menu

Saturday 4 August 2012

သေဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၁၉ နှစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော ကိုဖြိုးဝေအောင်နှင့်တွေ့ဆုံခြင်း

၂ဝ၁ဝ ပြည့်နှစ် သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ် လမ်းပေါ်က X20 မဏ္ဍပ်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူပြီး သေဒဏ်တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်
၁၉ နှစ် အပြစ်ပေးခဲ့သော ကိုဖြိုးဝေအောင် ကို ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ပုဒ်မ ၄ဝ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ယင်းကဲ့ သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း ၄င်း ဆေးကုသခံယူနေသော အင်းစိန်ဆေးရုံအခပေး အခန်းအမှတ် (၄) ရှိ လူနာကုတင်ပေါ်တွင်Messenger က တွေ့ဆုံမေးမြန်းမှုပြုခဲ့သည်

အခု ထောင်က ထွက်လာပြီဆိုတော့ အစ်ကို ဘယ်လို ခံစားရလဲ။
ကျွန်တော်ဘာမှ မခံစားရပါဘူး၊ ခြေထောက်မှ ခြေကျင်းမရှိတော့တာပဲ ကွာတယ်၊ ကျွန်တော့်ရဲ့ အောက် ပိုင်းတစ်ခုလုံး လှုပ်လို့မရတော့ဘူး၊ ဆေးရုံခုတင်ပေါ်မှာ နေနေရတာပဲ။


ကိုဖြိုးဝေအောင်အမှုမှာ ကွဲလွဲမှုတွေရှိခဲ့တယ်လို့ကြားရ တော့ X20 မဏ္ဍပ် ဗုံးပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ဘယ် နေရာရောက်နေလဲ။
ဗုံးပေါက်တဲ့အချိန်မှာ ကျွန်တော်က သူငယ်ချင်း လုပ်ငန်းအတွက် ပစ္စည်းလိုက်ဝယ်ပေးနေလို့ တက္ကစီ ကားပေါ်မှာ ရှိနေပါတယ်။ နောက် လေးနာရီလောက်မှာ ရန်ကင်းစင်တာ စီးတီးမက်(ခ်)က လုပ်ငန်းခွင်ထဲမှာ လူအယောက်လေးဆယ်နဲ့အတူ အလုပ်လုပ်နေတာ၊
လူအယောက်လေးဆယ်ကရော ကိုဖြိုးဝေအတွက် ရုံးမှာ သက်သေထွက်မပေးဘူးလား။
အဲဒီလူတွေကို ရဲဘက်က ကြိုတင်ထွက်ချက်ယူပြီး တရားလိုသက်သေနဲ့တင်ခဲ့တာပါ။
တရားလိုသက်သေတွေကရော ရုံးတော်မှာ ဘယ်လိုထွက် ချက်ပေးလဲ။
ကျွန်တော်နဲ့အတူတူမရှိဘူးလို့ ပြောကြတယ်၊ သူတို့ အချင်းချင်းပြောရင်းနဲ့ပဲ ငြိကုန်ပြီး အမှန်တရားတစ်ခုပေါ် လာတယ်။
တရားရင်ဆိုင်ခဲ့ရတာ အမိန့်ကရော ဘယ်လိုချလိုက်လဲ။
သေဒဏ်ရယ်၊ တစ်ကျွန်းရယ်၊ ၁၉ နှစ်ရယ်၊ တစ် ပေါင်းတည်းကျခံခိုင်းတာဆိုတော့ သေဒဏ်ကျတာပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လောက်နေပြီး ဆေးရုံကို ရောက်တာလဲ။
ထောင်ထဲမှာ တစ်ရက်ပဲ နေရတယ်။ ၅ လပိုင်း ၈ ရက်နေ့မှာ ထောင်ကျတယ်။ ၁ဝ ရက်နေ့မှာ ဆေးရုံ စတက်ရတယ်။
ဆေးရုံစတက်တဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိ နေခဲ့လဲ။
အဲဒီတုန်းက ကျွန်တော်ဆေးရုံကို လမ်းလျှောက် လာတာ အသည်းကတော့ ရောဂါရှိမှန်းသိနေတာပေါ့၊ မေလကုန်လောက်ထိ ကျွန်တော့်ခြေထောက်က အကောင်း ပါ။
အစ်ကို့ကျန်းမာရေးအခြေအနေက ထောင်ကျပြီး ဆေးရုံ တက်ကာမှ အခြေအနေဆိုးလာတယ်လို့ ပြောလို့ရမလား။
အမှန်အတိုင်းပြောရရင် အသည်းကင်ဆာကို ကုသ ချင်တာက ၃ လပိုင်း ၅ ရက်နေ့ကတည်းက ကုချင်တာ၊ ထောင်ထဲမှာ အချိန်တွေအများကြီး ကုန်ခဲ့ရတယ်။ ဆေး ရုံရောက်တဲ့အချိန်မှာတော့ အများကြီးနောက်ကျနေပြီ၊ အသည်းကင်ဆာကတော့ ပြဿနာမရှိဘူး၊ ဖြစ်ရမယ့် ရောဂါဖြစ်မှာပဲ၊ အောက်ပိုင်းချိနေတာက မဖြစ်သင့်တဲ့ ရောဂါ၊ အသည်းရောင်နေမှန်း ထောင်ဆေးရုံကသိက တည်းက အသည်းအထူးကုနဲ့ပြရရင် ကျွန်တော့်ခြေ ထောက် ခုလိုဖြစ်မှာမဟုတ်ဘူး။
အစ်ကိုကရော ထောင်အာဏာပိုင်တွေကို ဆေးဝါးကုသ ခွင့်ရဖို့ မပြောဘူးလား။
ကျွန်တော်ကိုယ်တိုင်လည်း တစ်ပတ်တစ်ခါပြော နေသလို ကျွန်တော့်မိသားစုကလည်း နည်းမျိုးစုံနဲ့ စာ တွေ တင်ထားတယ်။
စစ်ကြောရေးမှာ ကိုဖြိုးဝေအောင်က ဘယ်လိုဖြောင့်ချက် ပေးခဲ့တာလဲ။
ဇာတ်လမ်းကြီးတစ်ခုလုံး ယုတ္တိရှိအောင် စီစဉ်ထား တယ်၊ ကျွန်တော်နဲ့ တကယ်ပတ်သက်ခဲ့တဲ့ သူငယ်ချင်း တွေပါအောင် ဇာတ်လမ်းတစ်ခုတည်ဆောက်တယ်၊ အ ချို့ဟာတွေက အလွတ်ကျက်ရတယ်၊ အချို့ဟာတွေက တော့ ကျွန်တော် ဖြတ်သန်းခဲ့တာတွေပါအောင်ထည့် တယ်၊ ဒီလိုနဲ့ ၁ဝ မျက်နှာလောက်ရေးပြီး လက်မှတ်ထိုး ခဲ့တယ်၊ တရားသူကြီးရှေ့မှာ ပြောပြခဲ့တာ။

