menu

Saturday 4 August 2012

ကိုယ့်ရင်ထဲက ရနံ့(ဆန်းထွန်းသောင်)





(၁)
ဆရာ
ဆရာ (နန္ဒာသိန်းဇံ) ရေးတဲ့ အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ စာအုပ်အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိနေပါပြီ ဆရာ ။ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အမှုဆောင် ပါမောက္ခ ဒေါ်ကြည်ကြည်လှက ဘာသာပြန်ပေးတာပါ။ ဆရာရှိစဉ်က ဘာသာပြန်ခဲ့တာပါ။ စာအုပ်အဖြစ်ခုမှပဲ ထုတ်နိုင်တာပါ။ ဒဿနိကဗေဒ လေ့လာသူတွေ အတွက် အင်္ဂလိပ်ဘာသာနဲ့ ကိုးကားစာအုပ်တစ်အုပ် ဖြစ်လာပါတယ်ဆရာ။
(၂)
ဆရာ
ပထမ၀ါဆိုလပြည့်နေ့ (၃. ၇.၁၂)မှာ ဆရာကွယ်လွန်တာ (၁၁) လရှိသွားပါပြီ ဆရာ။ သည်နှစ်က ၀ါထပ်တဲ့နှစ်ပါဆရာ။ ဒုတိယ၀ါဆို လပြည့်နေရောက်မှ ဓမ္မစကြာနေ့ဖြစ်မှာပါ။ သည်လကတော့ ဇူလိုင်လမို့ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပကြပါတယ် ဆရာ။
မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ နိုင်ငံအကျိုး အများအကျိုးအတွက် စွန့်စားဆောင်ရွက်ခဲ့ကြသူတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရ ပူဇော်တဲ့နေ့ပါဆရာ။ အာဇာနည်စိတ်ဓာတ်ဆိုတာ လောကအကျိုး၊ အများအကျိုး၊ နိုင်ငံအကျိုးနဲ့၊ မိမိရဲ့ အသိဉာဏ် ပညာအကျိုးကို မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ ဖြည့်ဆည်းဆောင်ရွက်ခြင်းပါ။ အာဇာနည်စိတ်ဓာတ်ရှိတဲ့သူတွေ အများစုရှိတဲ့ လူအဖွဲ့အစည်းတစ်ခုဟာ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် အားထုတ်နိုင်တယ်လို့ တွေးမိပါတယ်ဆရာ။ အာဇာနည်နေ့ကို အလေးအမြတ်ပြုတာ အာဇာနည်စိတ်ဓာတ်ကို အလေးအမြတ်ပြုတာပါ ဆရာ။ အာဇာနည်စိတ်ဓိတ်ကို အားပေးတာပါ။ ပြုစုပျိုးထောင်ပေးတာပါ။

(၃)
ဆရာ
ဆရာရဲ့ အရိမဒ္ဒနမှ တွေးမြင် ရနံ့တို့  ဝေ့ပျံ့နေဆဲ စာအုပ်ရဲ့  ပထမဆောင်းပါးကို ပြန်ဖတ်မိပါတယ်။ ပုဂံ မနူဟာဘုရားမှာ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေတော်အစုံကို ဆရာက ဦးခိုက်ရှိခိုးတယ်။ အများကောင်းကျိုး သယ်ပိုးခဲ့တဲ့ ခြေ တော်အဖြစ် ဦးခိုက်ခဲ့တယ်။ ပြီးတော့ ကိုယ်လျောက်လှမ်းနေတဲ့ ခြေလှမ်းများသည်လည်း အချည်းနှီးခြေလှမ်းများမဖြစ်ဖို့ သတိထားလျောက်နေမိကြောင်း ဆရာက ရေးထားတာပါ။ ဗုဒ္ဓယဉ်ကျေးမှု အစဉ်အလာဆိုတာ မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ အများ အကျိုးဆောင်တဲ့ အစဉ်အလာပါ။ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာက ဗုဒ္ဓယဉ်ကျေးမှု အစဉ်အလာနဲ့ ပုဂံခေတ်ကတည်းက ဆက်နွယ်ခဲ့တာပါ။ ပုဂံအစဉ်အလာဆိုတာ မြန်မာအစဉ်အလာပါ။ မြန်မာအစဉ်အလာက မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ အများ အကျိုးဆောင်တဲ့ အစဉ်အလာပါ။ အာဇာနည်စိတ်ဓာတ် အစဉ်အလာပါ။ အစဉ်အလာကို စောင့်ရှောက်ရပါမယ်။ တိုးတက်စေရပါမယ်။ သည်နှစ် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အဆင့်ပြန်လည် ကျင်းပပါတယ် ဆရာ။ အစဉ်အလာကောင်းကို ပြန်လည်ထိန်းသိမ်းနေပါပြီဆရာ။
(၄)
ဆရာ
ဆရာရဲ့ အရိမဒ္ဒနမှ တွေးမြင် ရနံ့တို့ဝေ့ပျံ့နေဆဲ စာအုပ်ထဲက ပြောင်းလဲခြင်းကို တန်ဆာဆင်ခြင်းကိုလည်း ပြန်ဖတ်မိပါတယ်။ ပုဂံမြစေတီကျောက်စာက ဘ၀သင်္ကေတဆိုတဲ့ စကားအကြောင်း ရေးထားပါတယ်။ သက်ဆိုင်ရာအကြောင်းတို့ကြောင့် ဖြစ်ပျက်ပြောင်းလဲနေသော ဘ၀ဖြစ်စဉ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆရာက ဒဿနိကဗေဒရှုထောင့်က ရေးပါတယ်။ ခိုင်မြဲတဲ့ အတ္တ၊ ဇီဝ၊ ၀ိညာဉ်ဆိုတဲ့ စိတ်အခြေခံဝထ္ထုကို လက်မခံ၊ ခိုင်မြဲတဲ့ ရုပ်အခြေခံ ၀ထ္ထုကို လက်မခံတဲ့ မြန်မာအစဉ် အလာ အတွေးအခေါ် ဖြစ်တယ်လို့ ဆရာက မိန့်ဆိုပါတယ်။ မြစေတီ ကျောက်စာက မြန်မာအစဉ်အလာ အတွေးအခေါ်အစဖြစ်မှာပါ ။ မြန်မာစာ ဆရာတွေကတော့ မြစေတီကျောက်စာက မြန်မာစာပေရဲ့အစလို့  ပြောကြပါတယ်။ ရာဇကုမာရ မင်းသား က ကျန်စစ်သားမင်းကြီးကို ကျေးဇူးဆပ်တဲ့ ကုသိုလ်ကောင်းမှုမှတ်တမ်း ကျောက်စာဖြစ်လို့ မြန်မာစာပေအစ ကျေးဇူးဆပ်ခြင်းကလို့လည်း မြန်မာပညာရှင် ဆရာကြီးဦးဖေမောင်တင်က မိန့်ဆိုခဲ့ပါတယ်ဆရာ။
(၅)
ဆရာ
ဆရာ ဆက်ရေးတာက မြန်မာတွေက ပြောင်းလဲခြင်းကို အမှန်တရားအဖြစ်ခံယူပြီး လောကကြီးကို ရဲရဲရင်ဆိုင်တဲ့ လူမျိုးတွေလို့ ဆိုပါတယ်။ ပြောင်းလဲခြင်းဆိုတာ ပရမ်းပတာ ပြောင်းလဲခြင်းမဟုတ်၊ သက်ဆိုင်ရာ ကြောင်းကျိုးတရားများအရ ပြောင်းလဲ နေတဲ့ ဖြစ်စဉ်ဖြစ်တယ်။
လူဆိုတာ သက်ဆိုင်ရာကြောင်းကျိုးတရားများအရ ဖြစ်လာရတယ်။ တန်ခိုးရှင်က ဖန်တီးပေးတာမဟုတ်။ ကိုယ့်ရဲ့ ကံ ဉာဏ် ၀ီရိယကိုသာ အားကိုးရမယ်။ မိမိဘ၀ကိုကောင်းအောင်ဆိုးအောင် ဖန်တီးပေးတာ မိမိကိုယ်တိုင်ဖြစ်တယ်ဆိုတဲ့ မြန်မာအစဉ်အလာ အတွေးအခေါ်ကို ဆရာက ရေးထားပါတယ်။ နိုင်ငံတစ်နိုင်ငံကို ကောင်းအောင် ဆိုးအောင်ဖန်တီးတာလည်း နိုင်ငံသားတစ်ဦးခြင်းရဲ့ ကံ ဉာဏ် ၀ီရိယတွေ ဖြစ်မယ်ထင်ပါတယ်ဆရာ။

အရိမဒ္ဒနဆိုတာ ပုဂံပြည်ရဲ့ အမည်တစ်ခုပါ။ အရိမဒ္ဒနအဓိပ္ပာယ်က ရဲရင့်သော၊ လုံ့လ၀ီရိယရှိသော၊ ရန်ကို ချေမှုန်းလေ့ရှိသော ပုဂ္ဂိုလ်ထူးတို့ နေရာပါ ဆရာ။ အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ စာအုပ် အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိလာတာဟာ မြန်မာဒဿနပညာရှင်တစ်ဦးရဲ့ မြန်မာအစဉ်အလာ အတွေးအခေါ်ကို နိုင်ငံတကာ ဘာသာစကားနဲ့ ထုတ်ဝေတာမို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ် ဆရာ  . . .

(၆)
ဆရာ
အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲစာအုပ်မှာ ကံနဲ့ ပတ်သက်ပြီး ဆရာကဆက်ရေးပါတယ်။ ကြမ္မာအကြောင်း မယိုးကောင်း ဆောင်းပါးမှာပါ။ ကိုယ့်ရဲ့ မအောင်မြင်မှုကို ကံမကောင်းလို့ဆိုပြီး ကိုယ့်ကြောင့် မဟုတ်သလို ပြောတတ်ကြတယ်။ မိမိရဲ့ဝီရိယနဲ့ ဉာဏ်ပညာအား နည်းတာကို မပြောတော့ဘူးတဲ့။
အတိတ်ကံကြောင့် အောင်မြင်မှု မအောင်မြင်မှုဖြစ်ရတယ်လို့  ယူဆခဲ့ရင် ကံ နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အမြင်မဟုတ်ပါ။ ပစ္စုပ္ပန် ဉာဏ် ၀ီရိယ အစွမ်းအကြောင်းတရားကို ပစ်ပယ်ရာရောက်ပါတယ်။
တန်ခိုးရှင်က ဖန်တီးမှုကြောင့် အောင်မြင်မှု မအောင်မြင်မှုဖြစ်ရတယ်လို့ ယူဆခဲ့ရင်လည်း ကံနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင် မဟုတ်ပါ။ မိမိရဲ့ ကိုယ်ပိုင်စွမ်းအား ကံဉာဏ်ဝီရိယ ဆိုတဲ့ အတိတ်နဲ့ ပစ္စုပ္ပန် အကြောင်းတရားကို ပစ်ပယ်ရာရောက်လို့ ကံ နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့အမြင်မဟုတ်ပါ။
အောင်မြင်၊ မအောင်မြင်မှုဖြစ်ရတာ အတိတ်ကံအကြောင်းနဲ့ လုံးဝမဆိုင်ဟု ယူဆခဲ့ရင်လည်း ကံနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အမြင် မဟုတ်ပါ။ အကြောင်းတရားကို ပယ်တဲ့မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။
အတိတ် ပစ္စုပ္ပန် သက်ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်ပျက်ပြောင်းလဲနေတဲ့ ဘ၀ဖြစ်စဉ် ကံအကြောင်းကို မှန်မှန်ကန်ကန် သိတဲ့ဉာဏ်ပညာက မြန်မာ့အတွေးအခေါ်ရဲ့ အခြေခံစည်းမျဉ်းတစ်ခုပါဆရာ။

(၇)
ဆရာ
ဆရာက ပုဂံက မြန်မာ့အနုပညာ ဗိသုကာလက်ရာ စေတီပုထိုးတွေကို ခံစားမှု၊ တွေးခေါ်မျော်မြင်မှုတွေနဲ့ ဆက်ပြီးရေးဖွဲ့ပါတယ်။ လူတို့ကိုယ်တိုင်သာလျှင်ဆိုတဲ့ ဆောင်းပါးမှာတော့ ဆရာက လူမျိုးစု၊ လူ့အဖွဲ့အစည်း၊ တိုင်းနိုင်ငံတို့အောင် မြင်မှုဆုတ်ယုတ်မှု၊ မြင့်မြတ်မှုနိမ့်ကျမှုဆိုတာ အဲဒီလူမျိုးစု၊ လူ့အဖွဲ့အစည်း၊ တိုင်းနိုင်ငံရှိလူများ၏ စေတနာ ကံ ဉာဏ် ၀ီရိယတို့ကြောင့်သာဖြစ်တယ်လို့ မိန့်ဆိုထားပါတယ်။
ပုဂံက မြန်မာ့ အနုပညာ ဗိသုကာ လက်ရာစေတီပုထိုးတွေကို ပုဂံသားတွေက မြန်မာ့ကိုယ်ပိုင်ဟန်တွေနဲ့ တည်ဆောက်ခဲ့တယ်။ ပုဂံသားတွေက ပုဂံအစဉ်အလာကို မြန်မာအစဉ်အလာအဖြစ် အမွေပေးခဲ့တယ်လို့ ဆရာက ဆက်ရေးခဲ့ပါတယ်။
(၈)
ဆရာ
အပယ်ရတနာ လိုဏ်ဂူဘုရား နံရံကကြာ ပန်းပန်းချီတွေအကြောင်း ဆရာဆက်ရေးပါတယ်။ သူချစ်ရှစ်ချပ်ကြာဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ကြာပွင့်ဖတ် ရှစ်ခုနဲ့ စိတ်ကောင်း စိတ်မြတ်ရှစ်ခုအကြောင်းပါ။
အများကောင်းကျိုးကောင်းမှု ဆောင်ရွက်တဲ့အခါ ကိုယ့်ဆန္ဒ၊ ကိုယ့် အသိဉာဏ်ပါသည့်အခါဖြစ်စေ မပါသည့်အခါ ဖြစ်စေ၊ ၀မ်းမြောက်ဝမ်းသာ ဆောင်ရွက်တဲ့ စိတ်စေတနာကောင်း လေးမျိုးရှိတယ်။ ပြီးတော့ တစ်ခါတ လေ တွေ့ကြုံရတဲ့ အခြေအနေ အခက်အခဲကြောင့် အများကောင်းကျိုး ကောင်းမှုဆောင်ရွက်တဲ့အခါ ကိုယ့်ဆန္ဒ၊ ကိုယ့်အသိဉာဏ် ပါသည့်အခါဖြစ်စေ မပါသည့်အခါဖြစ်စေ၊ စိတ်အားတင်းပြီး လုပ်ဆောင်တဲ့ စိတ်စေတနာ ကောင်းလေးမျိုးဖြစ်ပါတယ်။ စိတ်ကောင်း စိတ်မြတ်ရှစ်ခုပါ။ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ အာဇာနည်စိတ်ဓာတ်ဆိုတာ အဲဒီစိတ်ကောင်းစိတ်မြတ်ရှစ်ခု ဖြစ်မှာပါဆရာ။

(၉)
ဆရာ
အဆုံး၏ ကောင်းခြင်းဆောင်းပါးမှာတော့ ခရီးသွားလူတစ်စုအကြောင်း ရေးပါတယ်။ ဘုန်းကြီးတစ်ပါး၊ ကိုရင်ငယ်တစ်ပါးနဲ့ အသက်ကြီးတဲ့ ဒကာ ဒကာမကြီးတွေ ပါပါတယ်။ လမ်းခရီးမှာ လမ်းပျောက်နေလို့ ဘယ်ဘက်ကို ဆက်သွားရမလဲ သိဖို့  ကိုရင်ငယ်ကို သစ်ပင်မြင့်ပေါ်တက်ပြီး အရပ်မျက်နှာ ကြည့်စေပါတယ်။ ကိုရင်တက်သွားတော့ ဒကာ ဒကာမကြီးတွေက သတိထားဖို့ တဖွဖွ ပြောကြတယ်။ ဘုန်းကြီးကတော့ ဘာမှမပြောပါ။ ဘုန်းကြီးက ဘာမှ မပြောသတိမပေးလို့ ဒကာ ဒကာမ တွေက သိပ်မကျေနပ်ကြပါ။ ကိုရင် ပြန်ဆင်းလာလို့ မြေကြီးရောက်ခါနီး ဒကာ ဒကာမတွေရဲ့ သတိပေးသံ တိတ်သွားမှ ဘုန်းကြီးက ကိုရင် သတိထားဆင်းလို့ ပြောပါတယ်။ အမယ်လေးဟဲ့ မြေပြင်ရောက်ခါနီးမှ သတိပေးတယ်လို့ မကျေမနပ်ပြော ကြတယ်။ တကယ်တော့ လူ့သဘာဝအရ လုပ်ငန်းအစပိုင်းမှာ သတိဝီရိယနဲ့ လုပ်တတ်တယ်။ ပြီးခါနီးမှာ မာန်မာနတွေဝင်ပြီး သတိဝီရိယ ကင်းသွားပြီး မှားတတ်တယ်။ ကိုရင်လေးလည်း မြေပြင်ရောက်ခါနီးမှာ သတိဝီရိယ ကင်းသွားပြီး ခြေချော် လက်ချော်ကျနိုင်လို့ ဘုန်းကြီးက သတိပေးတာလို့ ဆိုပါတယ်။
ကျုပ်တို့ ဗိုလ်ချုပ်နောက်ဆုံး ပြောသွားတဲ့ မိန့်ခွန်းထဲက ဒို့နိုင်ပြီဆိုပြီး တက်ထောင်ချင်ကြတဲ့ ပြိုင်ပွဲဝင်လှေသမားတွေအကြောင်း သတိရတယ်လို့ ဆရာက ဆက်ရေးထားပါတယ်။
(၁၀)
ဆရာ
အရိမဒ္ဒနဆိုတာ ပုဂံပြည်ရဲ့ အမည်တစ်ခုပါ။ အရိမဒ္ဒန အဓိပ္ပာယ်က ရဲရင့်သော၊ လုံ့လ၀ီရိယရှိသော၊ ရန်ကိုချေမှုန်းလေ့ရှိသော ပုဂ္ဂိုလ်ထူးတို့နေရာပါ ဆရာ။ 
အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ စာအုပ်အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိလာတာဟာ မြန်မာဒဿနပညာရှင်တစ်ဦးရဲ့ မြန်မာအစဉ်အလာ အတွေးအခေါ်ကို နိုင်ငံတကာ ဘာသာစကားနဲ့ ထုတ်ဝေတာမို့ ၀မ်းမြောက်ဂုဏ်ယူမိပါတယ် ဆရာ။ ဘာသာပြန်ပေးတဲ့ ဆရာမကြီး ဒေါ်ကြည်ကြည်လှကိုလည်း အထူးကျေးဇူးတင်နေမိပါတယ် ဆရာ။ ဆရာရဲ့ မြန်မာအစဉ်အလာတွေး မြင်ရနံ့တွေဟာ ဝေ့ပျံ့နေဆဲပါဆရာ။ ဝေ့ပျံ့နေဆဲပါ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis