တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ အထပ် ၃၀ ဟိုတယ်တစ်ခုကို လူ ၂၀၀ ဖြင့် ၁၅ ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော တရုတ်လုပ်ငန်းရှင်တစ်ဦးက တရုတ်နိုင်ငံအတွင်း အလားတူ အဆောက်အအုံ များ တည်ဆောက်လိုကြောင်း ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဇန်န၀ါရီ ၁၈ ရက်နေ့တွင်ဖွင့်လှစ်မည့် ထိုဟိုတယ် တည်ဆောက်ခဲ့ပုံကို
အွန်လိုင်းတွင်ဗီဒီယိုဖြင့်ပြသခဲ့ရာ အင်တာနက်တွင် လူပြောများသည့်
အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ Broad Group အဲကွန်းကုမ္ပဏီ၏
အမှုဆောင်အရာရှိချုပ် ကျန်ရွေက အဆောက်အအုံကို ဆောက်လုပ်ခဲ့သည့်
အချိန်ကာလလျင်မြန်မှုကြောင့် စွမ်းအင်နှင့်ကုန်ကြမ်းပစ္စည်းများ လေလွင့်မှုကို
လျော့ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စွမ်းအင်ချွေတာသည့်
မီးလုံးများသာ အသုံးပြုထားပြီး လေးဘက်လေးတန်လုံးမှန်ဖြင့် တည်ဆောက်ထားသည့်
ထိုဟိုတယ်သည် ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီ၏ အကြီးဆုံးလုပ်ငန်းဖြစ်လာမည်ဟု
၎င်းကပြောကြားခဲ့သည်။ကြိုတင်တည်ဆောက်တပ်ဆင်စနစ်ဖြင့် တည်ဆောက်ထားသည့် သူ၏အဆောက်အအုံသည် ဥရောပရှိ အဆောက်အအုံများထက် ၆ ဆ ပို၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကြောင်း ကျန်က ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ထိုကဲ့သို့ အဆောက်အအုံများ တစ်လလျှင် အလုံး ၂၀ ခန့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်တွင် တစ်လလျှင် အလုံး ၅၀ အထိ တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။ ကျန်သည် ၁၉၈၈ ခုနှစ်တွင် သာမိုဒိုင်း နမစ်နည်းပညာကို လေ့လာခဲ့သော အစ်ကိုဖြစ်သူနှင့် ပူးပေါင်းကာ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ညီအစ်ကိုနှစ်ဦးသည် စွမ်းအင်ချွေတာသည့် နည်းပညာအသုံးပြုထားသော အဲကွန်းများကို ကမ္ဘာတစ်ဝန်း ၇၅ နိုင်ငံ၌ ရောင်းချနေသည်။ ဟိုတယ်ကို တည်ဆောက်မည့် အစိတ်အပိုင်းများကို ၎င်းတို့ကုမ္ပဏီပိုင်ဆိုင်သည့်စက်ရုံတွင် ဆောက်လုပ်ခဲ့ပြီး သံမဏိများ၊ မှန်များနှင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသည့် လျှပ်ကာစနစ်များ ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း ကျန်ကပြောကြားခဲ့သည်။
By EMG
No comments:
Post a Comment