အစ်ကိုမကျူးလွန်ဘူးဆိုရင် ဘာဖြစ်လို့ ဖြောင့်ချက်ပေးခဲ့ တာလဲ။
အဲဒီနေရာမှာ အကြောက်တရားဆိုတာ ရှိတယ်ဗျ၊ ကိုယ်တစ်ယောက်တည်းနဲ့ဆိုင်သလို မိသားစုဆိုတာ ရှိတယ်၊ ကျွန်တော်တို့ ခင်ဗျားတို့သိပါတယ်၊ အဲဒီခေတ်က ထောက်လှမ်းရေးရဲ့ စစ်ကြောရေးဆိုတာကို ကျွန်တော့် မိသားစုအတွက် ဘာမှမဖြစ်ဘူးဆိုတာ သေချာရင် ကျွန် တော်ဒီလို လုပ်စရာမလိုဘူး။

ကျန်းမာရေးအခြေအနေက ဆိုးဝါးပြီးလမ်းမလျှောက် နိုင်တော့ဘူးဆိုတော့ အစ်ကိုဘယ်လိုရင်ဆိုင်မလဲ။
အိမ်မှာ စီးပွားရေးရှာနိုင်တာက ကျွန်တော်တစ် ယောက်ထဲပဲ ရှိတယ်။ ကျွန်တော့်ကို ဖမ်းလိုက်တော့ စီးပွားရေးမှာ ဝင်ငွေမရှိဘူး၊ ကျွန်တော့်အဘိုးအဘွား တွေက ထောက်ပံ့နေရတာပေါ့။
မိသားစုတာဝန်နဲ့ အစ်ကို့ကျန်းမာရေးကို ဘယ်လိုဖြေ ရှင်းမလဲ။
ကျွန်တော့်ဇနီးနဲ့တော့ ပြောထားတယ်၊ ကျွန်တော့် အနေနဲ့ ဆန်ကုန်မြေလေးမဖြစ်အောင်တော့ လုပ်ရမှာပေါ့။

လူ့အခွင့်အရေးကော်မရှင်က မစ္စတာ ကွင်းတာနားနဲ့ တွေ့ တုန်းက သူဘာပြောခဲ့လဲ။
သူက ကျန်းမာရေးအကြောင်းပြောတယ်၊ သူကိုယ် တိုင် ကျွန်တော်လွတ်မြောက်ဖို့အတွက် တောင်းဆိုပေး မယ်ပေါ့ဗျာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း တောင်းဆိုပေးနေတယ်၊ စိတ်ဓာတ်မကျနဲ့လို့ ပြောတယ်။

အစ်ကိုကရော ဘာတွေ ပြန်ပြောခဲ့လဲ။
အဓိကကတော့ ခြေထောက်ကိစ္စပြောတယ်။ ဖြစ် သင့်တာကတော့ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက် မှုကောင်းကောင်းမွန်မွန်ရှိစေချင်တယ်။ မစ္စတာ ကွင်း တားနားလို စိတ်ဝင်စားခံရတဲ့ ကျွန်တော်လိုလူတောင် ဒီလိုဆက်ဆံရင် သာမန်လူဆိုရင် ဘယ်လိုဆက်ဆံမလဲ။ ခင်ဗျားစဉ်းစားပါလို့ ပြောလိုက်တယ်၊ သူကလည်း စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ကိုဖြိုးဝေအောင်က စီးပွားရေးအရရော ရုပ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းပါ ထိခိုက်ခဲ့ရတာဆိုတော့ ဘယ် လိုရပ်တည်မလဲ။
ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီယာတစ်ယောက်ပါ။ နောက်ဆုံးအဆင့် ဝှီးချဲလ်ပေါ်မှာ အလုပ်လုပ်လို့ရတဲ့ အဆင့်ဖြစ်အောင် ကျွန်တော်ကြိုးစားမှာပါ။
စနစ်တစ်ခုရဲ့ မှားယွင်းမှုကြောင့် နိုင်ငံသားတစ်ယောက်
နစ်နာခဲ့တယ်လို့ ပြောခဲ့တယ်။ အစ်ကို့ရဲ့နစ်နာမှုအတွက် ဘယ်လိုစီစဉ်ထားတာမျိုးတွေ ရှိလဲ။
အဲဒါ ဥပဒေကြောင်းအရ သွားရမယ့်အပိုင်းတွေ အများကြီး ရှုပ်ထွေးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရ ရင် တရားမအမှုတွေမှာ ကျွန်တော်တို့ဆီမှာ အမြင်မကျယ် သေးဘူး။ နစ်နာကြေးတောင်းဖို့ဆိုတာ မလွယ်ပါဘူးဗျာ။

အခု အစ်ကို့ရဲ့ဖြစ်စဉ်မှာ ဘယ်လိုအကြောင်းအရာတွေ အားနည်းချက်တွေကြောင့် ဖြစ်ခဲ့တာလဲဆိုတာ ဘယ်လို သုံးသပ်လဲ။
အဲဒါက နှစ်ပိုင်းရှိတယ်၊ ကျွန်တော့်အပိုင်းရယ်၊ ရဲအပိုင်းရယ်ပေါ့၊ ကျွန်တော့်အပိုင်းကတော့ အကြောက် တရားပေါ့၊ စိုးရိမ်မှုတွေ ရှင်းရှင်းပြောရရင်တော့ ကိုယ်ညံ့ လို့ ကိုယ်ခံရတာပေါ့၊ ရဲဘက်ပိုင်းကျတော့ ကျွန်တော်တို့ နိုင်ငံရဲတပ်ဖွဲ့မှ ခေတ်သစ်မှုခင်းဖော်ထုတ်မှုစွမ်းအား နည်းပါးတယ်၊ ကျွန်တော့်အမှုမှာဆို လက်ဗွေ၊ တယ်လီ
ဖုန်းတစ်လုံးပါတာပဲ၊ ဖုန်းကတ်တွေ၊ ဘက်ထရီတွေ အဲဒါတွေပါပြီး ကျွန်တော့်လက်ဗွေ တစ်ခုမှမပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီး အခိုင်အမာရှာတာတွေ အားနည်း ပြီး တရားခံကို ဖြောင့်ချက်ပေးခိုင်းတာမျိုးတွေရှိနေဦး မှာပါ။ သူတို့ဘက်က မပြည့်စုံမှုနဲ့ ကျွန်တော့်ဘက်က အသုံးမကျမှုကြောင့် ကျွန်တော်ခံရတာပါ။

 Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis