menu

Sunday 15 January 2012

အနီရောင် မျက်ရည် (အာဝါသ)


လောက လူသားတိုင်း၏ စိတ်အစဉ်တွင် ဘ၀တစ်လျှောက် မေ့ဖျောက်ရန် ခက်ခဲသော အကြောင်းအရာ၊ အဖြစ် အပျက်တို့ တစ်ခုမဟုတ် တစ်ခု ကိုယ်စီ ရှိကြမြဲ ဖြစ်မည် ထင်သည်။
အတိတ်က ဂုဏ်ယူဖွယ် အောင်မြင်မှု အတွက် ပျော်တပြုံးပြုံး အဆုံးမရှိ ပီတိဖြစ်ရ သူများ ရှိသကဲ့သို့ ခါးသီးဖွယ် ပေးဆပ်ဆုံးရှုံး ရမှုအတွက် အမှားကြီး မှားမိ လေခြင်းဟု ခံပြင်းကာ သင်ခန်းစာယူ မမေ့နိုင်ကြ သူများလည်း ရှိနေမည်မှာ အသေ အချာပင်။ ထို့ပြင် သမုဒယ အနွယ်ဝင် ပုထုဇဉ် လူသားများ ဖြစ်သည်မို့ ချစ်ခြင်း၊ မုန်းခြင်း၊ ပြုံးခြင်း၊ မဲ့ခြင်းတို့ နှင့်လည်းလုံးလုံး ကင်းနိုင်ကြသည် မဟုတ်လေရာ တချို့က ချစ်သူကြင်သူ၊ အသွင်တူချင်း ဆုံစည်း ပေါင်းဖက်ခွင့် ရကြသဖြင့် တစ်သက်တာလုံး ပြုံးပျော်ရွှင်မြူး ကြည်နူးဝမ်းသာ ကြရ ပါသော်လည်း တချို့မှာမူ ကံအကြောင်း မကောင်းလှ လေသဖြင့် ကွေကွင်းခွဲခွာ ဝေးကြပြန်သော အခါ ကြွေကွဲစရာ ဒဏ်ရာကျန်ရစ် မေ့ပစ်ဖို့ ခက်သူများလည်း ရှိနေကြ မည်သာ။
သံသရာတွင် ကျင်လည် ရှင်သန်ခွင့် ရနေသမျှ အကောင်းအဆိုး လောကဓံ တရားတို့နှင့် မည်သူကင်းလွတ် နိုင်ပါမည်နည်း။


၁။
ကျွန်တော့် သူငယ်ချင်း  ကိုချစ်အောင်သည် မပြန်လမ်းသို့ ထွက်သွားလေသူ ချစ်သူ ဇနီးအား မေ့ရန်ကြိုးစား နေသည့်တိုင် တကယ်တမ်းတော့ မေ့နိုင်သေးသည် မဟုတ်။ မေ့မရသည် သာမက နှမြောခြင်း၊ ၀မ်းနည်းခြင်း တို့နှင့်အတူ နောက်ဆက်တွဲ သူကြုံတွေ့ရင်ဆိုင်ရသည့် ၀န်းကျင် လူမှုဂယက် အကျိုးဆက် များကြောင့် ဘူးလေးရာ ဖရုံဆင့် သဖွယ် ဖြစ်နေတော့သည်။

ခုဆိုလျှင် သူ့ဇနီး ကွယ်လွန် ခဲ့သည်မှာ ၃ နှစ်မျှပင် ကြာခဲ့လေပြီ။ ဇနီး မရှိတော့ သည့်နောက် လက်ထပ်ချိန် ကတည်းက စတင်နေထိုင် လာခဲ့သော နေရာဟောင်းကို စွန့်ခွာကာ ပတ်ဝန်းကျင်သစ် တစ်ခုသို့ တိတ်ဆိတ်စွာ ပြောင်းရွှေ့ သွားခဲ့လေသည်။ ထိုအချိန်မှ စ၍ ခင်မင်ရာ သူငယ်ချင်း အပေါင်းအသင်းများ နှင့်လည်း ဝေးကွာသွားရ သည်မှာ ကျွန်တော်နှင့်ပင် သူ့ဇနီး ၂ လပြည့် အထိမ်း အမှတ်အဖြစ် မြောက်ဥက္ကလာပရှိ ဝေဘာဂီ ဆေးရုံတွင် သွားရောက် လှူဒါန်းစဉ်က နောက်ဆုံး တွေ့ခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်း များနှင့် အဆက်အသွယ် ပြတ်တောက် နေရခြင်းမှာ သူပြောင်းသွားသည့် နေရာသစ်ကို မည်သူမျှ မသိကြ၍ ဖြစ်သလို သူကိုယ်တိုင် ကလည်း လျှို့ဝှက်စွာ ပြောင်း ရွှေ့မသွားခင်ကတည်းကပင် ရှောင်ဖယ်ဖယ်လုပ်နေခြင်း ဖြစ်သည်ဟုဆိုရပါမည်။ ရှောင်ဖယ်သည်ဟု ဆိုရမည်ထက် ၀န်လေး နေခြင်းဟု သတ်မှတ်လျှင်ပင် ပိုမှန် ပေလိမ့်မည်။ အထူးသဖြင့် ဇနီး ကွယ်လွန်ပြီး နောက်ပိုင်း ပတ်ဝန်းကျင် မိတ်ဆွေ သူငယ်ချင်း များထံမှ တူညီစွာ ကြားရလေ့ ရှိသည့် “ပိန်ပြီး မည်းသွားတယ်နော်၊ ကျန်းမာရေးကော ကောင်းရဲ့လား” ဟူသည့် မေးခွန်းကို သူရှောင်လွှဲ လိုခြင်း ဖြစ်နိုင်သည်။ သွားရင်းလာရင်း အမှတ်မထင် တစ်ယောက်ယောက်နှင့် ဆုံတွေ့လိုက်သည့် အခါတိုင်း အခြား အရာများထက် ထိုမေးခွန်း ကိုတော့ ကိုချစ်အောင် မပျက်မကွက် အမေး ခံရမြဲ ဖြစ်နေတတ်သည်။ သူတို့ အမေးတွင် သံသယ စွက်ကာ စူးစမ်းသည့် သဘော ပါနေသည်ဟု ကိုချစ်အောင်က ထင်သည်။

ဟုတ်တော့လည်း ဟုတ်သည်။ တချို့ဆိုလျှင် အမေးရော အကြည့်ပါ တွဲဖက်ထား သဖြင့် တရားခွင်မှ တရားသူကြီး တစ်ဦးနှင့်ပင် တူနေတော့သည်။ သူတို့ ဘက်ကလည်း မှားသည်ဟုတော့ ဆိုနိုင်မည် မဟုတ်။ ကိုချစ်အောင် အပေါ် စူးစမ်းခြင်း၊ သံသယ ဖြစ်ခြင်းတို့သည် မသေခင် နောက်ဆုံး ကာလများက ပိန်၍မည်း၍။ ထို့ပြင် Opportunistic Infections ခေါ် ခန္ဓာကိုယ် ခုခံစွမ်းအား ကျဆင်းမှုကြောင့် အခွင့် အရေးယူ ၀င်ရောက်လာသော ရောဂါ ဝေဒနာ ပေါင်းစုံ အလူးအလဲ ခံစားသွားခဲ့ ရရှာသည့် သူ့ဇနီးနှင့် တိုက်ရိုက် ဆက်စပ် နေမည်မှာ သေချာသည်။ ထိုစဉ်က သူကသာ ပုဂ္ဂလိက ဆေးရုံ တစ်ခုတွင် ကျိတ်ကု နေသော်လည်း ပတ်ဝန်းကျင်က မျက်စိပိတ်၊ နားပိတ်များ မဟုတ်ကြ။ သူတို့တင် မက ကိုချစ်အောင်ကို ကျွန်တော် ကိုယ်တိုင်လည်း စိုးရိမ်ခဲ့သည်။

အိပ်ခ်ျအိုင်ဗီ ပိုးရှိသူနှင့် လိင်တူ၊ လိင်ကွဲ ဖိုမစပ်ယှက် ခြင်းသည် ရောဂါကူးစက် ခံရခြင်း အတွက် အန္တရာယ် အကြီးဆုံး အဓိက အကြောင်း အချက်တစ်ခု ဖြစ်သဖြင့် ကိုချစ်အောင်လည်း ဘယ်လို မှလွတ်နိုင်မည် မဟုတ်။ မိန်းမပြီးလျှင် ယောက်ျား အလှည့်၊ အနှေးနှင့် အမြန်သာ ကွာချင်ကွာမည်။ အားလုံးက စိုးရိမ် ပိုကာ သည်လိုပဲ မှတ်ယူထား ကြသည်။

သူလိုညားသည်မှစ ကွယ်လွန်ချိန်ထိ ပေါင်းသင်းခဲ့သူ မပြောနှင့်။ ဆေးရုံတွင် သူ့ဇနီး တက်ရောက်ဆေးကု သမှုခံယူ နေစဉ်က လူနာသတင်း မေးလာသည့် ဆွေမျိုး ရင်းချာနှင့် ရင်းနှီးသူ တချို့ အကြောင်း သူပဲပြောပြဖူး သည်ကို ကျွန်တော် မှတ်မိသည်။ သူတို့ခမျာ မလွှဲသာ၍ လာသာ လာရသည် ခုတင် နားကပ်ရန် မရဲတရဲ၊ ထိုင်စရာ ပေးပြန်လျှင်လည်း “နေပါစေ၊ ရပါတယ်” ပြောပြီး မသိမသာနှင့် စကားလမ်း လွှဲတတ်ကြမြဲ။ သူတို့ကတော့ သူတို့ အပြုအမူ မှန်သည်၊ မှားသည် သိမည်မဟုတ်။ လူနာကို နှစ်သိမ့် အားပေးစကား ပြောရမည့် အစား မသတီ မနှစ်မြို့ဖွယ် ဤသို့ခွဲခြား ဆက်ဆံခြင်း များသည် သည်လို ဝေဒနာသည် တစ်ဦး၏ ခန္ဓာ ကိုယ်ခုခံအား စနစ် (Immune System) ကို အတော်ပင် အနှောင့်အယှက် ဖြစ်စေနိုင်သည့် အကြောင်း၊ သာမန် အားနာ၍ တွန့်ဆုတ် ငြင်းပယ်ခြင်းမျိုး မဟုတ်သည်ကို နောက်ပိုင်းမှ သူသဘောပေါက် လာတော့သည်။
ထို့ကြောင့်ပင် အရေပြား ဆေးလိမ်း ဆေးထည့်မှ အစအစား အသောက်နှင့် အပေါ့အလေး ကိစ္စများပါ မကျန် လပေါင်းများစွာ ကိုယ်တိုင်လုပ်ကိုင် ပြုစုခဲ့သူ ကိုချစ်အောင် အတွက် တွေးဝံ့စရာ ဘယ်မှာရှိတော့ မည်နည်း။

၂။
ကံကောင်းသည်ဟု ဆိုရပေမည်။ ဘယ်ဘ၀ ဘယ်အခြေ ရောက်နေမည်မှန်း ဘယ်သူကမျှ တပ်အပ်သေချာ ခန့်မှန်းနိုင်သည် မဟုတ်သော ကိုချစ်အောင်နှင့် ခုတော့ ကျွန်တော် ပြန်ဆုံတွေ့ ခဲ့ရလေပြီ။ ပျောက်သောသူရှာ လျှင်တွေ့သည်ဟု ဆိုကြသည်။ တကယ်တော့ ကိုချစ်အောင်သည် ပျောက်နေသူ မဟုတ်။ ပုန်းနေသူ သာဖြစ်သည်။ ထို့ကြောင့်လည်း ရှာရန် အခွင့်အရေး နည်းပါး ခဲ့ရသည်။ သို့သော် ပုန်းနေသူကို ဗြုန်းဆို မထင်မှတ်ဘဲ မနေ့က မြို့ထဲတွင် ပြန်ဆုံ လိုက်ရခြင်းမှာ မတွေ့တာ ကြာရုံမက မျှော်လင့်မထား သောကြောင့် ကျွန်တော်လည်း ၀မ်းသာ၊ သူလည်းအံ့သြ၊ အတူ ပါလာသည့် ကျွန်တော့် မိတ်ဆွေကို နှုတ်ဆက် လမ်းခွဲကာ ကျွန်တော်တို့ နှစ်ယောက် လူရှင်းသည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ဦးတည်ခဲ့ ကြသည်။

သူ့ကြည့် ရသည်မှာ သိသိသာသာ ပိန်သွားသော်လည်း အသား အရေက နဂိုနှင့် သိပ်မကွာ။ ထို့ပြင် အရင်လို နှုတ်မသွက်။ တက်ကြွ ရွှင်လန်းမှုလည်း နည်းနေသည်ဟု ကျွန်တော် ထင်မိသည်။ ဒါတွေက အကျပိုင်း လူတို့၏ ဘ၀ သွင်ပြင်ကို ထင်ဟပ်သလို ကွယ်လွန်သူ ဇနီး စိတ်ကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော်တို့ နှစ်ယောက် အလုပ်အကိုင်၊ အနေ အထိုင်နှင့် လက်ရှိ ရပ်တည်မှုများ အကြောင်းပြောဆို ဖလှယ်ပြီး ချိန်တွင် မည်မည်ရရ ဘာစကားမျှ မဆက်ဖြစ်ကြ။ သူကတော့ စီးကရက် ကိုသာ တွင်တွင်ဖွာကာ ဆိုင်ပြင်ဘက် ငေးနေသည်။

ကျွန်တော်သည် ကိုချစ် အောင်နှင့် ပတ်သက်၍ အတိတ်ကို ပြန်မသွားလို သော်လည်း သံယောဇဉ်ရှိ ရင်းစွဲမို့ အကျိုးရှိရာရှိကြောင်း တော့ တစ်ခုခုပြောရပေမည်။ သူနှင့် ကျွန်တော် စာသမား ချင်း အယူအဆတွေ ငြင်းခုံ ခဲ့ဖူးသည်။ သည်လောက် လည်း ချင့်ချိန်နေဖို့မလို။ ထို့ပြင် သေသောသူ ကြာလျှင် မေ့ဆိုသလို သူ့ဇနီးကွယ် လွန်ခဲ့သည်မှာလည်း ယခုဆို အနည်ထိုင် အသားကျနိုင် လောက်သည့် အချိန်၏ ကျော်လွှား တိုက်စားမှုများက ရှိတန် သလောက် ရှိခဲ့ပြီ မဟုတ်လား။ သူက စ၍ပြောမှာ မဟုတ် မှန်းလည်း သိနေသည့်အတူ တူ မေးဖြစ်အောင် မေးလိုက် တော့မည်ဟု ဆုံးဖြတ်ပြီး-

“ကိုချစ်အောင်၊ အခု ဆေးစ သောက်နေပြီလား။ ကျွန်တော့်ကို စိတ်မဆိုး နဲ့ဗျာ။ တွေ့ချင်နေတာ ကြာပြီ။ ကျွန်တော် ကူညီနိုင်တာ ကူညီချင် လို့ပါ။ ကျွန်တော့် ညီမတစ်ယောက် အင်န်ဂျီအိုမှာ လုပ်နေတယ်။ ဘာမှ အားနာစရာ လိုဘူး”
ကျွန်တော်လည်း ပြောရင်းနှင့်ပင် သူ့မျက်နှာကို အကဲခတ် ကြည့်နေမိသည်။ သူငြိမ်နေသည်။ မျက်နှာလည်း ပျက်မသွား။ ဆိတ်ဆိတ် နေခြင်းကား မဟုတ်ပေ။ ခဏအတွင်း မှာပင် ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းဖြည်းဖြည်း ခါသည်။ ပြီးမှ-
“အေးဗျာ၊ ကျွန်တော်ကျေးဇူး တင်ပါတယ်။ စိတ်မဆိုး ပါဘူး။ ကျွန်တော်လည်း ခင်ဗျား ဒီလိုမေးလာ လိမ့်မယ်လို့ မျှော်လင့်ပြီး သားပါ”

သူ့အတုံ့ အပြန်က နှေးကွေးသလို လက်ကလည်း လွယ်အိတ်ထဲ နှိုက်ကာ ဘာမှန်းမသိ ခပ်နွမ်းနွမ်း စာရွက်ခေါက် နှစ်ခုကို ထုတ်ယူသည်။ ချက်ချင်းပင် ကျွန်တော့်ကို လှမ်းပေးနေ ပြန်သည်။ ကျွန်တော် ဘာမျှ ပြန်မပြော တော့ဘဲ သိလိုစိတ် ပြင်းပြစွာဖြင့် ကပျာကယာ စာရွက်ခေါက်ကို ဖွင့်လိုက်မိသည်။ တစ်ခုက နာမည်ကြီး ပုဂ္ဂလိက ဓာတ်ခွဲခန်း တံဆိပ်နှင့် “ကနဦး စစ်ဆေး ချက် (Screening Test)”၊ နောက်တစ်ခုက ကျန်းမာရေး ၀န်ကြီးဌာန အမှတ် တံဆိပ်ပါ ထပ်လောင်း အတည်ပြု စစ်ဆေးချက်(Confirmation Test) အိပ်ခ်ျအိုင်ဗီပိုး ကူးစက် ခံရခြင်းရှိ၊ မရှိ သွေးစစ်ထားသည့် V.C.C.T အဖြေစာရွက် နှစ်ခု ဖြစ်နေသည်။ နှစ်ခုစလုံး က Negative, Negative ဟုတ်ပြီ။ ကျွန်တော်သိပြီ။ ၀မ်းသာ ရသည်မှာ ဖော်ပြလို့ ပင်မတတ်။ ထိုင်ရာမှ ထရပ်ကာ ပခုံး လှမ်းဖက်မည် အပြု သူ့ကို ကြည့်လိုက်တော့ တစ်ခုခု ပြောမည့်ဟန် တွေ့ရသည်။ ကျွန်တော် ၀မ်းသာနေ သလောက် သူကတော့ မပြုံးမရယ်။

“ဟုတ်ပါတယ်။ ကျွန်တော့်မှာ ခင်ဗျားတို့ ထင်သလို အိပ်ခ်ျအိုင်ဗီပိုး မရှိပါဘူး။ ပတ်ဝန်းကျင် မှာတော့ ကျွန်တော့်မိန်းမ ဒီရောဂါနဲ့ ဆုံးတာ ရိပ်မိတဲ့ လူတွေလည်း ရှိမှာပါ။ ကျွန်တော်လည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အကျိုးသက်သက် ကျွန်တော့်အပေါ် အထင်ခံရ တာနဲ့တော့ ရှင်းပြဖို့ မကြိုးစား ချင်ဘူး။ သူမရှိတော့ ပေမယ့် သူအသိ မခံဝံ့ ခဲ့တဲ့ ဒီအဖြစ် ဆိုးကြီးကို ကျွန်တော် ထိန်းသိမ်းလျှို့ဝှက် ပေးထားချင်တယ်။ ရှင်းပြလိုက်ရင် ၀န်ခံသလို ဖြစ်သွားမယ်လေ။ အမှန်တော့ ကျွန်တော် ကံကောင်း ခဲ့သလို ဆင်ခြင်ဂရု စိုက်မှုကြောင့်လည်း လွတ်မြောက် နိုင်ခဲ့တာပါ။ နောက်တစ်ခုက ယောက်ျားနဲ့ မိန်းမ သဘာဝက ပေးထားတဲ့ အခွင့် အရေးချင်း မတူတာလည်း ပါတာပေါ့။ ရှင်းရှင်းပြောရ ရင်ဗျာ ယောက်ျားက ပေးတဲ့သူ၊ မိန်းမက ယူတဲ့သူ၊ လက်ခံတဲ့သူ မဟုတ်လား။ လိင်ဆက်ဆံ မှုကနေ ယောက်ျားနဲ့ မိန်းမ ကူးစက်နိုင်ခြေ အခွင့် အလမ်းကွာ ခြားတယ် ပြောရမှာပေါ့။ ဆေးရုံမှာ တုန်းက ကျွန်တော့် မိန်းမနဲ့ ခုတင်ချင်း ကပ်ရက် ဌေးဌေးဆိုတဲ့ အမျိုး သမီးဆို ကျွန်တော်နဲ့ အဖြစ်ချင်းက ပြောင်းပြန်၊ သနားဖို့လည်း ကောင်းတယ်။ သူ့ယောက်ျား သင်္ဘောသား ဆီက ကူးစက် ခံရတာလေ။ နှစ်ယောက်စလုံး အခုမရှိ ကြတော့ပါဘူး။ ကလေးနှစ်ယောက် ကျန်ခဲ့တယ်”

ကိုချစ်အောင်က သူ့ မိန်းမ အပေါ် ထားရှိသော စောင့်စည်းမှုနှင့် သူ၏ လွတ်မြောက်ခဲ့ခြင်း တို့အား တစ်ဆက်တည်း ရှင်းပြ နေသည်မှာ မှတ်သားစရာ များလည်း ပါဝင် နေသဖြင့် ကျွန်တော်ငြိမ်လျက် နားထောင် နေမိသည်။ ဆေးရုံမှ ကလေးနှစ်ယောက် ဆို၍ သူပြောမှပင် ကျွန်တော် သတိရတော့သည်။ ကိုချစ်အောင်တို့ လင်မယားတွင် သားသမီး ရှိသည်မဟုတ်။ ဟိုတုန်း ကတည်းက သိထား ခဲ့သော်လည်း စည်းစောင့်ကာ တစ်ခါမှ မစပ်စု ကြည့်ခဲ့ဖူး။ ကျွန်တော်က ဖြတ်၍-
“ဒါနဲ့၊ ခင်ဗျားတို့ အကြာကြီး ပေါင်းခဲ့တာ သားသမီး ကျတော့ ဘာလို့”

“ဟုတ်တော့ ဟုတ်တယ်ဗျာ”

ကျွန်တော့် စကားဆုံး အောင်ပင် သူမစောင့်။
“သူ နေကောင်းနေတုန်း ကလည်း တချို့ မေးဖူးတယ်။ ဘာလို့ကလေး မယူတာ လဲပေါ့။ တချို့ကတော့ သားသမီး မထွန်းကားဘူး ထင်ကြမှာပဲ။ ကျွန်တော်တို့  နှစ်ယောက် လက်ထပ်ပြီး အစောပိုင်း နှစ်တွေမှာ စီးပွားရေးလေး အခြေ ကျမှပဲ ကလေး ယူကြမယ် ပေါ့ဗျာ။ သဘောတူ တိုင်ပင် ထားကြတာ။ ကျန်းမာရေးလည်း နှစ်ယောက်စလုံး ကောင်းပါတယ်။ ခင်ဗျားသိတဲ့ အတိုင်းပဲ။ အလုပ် အကိုင်က ထင်သလောက် မဟုတ်တော့ ကြာတော့ ကြာသွားတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သူ့အသားတွေ ယားယားနေလို့ ဆရာဝန်နဲ့ ပြပြီး သွေးစစ်ကြည့်တော့ HIV Positive တဲ့။ ဖြစ်ရလေဗျာ။ ဘ၀မှာ ဒီလို ထိတ်လန့် စရာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံး အိပ်လည်းမရ။ စားလည်း မ၀င်ပေါ့။ သူကတော့ ပိုဆိုးမှာပေါ့။ မဟုတ်ဘူး။ ကျွန်တော်လည်း ဒီအတိုင်း ပါပဲ။ သူက ကျွန်တော့် ဘ၀ပဲလေ။ ဒီလို ရင်နင့်စရာ အချိုးအကွေ့နဲ့ ကြုံရပြီ ဆိုမှ သားသမီး ယူဖို့ ဘယ်ဖြစ်နိုင် တော့မှာလဲ။ ကျွန်တော်တို့လည်း လိုချင်တာပေါ့။ ဒါပေမဲ့ ယူလိုက်ရင် ကျွန်တော်တို့ရဲ့ အပြစ်မဲ့တဲ့ ရင်သွေးလေးကို လူ့လောက ထဲခေါ်ပြီး ဒုက္ခပေး သလို ဖြစ်သွားမှာ စိုးတယ်။ နောက်ပြီး သူ့မှာလည်း ခုခံအား ပိုကျ လာမယ်ဆိုတော့ သူလည်း သဘော တူပါတယ်။ လူတွေကတော့ ကျွန်တော်တို့ အဖြစ် မှန်ကိုမှ မသိတာ၊ မေးကြတာပေါ့”

ကိုချစ်အောင် ရုတ်တရက် စကားကို ရပ်ပစ်ကာ သက်ပြင်း တစ်ချက်ချလိုက် ပြီးမှ-
“ဒါပေမဲ့ဗျာ၊ သူကိုယ်တိုင် အခုလို အိပ်ခ်ျအိုင်ဗီပိုး ကူးစက် ခံရတာလည်း ကိုယ်ဝန်ကြောင့်ပဲ ဖြစ်မှာပါ။ ကျွန်တော် ဒီအကြောင်း တွေးမိတိုင်း စိတ်ထိခိုက် ရတယ်”

သူ့အသံ တိမ်ဝင်သွား သလို ထင်ရသည်။ သူ့စကား ကျွန်တော် နားရှုပ် သွားမှန်းလည်း ရိပ်မိသွားလား မသိပေ။ အဆိုးဆုံးမှာ ကျွန်တော်နှင့် ပြန်ဆုံရခြင်း အတွက် ကိုချစ်အောင်၏ မေ့ဖျောက် သိမ်းဆည်း ထားခဲ့သော ဝေဒနာတို့ အသစ်ပြန် ဖြစ်နေ စေပြီလားဟု ကိုယ့်ကိုယ်ကိုယ် အပြစ် မကင်းသလို ကျွန်တော် ခံစား လိုက်ရခြင်းပဲ ဖြစ်သည်။ ကိုချစ်အောင် ခဏမျှ ငိုင်နေပြီးမှ-
“သိသိချင်း တော့ဗျာ မယုံနိုင်အောင် ဖြစ်ရတာပေါ့။ သူကလည်း မဖြစ် နိုင်ဘူးလို့ဘဲ ငြင်းဆန်တယ်။ သူနဲ့ ကျွန်တော် စပေါင်း ကတည်းက အိုးမကွာ အိမ်မကွာ အတူ လုပ်ကိုင်နေလာ ခဲ့တာ။ သူ့အပေါ် ဘာမှထင်လည်း မထင်ရက် ပါဘူး။ ယောက်ျား တစ်ယောက် အနေနဲ့ မေးမြန်းစုံစမ်း ရမယ့်အစား သနားပဲ သနား နေမိတယ်။ ကိုက်တဲ့မြွေကို လိုက်ရှာဖို့ထက် အကိုက် ခံရတဲ့ လူနာက ပိုအရေးကြီး နေပြီလေ။ ရှေ့မှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရ တော့မယ် မဟုတ်လား။ ဒါနဲ့ပဲ အရင် ဦးဆုံးတော့ အထွေထွေ ဆရာဝန် ညွှန်တဲ့အတိုင်း အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် အထူးကု သမားတော် ကြီးဆီ သွားရတာပေါ့။ ဟိုရောက်တော့ ဆရာဝန် ကြီးက သူ့ကိုမေးတယ်။ ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခုခု ခွဲစိတ် ဖူးသလား။ သွေးသွင်း ကုသမှု ခံခဲ့ ဖူးသလား။ သန္ဓေသား ဖျက်ချ ဖူးသလား။ မေးတာတွေ တော်တော်စုံ ပါတယ်။ အရက်နဲ့ မူးယစ် ဆေးဝါးလည်း ပါသေးတယ်။

“အဲဒီမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ခုသတိ ရလိုက်တာ ရှိတယ်။ တစ်နှစ် သင်္ကြန် ဘုရားဖူး သွားရင်း မန္တလေးက အပြန် ကိုယ်ဝန် မတော်တဆ ဖြစ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူတော်တော် နေမကောင်းဘူး။ ဆေးရုံလည်း မတက်ချင် ဘူးတဲ့။ ကျွန်တော်လည်း စီးပွားရေး တစ်ဖက်နဲ့ အတွေ့အကြုံလည်း မရှိတော့ အလေးအနက် မစဉ်းစားဘဲ သူ့ အဒေါ် တစ်ယောက်ပြောတဲ့ အဆက် အသွယ်နဲ့ အပြင် လက်သည်ဆီမှာ တိုးတိုးတိတ်တိတ် လုပ်လိုက် ရတာပေါ့။ ပထမ တစ်ကြိမ် အဆင် မပြေလို့ နောက်ထပ်တစ်ကြိမ် သွားလိုက် ရသေးတယ်။ ကောင်းသွားပါတယ်။ သူတစ်လ ကျော်လောက် ခံလိုက်ရတယ်။ ဆရာဝန်ကြီး မေးသမျှတွေ ဒီတစ်ခုက လွဲရင် အကုန် ကင်းရှင်းတယ်။ မကြုံဖူးဘူး။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်တော့တယ်။ ဆရာဝန် ကြီးက စိတ်ဝင်တစား လိုက်နားထောင်တယ်။ ကျွန်တော်တို့ စကားဆုံးတော့ ခေါင်းတဆတ်ဆတ် ညိတ်ပြီး တစ်ခု ထပ်မေးတယ်။ အဲဒါ ဘယ်လောက် ကြာပြီလဲတဲ့။ ကျွန်တော် တို့ကိုလည်း ဆုံးမ စကားပြောပြီး နှစ်သိမ့်အား ပေးတယ်။ သူ့ ညွှန်ကြား ချက်တွေ လိုက်နာဖို့နဲ့ မှန်မှန် လာတွေ့ဖို့လည်း မှာလိုက်သေးတယ်။

“ကျွန်တော့် မိန်းမ အဖြစ်က ဒါပါပဲဗျာ။ ကျွန်တော်တို့ နှစ်ယောက် သေကွဲကွဲဖို့ ကံကြမ္မာကို ကုန်းတိုက်တာ ဒီအဖြစ် အပျက်ပဲပေါ့။ လူပေါင်းစုံ ၀င်ထွက်နေတဲ့ အရက်လက်သည် အဖျက်သမား အိမ်က ကျွန်တော့် မိန်းမ အိပ်ခ်ျအိုင်ဗီပိုး ရခဲ့တာလေ”

ခါးသီးဖွယ် အဖြစ်ဆိုးကို မချိတင်ကဲ ပြောလိုက်သည့် အဆုံးတွင် ကိုချစ်အောင် အသံတွေ တုန်လှိုက် နေသလို  ကျွန်တော် ကိုယ်တိုင်လည်း အနိုင်နိုင်ပင် ချုပ်တည်း ထားလိုက်ရသည်။ ဖြေသိမ့်ရန် စကား တစ်ခွန်းခွန်း ပြောသင့်မှန်း သိလျက်နှင့် ကျွန်တော် ဆွံ့အချိန်ဆ နေစဉ်မှာပင် ဆက်၍သူက-
“ကျွန်တော့် အပြစ်လည်း ပါပါတယ်ဗျာ။ လွန်မှရတဲ့ နောင်တအတွက် ပေးဆပ်ရင်းနှီး လိုက်ရတာ တစ်နင့် တစ်ပိုးပဲ။ ကျွန်တော် ရှင်သန် နေပေမယ့် ပျော်ရွှင် ကျေနပ်စရာ လွတ်မြောက်မှု အစစ်လို့ မထင်ပါဘူး။ သူ့ အတွက် ကျွန်တော်ဘာနဲ့ အစားထိုးလို့ ရမှာလဲ။ သူ ချန်ထားခဲ့တဲ့ ကျွန်တော့်အတွက် လက်ဆောင် စကားလေးကလည်း ကျွန်တော့် ဘ၀မှာ ဘယ်တော့မှ မေ့လို့ ရနိုင်မှာ မဟုတ်ပါဘူး။

“အဲဒီနေ့က ကျွန်တော့် သွေးအဖြေ သိရတဲ့ နေ့ပေါ့။ ကျွန်တော့် အဖြေ ကောင်းပေမယ့် ၀မ်းမသာ နိုင်ဘူး။ ဓာတ်ခွဲခန်းက ပြန်ရောက်ရောက်ချင်း ကျွန်တော်သူ့ကို ကျောခိုင်းပြီး မျက်ရည်တွေ ကျနေတာ။ ဘုရားရှိခိုး နေရာက သူရိပ်မိတော့ ထိတ်လန့် သွားမှာပေါ့။ ကျွန်တော့်နား ထလာပြီး စာရွက်ကို ဆွဲယူ ကြည့်တယ်။ ကြည့်လည်းပြီးရော သူကပဲ ကျွန်တော့်ကို ပြန်ချော့ နေသေးတယ်။ ကျွန်တော်က ငိုနေတော့ သူဘယ်လို နေရမှာ လဲတဲ့။ ကျွန်တော်အငို တိတ်အောင်လေ။ အစ်ကိုဘာမှ မဖြစ်တော့ ၀ါဝါ နေမကောင်းရင် ပြုစု လုပ်ပေးနိုင်တယ်။ နှစ်ယောက် စလုံးသာဆို မခက်ဘူး လားတဲ့။ ၀မ်းနည်းလို့ မဆုံးဘူး”
သည်နောက်တွင် ကိုချစ်အောင် ဘာစကားမျှ ဆက်မပြော တော့ဘဲ မျက်နှာကြက်မှ လည်နေသော ပန်ကာကို မော့ကြည့်နေသည်။ မကြာလိုက်။ တင်းတင်း စေ့ထားသော နှုတ်ခမ်းပေါ်သို့ မျက်ရည်စီးကြောင်း တစ်ခုဖြတ်စီး ကျလာသည်။
အနီရောင် မျက်ရည်တွေများ ဖြစ်နေလေ မလားဟု စိုးထိတ်စွာ ကျွန်တော် တွေးလိုက်မိသည်။
အာဝါသ
(မြင့်မြတ်သော ဘ၀တွင် ချစ်ဇနီး ၀ါဝါ ငြိမ်းချမ်းသာယာ ရှိပါစေ။)
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis