၁၉၅၆ ခုနှစ်၊ ပြည်တော်သာ ခေတ်လို့ ခေါ်ကြသည့် တိုင်းပြည်သာယာသည့် ခေတ်ဖြစ်သည်။ သဖန်းကုန်း ရွာသူ ရွာသားတွေ ပျော်ရွှင်နေကြသည်။
သဖန်းကုန်း ရွာသူကြီး၏ တစ်ဦးတည်းသော သား
အောင်တင် ၇ တန်းကို နှစ်ချင်းပေါက် အောင်သွားလို့ ရွာသူကြီး မိသားစုတွေ
ပျော်နေကြသည်။ အောင်တင် ဒီတစ်သက်မှာ ခုနစ်တန်းကို မအောင်နိုင်ဘူးဟု
ထင်ထားကြသည်။ ကံကောင်းလို့ တစ်ခါတည်းနှင့် နှစ်ချင်းပေါက် အောင်သွားသည်။
အောင်တင်သည် သူကြီးသား စရိုက်ကို ပြသနေသူဖြစ်သည်။
မြို့ကျောင်း
သွားတက်နေသော်လည်း အရက်သောက်သည်။ ဖဲရိုက်သည်။ အသက်ငယ်ငယ်ဖြင့် စီးကရက်
သောက်တတ်နေသည်။ ကျောင်းထားသည့် အချိန်မှစပြီး စာမကျက်၊ ပျင်းသည်။ ဖျင်းသည်။
တစ်နှစ်တစ်တန်း မအောင်ဘဲ သုံးနှစ် တစ်တန်း၊ လေးနှစ်တစ်တန်းအောင်ပြီး ၁၉၅၆
ခုနှစ် အသက် ၂၀ ကျော် အရွယ်မှာ ပြည်တော်သာခေတ် ၇ တန်းကို
ရောက်လာခဲ့သူဖြစ်သည်။
ပြည်တော်သာခေတ်မှာ ၇ တန်း အောင်ပါက
ကျောင်းဆရာဆိုတာ လွယ်လွယ်လေး ဖြစ်နိုင်သည်။ မေမြို့(ပြင်ဦးလွင်)
စစ်တက္ကသိုလ်မှာ ဗိုလ်သင်တန်း တက်လို့ရသည်။ မန္တလေးက ဒုရဲအုပ် သင်တန်းကျောင်း
(ဆပ်ကျောင်း) တက်လို့ရသည်။ ပြည်တော်သာခေတ် ၇ တန်းသည် အလွန် အဖိုးတန်သော
အတန်းဖြစ်သည်။ အဲဒီ ၇ တန်းကိုမှ သူကြီးသား အောင်တင်က
တစ်ခါတည်းဖြေပြီးအောင်သွားတာဖြစ်သည်။
၁၉၅၆ ခုနှစ် အောင်တင် ၇ တန်း
ဖြေသည့်နှစ်မှာမှ စာမေးပွဲ မေးခွန်းပေါက်လို့ ကျောင်း သားတွေ ဆန္ဒပြကြသည်။
ဆန္ဒပြသည့် ကျောင်းသားတွေကို ရဲတွေက သေ နတ်ဖြင့် ပစ်ခတ်လို့ ၇ တန်း
ကျောင်းသားလေး ဟယ်ရီတန် သေသွားသည်။ ပိုဆိုး သွားတော့သည်။ ဆန္ဒပြရာမှာ ၇
တန်းကျောင်းသားတွေ သာမက ဆယ်တန်းကျောင်း သားတွေနှင့် တက္ကသိုလ်
ကျောင်းသားကြီးတွေပါ ဆန္ဒ ပြကြတော့သည်။
ဖဆပလ အစိုးရသည် ကျောင်းသား
ဆူပူမှုကို ငြိမ်သွားအောင် ရည်ရွယ်ပြီး ၇ တန်းဖြေသူ အားလုံးကို
စာမေးပွဲအောင်ပေးလိုက် သည်။ မြို့ကိုတက်ပြီး စာမေးပွဲသွားဖြေစဉ်က
ဘာသာရပ်တိုင်းကို အောင်မှတ် ရအောင် မဖြေနိုင်ခဲ့သည့် အောင်တင်
စာမေးပွဲအောင် သွားလေတော့သည်။ ဒီတော့မှ ပြောသေးသည်။
“အားလုံး ဖြေနိုင်တယ်။ ဂုဏ်ထူး ၅ ဘာသာ လောက် မှန်းထားတာ”
မြန်မာ တစ်နိုင်ငံလုံးက ၇ တန်းဖြေထားသည့် ကျောင်းသား အားလုံးကို စာမေးပွဲ
အအောင်ပေးလိုက် သည့်အတွက် သဖန်းကုန်းက ရွာသူကြီးသား အောင်တင် သည် ၇ တန်း
အောင်သွား လေတော့သည်။ သူကြီးသား ၇ တန်းအောင်လို့ ရွာသူကြီး မိသားစု
ပျော်နေကြသည်။
သူကြီး မိသားစုတွေ ပျော်နေကြသလို သဖန်းကုန်း
ရွာသူရွာသားတွေလည်း ပျော်နေကြသည်။ ရွာသူရွာသားတွေ ပျော်နေကြတာ တော့
ရွာသူကြီးသား အောင် တင် စာမေးပွဲအောင်လို့ ပျော်နေကြတာ မဟုတ်။ ရွာကို
မူလတန်းပြဆရာမ ချောချော လေးတစ်ယောက် ရောက် လာလို့ ပျော်နေကြတာ ဖြစ်သည်။
ပြည်တော်သာ ခေတ်မှာ သဖန်းကုန်းရွာ အတွက် မူလတန်းကျောင်းကလေးရ ထားသော်လည်း
ဆရာ မရှိလို့ ကျောင်းမဖွင့်နိုင် ဖြစ်နေခဲ့သည်။ အခုတော့ မြို့က
ရောက်လာသည့် ဆရာမ လေးက ရုပ်ကလည်း ချော၊ သဘောကလည်း ကောင်း၊ ရွာကကလေးတွေကို
စာသင် ပေးရတော့မည်ဖြစ်လို့ တက် ကြွပျော်ရွှင် နေသည့်ပုံ တွေ့ ရသည်။
သူကြီးအိမ်မှာ ဆရာမလေးနှင့် ရွာသူရွာသား တွေ မိတ်ဆက်ပွဲမှာ ဆရာမ လေး
ပြောသည့်စကားကို ရွာသူရွာသားတွေက သဘောကျပြီး ဆရာမလေးကို ချစ်သွားကြသည်။
“သမီးက မြို့သူဆိုပေ မဲ့ တောရွာမှာ ပျော်တယ်။ တောသူတောင်သားတွေကို ချစ်တယ်” “ဆရာမလေးကို လည်း ချစ်ကြပါတယ်”
ဆရာမလေးက ရွာမှာ ပျော်တယ်ဆိုတော့ ရွာက ကလေးတွေ ပညာသင်ကြား ရေးအတွက် အဆင်
ပြေသွားသည်။ ဆရာမလေး၏ နေရေးစားရေးကို တိုင်ပင်ကြ သည်။ ဆရာမလေးက အပျို
လေးဖြစ်လို့ အပျိုအဖော် ရှိသည့်အိမ်ကို စဉ်းစားရွေး ချယ်ကြသည်။
“သူကြီးသမီး အပျိုနှစ်ယောက်တောင် ရှိတာပဲ။ သူကြီးအိမ် အပေါ်ထပ်မှာ နေလို့ရသားပဲ”
ဒီအဆိုကို အားလုံးက သဘောတူသယောင် ရှိသည်။ သူကြီးအိမ်က သဖန်းကုန်း ရွာမှာ
အကြီးဆုံးနှင့် တစ်လုံး တည်းသော နှစ်ထပ်အိမ်ဖြစ် သည်။ အင်္ဂလိပ်ခေတ်က
ဆောက်ခဲ့သည့် အိမ်ကြီးဖြစ် လို့ သွပ်မိုးထား နိုင်တာလည်း
ဒီတစ်အိမ်ပဲရှိသည်။ ဆရာမ လေး ဆန္ဒအတိုင်း နေလိုပါ က နေခွင့်ပြုပါမည်ဟု
သူကြီးက ပြောသည်။ “ကျုပ်အိမ်မှာ ကြိုက်သ လိုနေ။ ကျုပ်သမီးတွေ နေသလို နေရမယ်၊ စားရမယ်”
သူကြီးက ဒီလိုပြော လိုက်တော့မှ ရွာသူရွာသားတွေ ခေါင်းချင်းပူးပြီး တိုး
တိုးပြောကုန်ကြသည်။ သူကြီးသမီး အပျိုကြီး နှစ်ယောက်က ဇီဇာကြောင် ကြောင်း၊
စိတ်ကြီးဝင် ဘ၀င် မြင့်ကြောင်း၊ ကြာလာရင် ဆရာမလေး စိတ်ဆင်းရဲမှာ
စိုးရကြောင်း၊ မြို့မှာ ကျောင်းသွား တက်နေသည့် သူကြီး သားအောင်တင်၏
အန္တရာယ်ကိုလည်း ထည့်စဉ်းစားဖို့ လိုကြောင်း၊ တိုးတိုးပြောကုန် ကြသည်။
ဒီအခြေအနေကို ရိပ်စားမိသည့် လယ်လုပ် သားကြီး တစ်ယောက်က တင်ပြလာသည်။ “ဒေါ်ရွှေပုံတို့အိမ်မှာ နေရာ ချထားရင်ပိုပြီး အဆင် ပြေမယ် ထင်တယ်။ ကျောင်းနဲ့ နီးတဲ့အတွက် ဆရာမလေး သွားရေးလာရေး လွယ်ကူ မယ်”
“ဟုတ်တယ်။ ဆရာမ လေးကို ကြီးတော် ဒေါ်ရွှေပုံ အိမ်မှာ နေရာချထားတာ အကောင်းဆုံးပဲ။ ကျွန်မတို့ ထောက်ခံတယ်”
“သဘောတူပါတယ်”
သူကြီးအိမ်မှာ ပြုလုပ် သည့် ဆရာမလေးနှင့် ရွာသူ ရွာသားတွေ မိတ်ဆက်ပွဲကို
တက်ရောက် လာကြသူတွေ အားလုံးက သဘောတူပါ တယ် ဆိုတော့ သူကြီးက လည်း
သဘောတူလိုက်ရ သည်။ ဒေါ်ရွှေပုံ၏ အိမ် အခြေအနေကို ပြောပြပြီး ဆရာမလေး၏ ဆန္ဒကို
မေးသည်။
“ဒေါ်ရွှေပုံရဲ့အိမ်ဟာ ဆရာမလေး စာသင်ပေးရမယ့်
မူလတန်းကျောင်းနဲ့ ၀င်း ခြံချင်းကပ်လျက်ပဲ။ သမီး အပျိုကြီးနဲ့
နှစ်ယောက်တည်း နေတယ်။ အိမ်ကျယ်ပါတယ်။ ရွာဦးကျောင်းနဲ့လည်း နီးပါတယ်။
ဆရာမလေး ဆန္ဒကို ပြောပါဦး”
“သမီးဆန္ဒကတော့ ရွာက စီစဉ်ပေးတဲ့ အတိုင်းပါ ပဲ”
“ကဲ ဒါဆိုရင် ကိစ္စပြီး ပြီ။ သမီး နာမည် ပြောပါ ဦး”
“ခင်ထားရီပါရှင်။ ထား လိုပဲ ခေါ်ကြပါတယ်”
“ဆရာမလေးလို့ပဲ ခေါ်မယ်ကွယ်”
ဆရာမလေးက သဘောတူလို့ ခေါင်းညိတ်ပြ တယ်။ မယ်ကျုံထိုင်လျက်မှ ပြုံးပြီး
ခေါင်းညိတ်ပြသည့် ဆရာမလေး၏ အလှကို တစ် ရွာလုံးက သတိထားမိကြ သည်။
အသက်ခြောက်ဆယ် ကျော် သူကြီးမင်းတောင် ရင်ခုန်သွားသည်။ ဆရာမ လေး ခင်ထားရီ၏
အပြုံးက ချစ်စရာကောင်းသည်။ ရယ် လိုက်လျှင် ပေါ်လာသည့် ဖြူဖွေးညီညာသည့် သွားက
လေးတွေနှင့်အတူ ပါးချိုင့် ကလေးနှစ်ခုက ရွာက ကာလသားတွေကိုလည်း ရင်
ခုန်စေသည်။
“ဟဲ့ မိအေးရင် ထမင်း စရိတ် ဘယ်လောက် ယူမလဲ ပြောပါဦး”
“ကျုပ် မသိဘူး။ ဆရာမလေး ပေးသလောက်ပဲ ယူမယ်”
“ဆရာမလေးက ဘယ်လောက် တတ်နိုင်လဲ။ စားတာ ကတော့ သူတို့သားအမိ စားသလို စားရမှာပေါ့ကွယ်။ ကောင်းတဲ့ အခါကောင်း ညံ့တဲ့အခါ ညံ့ပေါ့”
“ညံ့ရင်လည်း သမီး စားနိုင်ပါတယ်။ ထမင်းလ ခကတော့ တခြားရွာတွေက ဆရာ၊ ဆရာမတွေ ပေးသလို ၁၅ကျပ် ပေးပါမယ်”
“တစ်လ ၁၅ ကျပ်တဲ့။ မိအေးရင် ကျေနပ်တယ် နော်”
“ဆရာမလေး ပေးသလောက် ယူမယ်လို့ ပြော ပြီးပြီပဲ။ ကျေနပ်တယ်”
သူကြီးက မိအေးရင်လို့ ခေါ်လိုက်သူ အမျိုးသမီးက ဆရာမလေး နေရမည့် အိမ်ရှင်
ဒေါ်ရွှေပုံ၏ သမီး အပျို ကြီးဖြစ်သည်။ အသက်လေး ဆယ်မျှသာရှိသေးလို့
ကောက်စိုက်၊ ပျိုးနုတ်၊ စပါးရိတ် အငှားလိုက်ရသည့် လုပ် အားခဖြင့်
သားအမိနှစ် ယောက် စားသောက်နေသူ ဖြစ်သည်။ တစ်မိုးလုံး အငှား လိုက်သည့်
လုပ်စာက စပါး ၀မ်းစာရနေတော့ ဟင်းစား အတွက်နှင့် ဆား၊ ငါးပိ အတွက်ပဲ
ပိုက်ဆံရှာရသည်။ ဆရာမလေးဆီက ထမင်းလ ခ တစ်လကို ၁၅ ကျပ် ရမည် ဆိုတော့
ဟန်ကျသွားသည်။
ဆီတစ်ပိဿာ ၃ ကျပ်၊ ငါးပိတစ်ပိဿာ တစ်ကျပ်ခွဲ၊
ဆားတစ်ပိဿာ ၂၅ ပြားဆို တော့ ပိုက်ဆံ တန်ဖိုးရှိသည့် ခေတ်ဖြစ်လို့
ဝယ်ယူစုဆောင်း ထားနိုင်သည်။ အသား၊ ငါး လောက်ပဲ ၀ယ်ရမည်။ ဟင်း သီးဟင်းရွက်
ဆိုတာကတော့ ၀ယ်စရာ မလို။ ခြံထွက်သီးနှံ တွေဖြင့်ပင် စားမကုန်ဖြစ်နေ သည်။
တောရွာ သဘာဝ အတိုင်း မှိုရှာ၊ မျှစ်ချိုး၊ ကဒတ်ရိုး၊ မျောက်ဥဆိုတာ တွေက
ပေါလွန်းလို့ ရခိုင် ရိုးမတောထဲကို နည်းနည်း လောက်ဝင်လိုက်သည်နှင့်
ယူမကုန်အောင်ရသည်။ မအေးရင်တို့ သားအမိ အဲဒီ လိုအသက်ရှင် နေကြတာ ဖြစ်သည်။
မအေးရင်တို့ သား အမိသာ မကပါဘူး။ သဖန်း ကုန်းတစ်ရွာလုံးဟာ အဲဒီပုံစံ အတိုင်း
အသက်ရှင်နေကြ တာဖြစ်သည်။
သူကြီးက ဒေါ်ရွှေပုံနှင့် မအေးရင်တို့
မိသားစု အကြောင်း ဆရာမလေးကို ပြောပြတာမှာ တစ်ခုကျန်နေ သည်။ မအေးရင်မှာ
မောင် တစ်ယောက် ရှိသည်။ ရွာဦး ကျောင်းမှာ ရဟန်းဝတ်ဖြင့် ရှိနေသည်ဆိုသည့်
ကိစ္စပြောဖို့ မေ့သွားဟန်တူသည်။
မအေးရင်၏ မောင် နာမည်က ငထွေး။ အငယ်
ကောင်ဖြစ်လို့ မောင်ထွေးဟု ခေါ်သင့်ပါလျက် တစ်ရွာလုံးက ငထွေးလို့ ခေါ်ကြသည်။
တစ်ရွာလုံးကခေါ်တော့ အမေနှင့် အစ်မကပါ ငထွေး ပဲ ခေါ်ကြတော့သည်။
ငထွေးကို ကျောင်း ထားလို့မရ၊ ဉဏ်ထိုင်း သည်။ ဆရာတော်က ကိုရင် ၀တ်ပေးပြီး
စာသင်ပေးသည့် အတွက် သေစာရှင်စာ လောက်တော့ ရေးတတ်ဖတ် တတ်သည်။ အသက် ၁၉ နှစ်
ပြည့်တော့ ဦးဇင်းငထွေး ဖြစ် သွားသည်။ ၅ ၀ါလောက် တောင် ရပြီဖြစ်လို့ ငါးပါး
သီလပေး၊ ရေစက်ချလောက်ရွတ်တတ်ဆိုတတ်နေ သည်။ ဦးဇင်းငထွေး သင်္ကန်း
ဝတ်နှင့်မြဲနေတာ အကြောင်း နှစ်ခုကြောင့်ဖြစ်သည်။ တစ်ခုက ဘာမှသုံးမရ၊
လူရာမ၀င်လို့ ဖြစ်သည်။ နောက်တစ်ခုက အမေနှင့် အစ်မနေသည့် အိမ်နှင့် ရွာဦး
ကျောင်းက ခဲတစ်ပစ် လောက်သာ ဝေးလို့ ဖြစ် သည်။ ဆွမ်းစားပြီးသည်နှင့်
ကျောင်းကနေ အမေရှိရာ အိမ် ကို ရောက်လာတတ်သည်။ ကျောင်းမှာ နေနေ၊ အိမ်မှာ
နေနေ ဘာမှမထူးသလို ဖြစ် နေလို့ သင်္ကန်းဝတ်ဖြင့် မြဲ နေသည်။ သင်္ကန်းဝတ်ဖြင့်
အရိုးထုတ်သွားတော့မည် ဆိုလို့ အမေနှင့် အစ်မက သာမက တစ်ရွာလုံးက ၀မ်း
သာနေကြသည်။
ဆရာမလေး ခင်ထားရီ ဒေါ်ရွှေပုံ၏ အိမ်မှာ ထမင်း လခ ၁၅
ကျပ်ပေးပြီးနေသည် ဆိုသည့် သတင်းကို ကြား သိသွားသည့် ဦးဇင်းငထွေး က
အိမ်ကိုလာကြည့်သည်။ ဆရာမလေးကို မြင်ပြီးနောက် နေ့တွေကစပြီး ဦးဇင်းငထွေး
သည် ကျောင်းမှာ နေတဲ့ အချိန်က နည်းပြီး အိမ်မှာ နေသည့်အချိန်က များလာ သည်။
ဦးဇင်းငထွေးသည် ကျောင်းမှာမနေဘဲ အိမ်မှာ ချည်း အချိန်ပြည့်နေသလို
ဖြစ်နေသည့်အခါ ရွာသူရွာ သားတွေက မသင့်တော် ကြောင်း ဆရာတော်ကို
လျှောက်ကြသည်။ ဆရာ တော်၏ ၀တ်ကြီးဝတ်ငယ် ကိုလည်း လစ်ဟင်းသည်။ ကျောင်း၏
ဝေယျာဝစ္စတွေ လည်း လစ်ဟာသည့် အတွက် ဆရာတော်က ဦးဇင်းငထွေးကို ရွာထဲမသွား
ရလို့ အမိန့်ထုတ်သည်။ ဦးဇင်းငထွေး သူ့မယ်တော် ကြီးဆီကို မသွားရတော့ဘဲ
ကျောင်းမှာပဲ တ၀ါဝါသမ်း ဝေပြီး သီတင်းသုံးနေရ တော့သည်။
ဆရာမလေး
ခင်ထားရီ သဖန်းကုန်းရွာကို ရောက်လာ ပြီး သုံးလလောက်အကြာမှာ
ထူးခြားမှုတွေဖြစ်လာသည်။ ကလေးတွေ စာတော်လာ သည်။ ဆရာမလေးကို တစ် ရွာလုံးက
ချစ်လာကြသည်။ မြို့မှာ ကျောင်းတက်နေသည့် သူကြီးသား အောင်တင်ရွာ ကို
ပြန်ရောက်လာသည်။ ရွာ ကိုပြန်ရောက်လာပြီး ဆရာမ လေးကို မြင်တယ်ဆိုလျှင်ပဲ
မြို့ကို မပြန်တော့ဘဲ ကျောင်း မတက်တော့ဘူး။ ကျောင်း ထွက်လိုက်ပြီဆိုသည့်
သတင်း ဖြစ်သည်။ အဖြစ်အပျက် တွေထဲမှာ အထူးခြားဆုံးက တော့ ဦးဇင်းငထွေး လူ
ထွက်လိုက်ခြင်းပင် ဖြစ် သည်။
အောင်တင်က ရွာဦး ကျောင်းကို
ဆွမ်းပို့ဖို့လာသ လိုလို၊ ဥပုသ်စောင့်ဖို့ လာ သလိုလိုဖြင့် ကျောင်းခြံဝင်း
အပြင်က ရွာဦးရွာထိပ်မှာ ပင်ရှိနေသည့် မူလတန်း ကျောင်းကို ၀င်ကြည့်သည်။
ဆရာမလေးကို နှုတ်ဆက် သည်။
“မင်္ဂလာပါ ဆရာမ” “မင်္ဂလာပါရှင်”
ဆရာမလေးက စာပြ နေလျက်မှ အောင်တင်ကို အပြုံးဖြင့် နှုတ်ဆက်သည်။ ဆရာမလေး၏
အပြုံးလှလှ သည် အောင်တင်၏ အသည်းအူတွေကို ဆွဲယူ လိုက်သလို လှုပ်ခါသွား သည်။
ကလေးတွေကို စာပြ နေသည့် ကျောင်းဆရာမကို ဘာကိစ္စဖြင့် လာရောက် နှုတ် ဆက်တာလဲ။
ဘာပြောစရာ ရှိလို့လဲ။ တစ်ခုခုတော့ ပြော မှဖြစ်မည်။
“ကျွန်တော့်ကို သိပါတယ်နော်” “သိပါတယ်ရှင်။ ကိုအောင်တင်ပါတဲ့”
ဆရာမလေးက ပြောပြီး မပွင့်တပွင့် ရယ်လိုက်တော့ အနီရောင်နှုတ်ခမ်း နှစ်
လွှာကြားက ညီညာဖြူဖွေး သည့် သွားလေးတွေက လှလိုက်တာ။ အသားကဖြူ၊ ရုပ်ကချော၊
သဘောက ကောင်း၊ ပညာကတတ်၊ အရပ်အမောင်းက အနေတော် မြင့်ပြီး တင့်တယ်သည့်
အပျိုချောကို လက်လွှတ်ခံလို့ မဖြစ်။ ချစ်ရေးဆိုမည်။ မရ လျှင် ရသည့်နည်းနှင့်
ယူမည် ဟု ဆုံးဖြတ်သည်။
ဒီရွာက စူပါစတား ကာလသား၊ မြို့ကျောင်း
တက်နေသည့် အောင်တင်ပဲ။ သူကြီးသား အောင်တင်ပဲ။ ဒီရွာကို ရောက်နေတာ
သုံးလတောင်ရှိပြီဖြစ်သည့် ဆရာမလေး ခင်ထားရီက သတင်းစကားဖြင့် သိထား
ပြီးဖြစ်နေသည်။ အောင်တင် ၀မ်းသာသွားသည်။ အဲဒါက အရေးမကြီး။ အခု ဘာလုပ် မလဲ။
ဘာပြောမလဲ။ ကလေးတွေကို စာသင်နေ သည့် ဆရာမကို တာဝန်မရှိ သူက စကား
လာပြောနေသည်။ ၀တ္တရား နှောင့်ယှက် သလိုဖြစ်နေသည်။ အပြစ် ကင်းအောင်
ပြောသင့်သည့် စကားကို ပြောမှဖြစ်မည်။
“ဒီရွာမှာ ဘာပြဿနာ ပဲရှိရှိ၊
ဘာအခက်အခဲပဲ ရှိရှိ၊ ဘာလိုချင်တာပဲရှိရှိ ကိုအောင့် ကို ပြောပါ။ ထားလိုချင်
တာမှန်သမျှ ရစေရမယ်။ ထားဖြစ်စေချင်တာ မှန်သမျှ ဖြစ်စေရမယ်”
ဒီရွာက
သူကြီးသား ဆိုတော့ လုပ်ပိုင်ခွင့် ရှိသူဖြစ်လို့ တာဝန်အရလာပြောသလိုလို၊
ဒီရွာက ကလေးတွေ၏ ပညာရေးကို အနီးကပ်ကြီးကြပ်နေ ရသူလိုလို လေသံဖြင့် ပြော
သည်။ ဆရာမလေး မျက်နှာ သည် ရယ်နေရာမှ ပြုံးသည်။ ပြုံးရာမှ တစ်ဆင့် နည်းနည်း
ထပ်လျှော့လိုက်ပြီး ပြုံးတည် မျက်နှာဖြင့် ပြောသည်။
“ကျေးဇူးတင်ပါတယ် ရှင်။ ပြဿနာ အခက်အခဲနဲ့ လိုချင်တာ မရှိပါဘူး။
ရှိရင်ပြောပါလို့ ရပ်ရွာသူ ကြီးတွေက ပြောထားပါ တယ်။ ကျွန်မကို ဆရာမလို့ ပဲ
ခေါ်ပါ” အောင်တင်သည် အခုမှ စကား ပြောဖူးသည့် အပျိုကို နာမည် အပြည့်အစုံ
မခေါ်ဘဲ ချစ်သူကို ခေါ်သလို ထားလို့ ခေါ်သည်။ ကျွန်တော်လို့ မပြောဘဲ
ကိုအောင်လို့ ပြောသည်။ ဘေးလူကြားလျှင် အထင်အမြင် လွဲစရာဖြစ်အောင် အသားယူတယ်
ဆိုတာသိလို့ ဆရာမလေးက ပွင့်ပွင့်လင်းလင်း သတိပေးလိုက်တာ ဖြစ်သည်။
ဆရာမလေးက သူ့ အလုပ်ကို သူ ဆက်လုပ် သည့် အနေဖြင့် ကလေးတွေ ကို စာဆက်
သင်နေပြီဖြစ်လို့ အောင်တင်သည် စာသင်ကျောင်းက လှည့်ပြန်ခဲ့ရ သည်။ အောင်တင်၏
အန္တ ရာယ်ကို သတိထား ရမည်ဟု ဆရာမလေး သိလိုက်သည်။
ဆရာမလေးမှာ
အောင်တင်၏ အန္တရာယ်ကို သတိ ထားနေရသလို တစ်အိမ်တည်း အတူနေရသည့်
ဘုန်းကြီးလူထွက်၏ အန္တရာယ်ကိုလည်း လျှော့တွက်လို့ မရ ဖြစ်နေသည်။
ဦးဇင်းလူထွက် ငထွေးသည် ဆရာမလေးကို မျက်စိအောက်က အပျောက် မခံဘဲ အရိပ်
တကြည့်ကြည့် ဖြင့် ပိုးပန်းနေတော့သည်။ ဆရာမလေး လိုချင်တာ မှန်သ မျှကို
ရအောင်ရှာပေးသည်။ ဆရာမလေးက နှင်းဆီဆို လျှင် နှင်းဆီ၊ သဇင်ဆိုလျှင် သဇင်၊
ပိတောက်ဆိုလျှင် နွေ ရာသီမှာပင် ရအောင် ရှာပေး သည်။ ဆရာမလေး စားချင် သည့်
မျှစ်ကို ချိုးပေးသည်။ မှိုကို ရှာပေးသည်။
ဆရာမလေး ထမင်း
လခပေးစားနေသည့် အိမ်မှာ ရဟန်းလူထွက်ကာလသား တစ်ယောက် ရှိနေလို့ ဆရာမ လေး
အတွက် မသင့်တော်ဆို သည့် အကြောင်းပြချက်ဖြင့် အောင်တင်က ဆရာမလေးကို
သူ့အိမ်မှာ ပြောင်းရွှေ့နေထိုင်ရန် မေတ္တာ ရပ်ခံသလိုလို
အမိန့်ပေးသလိုလိုဖြင့် ပြောသည်။
“ငထွေး သင်္ကန်းဝတ် နေတုန်းကတော့
ဆရာမလေး အရီး ရွှေပုံအိမ်မှာ နေတာ သင့်တော်ပါတယ်။ အရီးရွှေ ပုံနဲ့ အစ်မ
မအေးရင်တို့ကလည်း အလုပ် သွားလုပ်နေ ကြတော့ အိမ်မှာ ငထွေးနှင့် ဆရာမလေး
နှစ်ယောက် တည်း နေတာ မသင့်တော်ပါဘူး။ ကျွန်တော်တို့ အိမ်ကို
ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေ ပါတယ်။ ထမင်းလခ မယူပါဘူး”
သူကြီးအိမ်မှာ ပြုလုပ်သည့် အစည်းအဝေးမှာ အောင်တင်က တရားဝင်ပြော လာသည့်အတွက်
ရွာသူရွာ သားတွေ စဉ်းစားကြရတော့ သည်။ အောင်တင် ပြောသည့်
အကြောင်းပြချက်ကလည်း ခိုင်လုံသည်။ သူ့အိမ် မှာကျတော့ အိမ်မှာ အမြဲရှိ
နေသည့် သူ့အစ်မအပျိုကြီး နှစ်ယောက် ရှိနေလို့ ဆရာမ လေးအတွက် လုံခြုံသည်။
အောင်တင် တင်သွင်းသည့် အဆို၏ အားသာချက်က ဆရာမလေးဆီက ထမင်း လခ မယူဘူး
ဆိုသည့် အား သာချက်ဖြစ်သည်။
ထမင်းလခ မပေးရသည့် သူကြီးအိမ်မှာ စရိတ်
ငြိမ်းနေရမည် ဆိုတော့ ဆရာမ လေးတောင် စဉ်းစား ရမလို ဖြစ်သွားသည်။ ဆရာမလေး
လစာ ၁၂၀ ကျပ်သာ ရသည်။ ထမင်းလခ ပေးပြီး ၁၀၅ သာ ကျန်သည်။ မြို့ကိုသွား ပြီး
လခ ထုတ်ရသည့် အတွက် လမ်းစရိတ်က ၅ ကျပ် လောက်ကုန်သည်။ အသား တင် ၁၀၀ ကျန်သည်။
ထမင်းစရိတ် ၁၅ ကျပ် မပေးရတော့ဘူး ဆိုလျှင် လစာ အပြည့်ရသလို ဖြစ် မည်။
စီးပွားရေး အရတော့ အကျိုးရှိသည်။
စီးပွားရေးအရ အကျိုး
အမြတ်ရှိသော်လည်း လူမှုရေးအရ အကျိုးယုတ်စရာ ရှိသည်ဆိုတာကို ဆရာမ လေး
ထည့်တွက်သည်။ သူကြီးသား အောင်တင်နှင့် တစ်အိမ်တည်း အတူနေရမည့် အန္တရာယ်ဟာ
မသေးဘူး ဆိုသည်ကို စဉ်းစားမိသည်။ ဆရာမလေး စဉ်းစားခန်းဝင် နေစဉ်မှာ
ရပ်ရွာလူကြီးတစ် ယောက်က ၀င်ပြောသည်။ “မောင်အောင်တင် အကြုံပြုတာ
ကောင်းပါ တယ်။ ဆရာမလေး အတွက် ထမင်းဖိုး သက်သာသွားတာ ပေါ့။ ဒါပေမဲ့
ဒီကိစ်္စဟာ ဆရာမလေးရဲ့ အဆုံးအဖြတ် အပေါ်မှာ မူတည်ပါတယ်။ ဆရာမလေးရဲ့
ဆန္ဒအတိုင်း သာဖြစ်သင့်ပါတယ်။ ဆရာမ လေးရဲ့ သဘောကို ပြောပါ”
ရပ်ရွာလူကြီး ရပ်မိရပ် ဖက ဆရာမလေး၏ သဘော ကို ပြောပါဆိုတော့ ဆရာမ လေးတစ်ခုခု
ပြောရတော့ မည်ဖြစ်သည်။ အတော် ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ထမင်းဖိုးပေးနေရသည့်
မအေးရင်တို့ အိမ်မှာ ရဟန်း လူထွက် ငထွေး၏ အန္တရာယ် ရှိသလို ထမင်းဖိုးပေးစရာ
မလိုသည့် သူကြီးအိမ်မှာ အောင်တင်၏ အန္တရာယ်ရှိ သည်။ ဆရာမလေး သဘော ကို
အပြောရခက်နေသည်။ ဒီအခြေအနေမှာ မအေးရင်၏ အသံထွက်လာသည်။
“ငထွေးက ဆရာမ
လေးကို လက်ဖျားနဲ့တောင် မတို့ရအောင် ကျွန်မ တာဝန် ယူတယ်။ ဆရာမလေးသာ
ကျွန်မတို့ အိမ်မှာ ဆက်နေမယ် ဆိုရင် ဒီလကစပြီး ထမင်း လခ မယူတော့ဘူး”
မအေးရင်၏ စကား အဆုံးမှာ အစည်းအဝေး တက်ရောက်လာသူ အားလုံး က
လက်ခုပ်တီးကြသည်။ ခြေသလုံးမှာ ရွှံ့ပေနေကြ သည့် မဲပြာ ဗိုက်ပူကာလသား တွေက
လက်ခုပ်တီးရုံသာ မက လက်ခေါက်မှုတ်ကြ သည်။ အောင်တင်နှင့် ဆရာမလေး နီးစပ်ပြီး
ညာသွားမှာကို မနာလိုသည့် စိတ်ဖြင့် မအေးရင်ကို ထောက်ခံကြ တာဖြစ်သည်။
ကာလသားတွေကို မျက်စောင်း ထိုးကြည့် ပြီး တောက်ခေါက်လိုက်သည့် အောင်တင်၏
တောက်ခေါက်သံက အတော် ကျယ်သည်။
ကိစ္စကပြီးချင်တော့ လည်း
လွယ်လွယ်ဖြင့် ပြီး သွားသည်။ မအေးရင်က သူ့ မောင် ရဟန်းလူထွက် ငထွေးကို
တာဝန်ယူတယ်။ ထမင်းဖိုး မယူဘူးဆိုတော့ ပြီးပြီပေါ့။ မပြီးနိုင်ဖြစ်နေတာ က
အောင်တင်ဖြစ်သည်။ ရပ်ရွာလူကြီးတွေနှင့် ရပ်မိ ရပ်ဖတွေရှေ့မှာ မအေးရင်ကို
သတိပေးသလိုဖြင့် ခြိမ်း ခြောက်လိုက်သေးသည်။
“ဒီမှာ အပျိုကြီး။
ငထွေးက ဆရာမကို တစ်ခုခု လုပ်ရင် ကာယိနြေ္ဒ ပျက်အောင်လုပ်မှု၊ ၀တ္တရား နှောင့်
ယှက်မှုတွေနဲ့ အရေးယူခံရ မယ်ဆိုတာ မှတ်ထားပါ”
“မှတ်ထားစရာ မလို ဘူး သိတယ်။ ငါက စာမတတ်ပေမဲ့ ဥပဒေ တတ်တယ်”
ကဲ ဘာပြောနိုင်သေးလဲ။ ဆရာမလေး ခင်ထားရီ ထမင်းလခ ပေးစရာ မလိုတော့ သည့်အပြင်
မအေးရင်တို့ အိမ်မှာ ဆက်လက် နေထိုင်လို့ ရသွားပြီဖြစ်သည်။ အဲဒီတော့
ရင်ကော့ပြီး ရွာရိုးလျှောက် လမ်းသလားပြ သူက ဘုန်းကြီးလူထွက် ငထွေးဖြစ်သည်။
ဝတ်တာ ဆင်တာ ဟိုတုန်းကလို စုတ်စုတ်ပြတ်ပြတ် မဟုတ် တော့ဘဲ သေတ္တာထဲက
ခေါက်ရိုး ကျိုးနေသည့် ဘန်ကောက် လုံချည်ထုတ်ဝတ်လာ သည်။ သိသည့်လူတွေ ပြော
ကြတာကတော့ သူ့အဖေ လူပျိုတုန်းက ၀တ်ခဲ့သည့် လုံချည်လို့ ပြောကြသည်။ ကြီးတော်
ဒေါ်ရွှေပုံနှင့် မင်္ဂလာဆောင်တုန်းက ၀တ် သည့် လုံချည်ဟုလည်း ပြော ကြသည်။ အက်ႌ
လက်ရှည် အဖြူ၊ ရွှေဖလားရောင် ဘန်ကောက်လုံချည်၊ ခေါင်းတုံး
ဆံတောက်နှင့်ဆိုတော့ ရဟန်း လူထွက်ဒီဇိုင်းပီပြင်နေသည်။
ဆရာမ
ခင်ထားရီကလည်း ထမင်းလခမပေးရ သည့် ကျေးဇူးတရားကို ထောက်ပြီး ငထွေးကို မျက်
နှာသာ ပေးသည်။ ကြီးတော် ဒေါ်ရွှေပုံနှင့် အစ်မ မအေးရင် တို့ကို ရိုရိုသေသေ
ဆက်ဆံ ပြသည်။ ဒီလုပ်ရပ်ဟာ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ် တော့သည်။
ဒေါ်ရွှေပုံနှင့် မအေးရင်ကသာ မက ရွာသူ ရွာသားတွေကပါ ဆရာမ လေးနှင့် ငထွေးတို့
နီးစပ်ပြီး ညားသွားနိုင်သည်လို့ ထင်ကြေး ပေးကြလေတော့သည်။
ဒီလို
ဖြစ်လာတော့ အလှူ့ရှင်မှန်း သိအောင် ငထွေးက မဏ္ဍပ်တိုင်တက် ပြသည်။ ခင်ထားရီ
ပန်ချင် သည့် ပန်းကို ရှာခူးပေးသည်။ ချိုးရေ ငင်ပေးသည်။ စားချင် သည့် မှို၊
မျှစ်ရှာချိုးပေး သည်။ ၀င်းခြံချင်းကပ်နေ သည့် ကျောင်းကို သွားတာတောင်
လိုက်ပို့သလို ဖြစ်အောင် ခင်ထားရီနောက်က လိုက်သွားလိုက်သေးသည်။ အမှန်က
မှိုရှာဖို့၊ မျှစ်ချိုးဖို့ တောင်ပေါ်တက်ရင်း လမ်းကြုံလိုက်တာ ဖြစ်သည်။
အထင်ခံရလည်း မနည်းဘူး ဆိုသည့် ပုံမျိုး လုပ်ပြနေသည်။
ခင်ထားရီက
ငထွေးကို အခွင့်အရေးပေး အလို အလိုက်နေတာ တခြား အကြောင်း တစ်ခုရှိသေး သည်။
သူကြီးသား အောင်တင်၏ အနှောင့်အယှက် အန္တရာယ်က ကာကွယ်နိုင် အောင်ဖြစ်သည်။
ဒါကို သဘော မပေါက်သည့် ဒေါ်ရွှေပုံနှင့် မအေးရင်တို့က မျှော်လင့်နေကြသည်။
နားမလည်သည့် ငထွေးက သွေး နားထင် ရောက်နေသည်။ ဆရာမလေး ခင်ထားရီက ထမင်းဖိုး
ကျေအောင် အားနာပါးနာဖြင့် ငထွေး၏ အသား ယူမှုတွေကို ခွင့်ပြုနေ ရသည်။
ဒေါ်ရွှေပုံနှင့် မအေးရင် တို့ကလည်း ဖြစ်လိုဖြစ်ငြား ဆိုသည့်
မျှော်လင့်ချက်ဖြင့် ငထွေးနှင့် ခင်ထားရီကို နှစ် ယောက်ချင်းတွေ့အောင်
ဖန်တီးပေးသည်။ အလုပ် သွားလုပ်ကြသလိုလို ပုံစံဖြင့် ရှောင်ပေးသည်။ ဒါကို
ခင်ထားရီကလည်း သိ သည်။ သို့သော် ငထွေးသည် ဆရာမလေး ခိုင်းတာကိုသာ
လုပ်ရဲသူဖြစ်သည်။ ချိုးရေ ငင်ပေးပါဆိုလျှင် ငင်ပေး သည်။ မရိုသေ့စကား၊ ထမီ
လျှော်ပေးပါဆိုလျှင်တောင် လျှော်ပေးမည့် သူမျိုးဖြစ် သည်။ ဆရာမလေးက
မခိုင်းလျှင် ခွင့်မပြုလျှင် ဘာမှ မလုပ်ရဲသူဖြစ်သည်။
ဒါပေမဲ့
အသက်တူ အရွယ်တူ ယောက်ျားနှင့် မိန်းမဖြစ်လို့ လျှော့တွက်လို့ မဖြစ်၊
နှစ်ယောက်တည်း အတူရှိနေသည့် အချိန်မှာ အကျပ်ကိုင် အကြမ်းဖက်လာပါက
ကိုယ့်ဘက်က လိမ္မာ ပါးနပ်စွာ ကိုင်တွယ်တက်ရ မည်လို့ စဉ်းစားထားသည်။
ဆရာမလေး ခင်ထားရီ ကို တစ်ဖက်သတ်ကျိတ်ပြီး ပိုးပန်းနေသည့် ငထွေး၏
အခြေအနေကလည်း တစ်နေ့ တခြားပိုဆိုးလာသည်။ သွေး ပူချိန်မြင့်တက်လာသည်။
ဆရာမလေးကို သူ့မျက်စိ အောက်က အပျောက်မခံဘဲ လိုက်ကြည့်နေသည်။ ဆရာမ လေး
ကျောင်းသွားလျှင် ကျောင်းကိုလိုက်သွားပြီး ဟိုယောင်ယောင်၊ သည်
ယောင်ယောင်လုပ်နေသည်။ ဆရာမလေး စာသင်နေချိန် မှာ ငထွေးက စာသင်
ကျောင်းဝင်းထဲက ချုံတွေကို ခုတ်နေသည်။ ကျောင်း အ၀င်လမ်းက မြက်တွေကို
နုတ်နေသည်။ ကျောင်းဆင်း လို့ ဆရာမလေး ထမင်းစား ပြန်လျှင် သူပါလိုက်ပြန်
သည်။ ရွာက ရွာသူရွာသား တွေမြင်လျှင် ဆရာမလေးနှင့် ဟန်ကျနေပြီဟု အထင်ခံရ
လည်း မနည်းဘူးဆိုသည့် အတွေးဖြင့် လုပ်ပြနေတာ ဖြစ်သည်။
တစ်ခါမှာတော့
ရွာ အနောက်ပိုင်းက လမ်း လျှောက်ပြီး ပြန်လာသည့် ဆရာမလေးကို အောင်တင် က
စကားလိုက်ပြောသည်။ ဘယ်ကပြန်လဲ၊ ဘယ်သွား မလို့လဲ၊ ရိုးရိုးသားသား
စကားတွေပြောပြီးသည်နှင့် ရည်းစားစကားတွေ ပြော တော့သည်။
“ထားကို ကိုအောင် ချစ်တယ်။ ကြိုက်တယ်။ တကယ်ကြိုက်တာပါ”
မျက်နှာချင်းဆိုင် စကား ပြောသည့် အောင်တင်ဆီက အရက်နံ့ရသဖြင့် ခင်ထားရီ
ကြောက်သွားသည်။ လမ်း လယ်ကောင်မှာ ဆွဲလားရမ်း လားလုပ်မှာ ကြောက်လို့
အောင်တင်ရှေ့က ပြေးထွက် လာခဲ့သည်။ ခင်ထားရီကို မျက်ခြည်ပြတ်မခံဘဲ လိုက်
ကြည့်နေသည့် ငထွေးကို ရွာ လယ်လမ်းပေါ်မှာ တွေ့လိုက် သည်။ ခင်ထားရီက ငထွေး
ဆီကို ပြေးသွားပြီး ငထွေး၏ လက်မောင်းကို ဆွဲကိုင်လိုက် မိသည်။ ကြောက်ပြီး
အကူ အညီတောင်းလိုက်တာ ဖြစ် သည်။ အောင်တင် လိုက် မလာသည့်အတွက် တော်ပါ
သေးရဲ့ဟု ရင်ဘတ်ကိုဖိပြီး သက်ပြင်းချလိုက်သည်။
“အောင်တင်က ခင် ထားရီကို ဘာလုပ်လဲဟင်”
“ဘာမှ မလုပ်ဘူး။ အိမ်ကို မြန်မြန်ပြန်ကြစို့”
အဲဒီ အဖြစ်အပျက်ဟာ ငထွေးအတွက် အလွန် ကံကောင်းသည့် အခွင့်အရေး ကြီး
ဖြစ်သွားသည်။ ခင် ထားရီ၏ လုံခြုံရေး အတွက် သူ့မှာ တာဝန် ရှိသွားပြီ
ဆိုသည့်ပုံဖြင့် အနီးကပ် စောင့် ကြပ်နေတော့သည်။ ခင်ထားရီက အောင်တင်၏
ရှေ့မှာပင် သူ့လက်မောင်းကို ကိုင်ပြ လိုက်တာဟာ ခင်ထားရီက သူ့ကို
အရဲစွန့်ဖို့ မီးစိမ်းပြ လိုက်တာပဲဟု ယူဆသွားသည်။
ခင်ထားရီဘက်က
အချက်ပြနေပြီ ဖြစ်လို့ ကိုယ့်ဘက်က ဆက်လက်လှုပ်ရှား မှ ခရီးရောက်မည်။ ဆရာမ
လေး ခင်ထားရီကို အမေနှင့် အစ်မအလစ်မှာ ချစ်ရေး ဆိုမည်ဟု ဆုံးဖြတ်လိုက်သည်။
အမေနှင့် အစ်မတို့ကလည်း အိမ်မှာ မရှိသည့် အချိန်က များနေသည်။ ငထွေး အတွက်
ချစ်ရေးဆိုဖို့ အခြေ အနေက အမြဲပေးနေသည်။
ဆရာမလေး ခင်ထားရီ
ထမီရင်လျားဖြင့် သနပ်ခါး လိမ်းနေတာမြင်ရတော့ စိတ် မထိန်းနိုင်တော့ဘဲ
ခင်ထားရီ ၏ အနီးမှာ သွားထိုင်သည်။ ခင်ထားရီ လန့်သွားသည်။ “ကိုထွေး ဒါဘာလုပ် တာလဲ”
“ခင် ခင် ခင်ထားရီကို ကြိုက်လို့။ ကိုထွေးကို ပြန် ကြိုက်ပါနော်”
“သွားပါ။ အိမ်ရှေ့ကို သွားနေပါ။ အရီးပုံနဲ့ မအေး ရင်လာရင် တွေ့သွားပါဦး မယ်”
“မလာဘူး။ အမေနဲ့ မမကြီးတို့က ညနေမိုးချုပ်မှ ပြန်လာမှာ”
“အိမ်ရှေ့ကဖြတ်သွား ဖြတ်လာတစ်ယောက်က မြင်သွားပါဦးမယ်။ သွားပါ တော့”
“ခင်ထားရီ၊ ကိုထွေးကို ကြိုက်ပါနော်။ ခင်ထားရီကို မရရင် ကိုထွေး သေရပါလိမ့် မယ်”
ခင်ထားရီ အကျပ်တွေ့ နေသည်။ ထမီရင်လျားဖြင့် ဖြစ်နေသည်။ အိမ်မှာ နှစ်
ယောက်တည်း ရှိတဲ့အချိန်ဖြစ် နေသည်။ ပိုမိုလုံခြုံအောင်
မျက်နှာသုတ်ပ၀ါကြီးကို ဆွဲ ခြုံလိုက်သည်။ လောလော ဆယ်ရင်ဆိုင်နေရသည့်
အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးနည်းက ခေါင်းညိတ်ပြလိုက်တာ အန္တရာယ်
ကင်းမည်လို့ သိ လိုက်သည်။ ပြုံးပြီး ခေါင်း ညိတ်ပြလိုက်သည်။
“အင်းပါ မသေပါနဲ့။ ကြိုက်ပါတယ်။ အိမ်ရှေ့ကို သွားပါတော့”
မောင်ထွေးသည် ဆရာ မလေး ခင်ထားရီကို လှမ်းဖက်ပြီး ပါးကို နမ်းဖို့လုပ်သည်။
အတော်အရဲ စွန့်ရဟန် တူသည်။ အသားတွေ တုန်နေသည်။ ခင်ထားရီက ငထွေးကို
တွန်းဖယ်ရုန်း သည်။ “ကိုထွေး ဘာလုပ်တာ လဲ။ ကြိုက်ပါတယ်လို့ ပြော ပြီးပြီပဲ။ သွားပါတော့”
“ချစ်လို့ပါ ထားရယ်။ တစ်ခါလောက် နမ်းပါရစေ။ ထားကို တစ်ခါလောက် နမ်းရရင် ကိုထွေး သေပျော်ပါပြီ။ တစ်ခါလောက် နမ်းပါရစေ နော် နော်လို့”
ခင်ထားရီအတွက် အတော်အကျပ်တွေ့သည့် ကာလဖြစ်သည်။ တစ်အိမ် တည်းမှာ
နှစ်ယောက်တည်း သာရှိနေသည့် အချိန် ဖြစ် သည်။ သူတို့အိမ်မှာ နေသည်။ သူတို့
ကျွေးသည့် ထမင်းကို အခမဲ့စားနေသည့် ကာလဖြစ်သည်။ ငထွေး သည်
လူပျော့စိတ်ရူးသမား ဖြစ်သည်။ သူဖြစ်ချင်တာ မဖြစ်ရလျှင်၊ သူလုပ်ချင်တာ
မလုပ်ရလျှင် သူ့ကိုယ်သူပင် သတ်သေမည့်သူဖြစ်သည်။ သူ နမ်းချင်နေသည့် မိမိ၏
ပါးကို တစ်ခါလောက် အနမ်း ခံလိုက်ရတာဟာ မိမိအတွက် ဘာမှ မနစ်နာသော်လည်း
ငထွေးအတွက်တော့ အလွန် အဖိုးတန်သည့် ရတောင့်ရခဲ အခွင့်အရေးကြီးဖြစ်လိမ့်
မည်။ ဒါလောက်တောင် သူ နမ်းချင်နေတာကို နမ်းခွင့်ပေး လိုက်တာဟာ သူ့အတွက် ရော
ကိုယ့်အတွက်ပါ အဆင် ပြေသွားမည်ဟု သတိရ လိုက်သည်။ တစ်ခါတော့
နမ်းခွင့်ပြုလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
“ကိုထွေး နမ်းလိုက်ရင် သနပ်ခါးလိမ်းထားတာ ပျက် ကုန်မှာပေါ့”
“ပြန်လိမ်းရင် ရပါ တယ်။ နမ်းပါရစေနော်”
“တစ်ခါပဲ နမ်းရမယ် နော်”
“တစ်ခါပါပဲ။ တစ်ခါ လောက်နမ်းရရင် သေပျော် ပါပြီး ထားရယ်”
“မသေပါနဲ့။ ကဲ ရော့ နမ်း”
ခင်ထားရီက ငထွေး ၏ နှာခေါင်းအနီးကို ပါးထိုးပေး သည်။ ငထွေးသည် ခင်ထား ရီ၏
ပခုံးနှစ်ဖက်ကို ရွရွလေး ကိုင်ပြီး ယာဘက်ပါးကို အား ပါးတရ ဆွဲရှူနမ်းလိုက်
သည်။ သနပ်ခါးနံ့သင်းသင်း သည် နှာခေါင်းမှ လည် ချောင်း၊ ရင်ခေါင်းကို ဖြတ်
ဆင်းပြီး ချက်တိုင်အထိ ရောက်သွားသည်လို့ ထင် လိုက်သည်။ ရှူသွင်းထား သည့်
လေကို ပြန်ထုတ်ရမှာ နှမြောလို့ ဖြေးဖြေးလေး ပြန်ထုတ်သည်။
“အား မွှေးလိုက်တာ ထားရယ်။ ကိုထွေး ကျေနပ် သွားပြီ။ ကိုထွေးကို ချစ်ပါ နော်။ ထားကိုမရရင် ကိုထွေး ရူးလိမ့်မယ်”
“ကဲ ကျေနပ်ရင်သွား တော့။ မရူးပါနဲ့။ ကိုထွေး ရူးရင် ငထွေးရူး ဖြစ်သွားမှာ ပေါ့”
ငထွေးသည် အောင်ပွဲရ အချစ်သူရဲကောင်းကြီးလို ပျော်သွားသည်။ အောင်ပြီဆို
သည့် အကြောင်းကို အမေနှင့် အစ်မကို ပြောပြမည်။ အလုပ် လုပ်တော့မည်။ ဆရာမလေး
ခင်ထားရီကို မင်္ဂလာဆောင် ယူမည်။ အလုပ်ကြိုးစား မည်။ ဇနီးချော ပညာတတ် မလေးကို
ခြေမွေး၊ လက်မွေး၊ ခြေသလုံးမွေး ဘယ်အမွေးမှ မီးမလောင်စေဘဲ အလှကြည့်
ထားမည်ဟု ရည်ရွယ်သည်။
ကျောင်းပိတ်သည့် ရာသီရောက်တော့ ဆရာမ လေး
မြို့ကိုပြန်သည်။ ငထွေး က မြို့ကို သွားမည့် ကားကြီး ရပ်နားသည့်
ကားလမ်းမကြီး အထိ ဆရာမလေးကို လိုက် ပို့သည်။ ဆရာမလေးကို ကြာ ကြာမခွဲနိုင်ဟု
ကျောင်းမဖွင့် မီပြန်ခဲ့ပါလို့ မှာသည်။ ဆရာ မလေးက ခေါင်းညိတ်ပြုံးပြ ပြီး
မြို့ကားကြီးပေါ် တက် သွားသည်။ မြို့ကိုသွားသည့် ကားကြီး မြင်ကွင်းက
ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ အိမ်ကို ပြန်လာ ခဲ့သည်။
အိမ်ကိုပြန်ရောက် တော့ သူမရှိတော့လို့ လွမ်း နေတော့သည်။
ကျောင်းတွေ
ပြန်ဖွင့် သည့်အခါမှာတော့ သူကြီး အိမ်ကို ကျောင်းဆရာတစ် ယောက်ရောက်လာပြီး
သတင်းပို့သည်။ ဆရာမ ခင်ထားရီ၏ နေရာမှာ လူစား လာသည့် ဆရာဟု သိရ သည်။ ဆရာမလေး
ခင်ထား ရီက မြို့ကျောင်းမှာ တာဝန် ကျနေပြီဟု ပြောသည်။ အသစ်ရောက်လာသည့်
ကျောင်းဆရာနှင့် အတူ ဒေါ်ရွှေပုံမိသားစု အတွက် စာတစ်စောင်ပါလာသည်။
ဒေါ်ရွှေပုံနှင့် မအေးရင်က စာမဖတ်တတ်သည့် အတွက် သူကြီးက ငထွေးကို ခေါ်ခိုင်း
ပြီး ပေးဖတ်လိုက်သည်။
အရီးပုံ၊ မမအေးရင်၊ ကိုထွေးတို့ ကျန်းမာကြပါ
စေ။ ကျွန်မကို ကျွေးမွေး စောင့်ရှောက်လိုက်ကြသည့် အတွက် ကျေးဇူးတင်နေပါ
သည်။ မြို့ကျောင်းမှာ အလုပ် ရလို့ သဖန်းကုန်းရွာကို ပြန် မလာရတော့ပါ။
အမေ့ဘက်က ဆွေမျိုးတစ်စ တော်သည့် အထက်တန်းပြ ဆရာနှင့် လက်ထပ်ပြီးလို့ မင်္ဂလာ
ဆောင်ပြီးပါပြီ။ ကျောင်းပိတ် တော့မှ ခင်ပွန်းနှင့် အတူ ရွာကို
လာလည်ပါဦးမည်။ ခင်ထားရီ
အဲဒီစာကို ဖတ်ပြီးတယ် ဆိုလျှင်ပဲ
ငထွေးသည် အိမ်ကို မပြန်ဘဲ ရွာဦးကျောင်း ကိုသွားသည်။ အိမ်ကို ပြန် မလာသည့်
အတွက် ဘုန်းကြီး ကျောင်းကိုလိုက်သွားကြည့် ရာ သင်္ကန်းပြန်ဝတ်နေတာ
တွေ့ခဲ့ကြရတော့သည်။ ကိုရင်ကြီးလား၊ ဦးဉ္စင်းလား ဆိုတာတော့ နောက်မှ မေး
မည်ဆိုပြီး ကျောင်းက လှည့် ပြန်ခဲ့ကြသည်။
အဏ္ဏ၀ါစိုးမိုး (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
No comments:
Post a Comment