမှာ မင်း သားကြီး ညီဝင်းစိန်၊ ရွှေမန်း ချမ်းသာတို့နဲ့ ခိုင်နှင်းဝေက ကပြပေးခဲ့ပါတယ်။ ဥဿ ဖရား သီချင်းကို ကပြရာမှာ တော့ ဟန်ဇာမိုးဝင်းနဲ့ လင်း ဇာနည်ဇော်တို့က ကပြပေးခဲ့ ကြပြီး သြဓိသစိတ်ထား မှာ တော့ ဇံဟိန်းနဲ့ အိအိသန့်တို့ က ပါဝင် ကပြ ပေးခဲ့ကြပါတယ်။ မယားရွှေစင်ညှာ သီချင်းကို တော့ တင်မောင်ဆန်းမင်းဝင်း နဲ့ သရုပ်ဆောင် မေကဗျာတို့က စုံတွဲ ကပြပေးခဲ့ပြီး ချော ပေတာ ကို နိုးနိုးလပြည့်က ကပြပေးခဲ့ပါတယ်။

စိန်လင် သည် သီချင်းကို နှစ်ပါးသွား ကပြရာမှာတော့ ဇာတ်မင်းသား လေး စွမ်းဇာနည်နဲ့ တင်ဇာမိုး ၀င်းတို့က ကပြ ပေးခဲ့ကြတဲ့ အတွက် ဦးဘိုးစိန်ရဲ့ သဘင် တင်ဆက်ခဲ့မှုများကို ပြန်လည် ဖော်ထုတ်ကြတဲ့ ပွဲမှာ နာမည်ကြီး ဇာတ်သဘင်ပညာရှင်များ သရုပ်ဆောင်များရဲ့ တင်ဆက် ပေးမှုများကြောင့် ပိုလို့ရုပ်လုံးကြွ အောင်မြင်ခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဦးဘိုးစိန်ရဲ့ အနု ပညာများကို ပြန်လည်တင် ဆက်တဲ့ အစီအစဉ်မှာ ဦးဘိုး စိန်ရဲ့တင်ဆက်မှုများကိုလည်း ပြန်လည်မြင်တွေ့ခွင့် ရအောင် ဒီနေ့ခေတ်နဲ့လည်းလျော်ညီ အောင် ကြိုးစားပြီး ဆက်တင် အခမ်းအနား ၀တ်စုံ အပြင်အဆင် အားလုံးကို ခေတ်မီမီအဆင့် မြင့်မြင့် မြှင့်တင်ပေးထားလို့ ဦးဘိုးစိန် နှစ် ၁၃၀ ပြည့် အထိမ်းအမှတ် ပွဲကတော့ အောင်မြင်မှုနဲ့ မှတ်တမ်းတင် နိုင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း တင်ပြပေးလိုက်ပါတယ်။

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis