menu

Sunday 15 January 2012

အိမ်ကလေး-၁(နေ၀င်းမြင့်)


ကျနော်တို့ တိုက်ခန်းပေါ်က လှမ်းကြည့်လျှင် မလုံးတို့ တဲစုကလေးတွေကို လှမ်းမြင်ရသည်။ စုစုပေါင်း ငါးလုံး။ အဝေး ကကြည့်တော့တဲကလေးတွေက တတဲနှင့်တ်တဲ မနီးမဝေးထင်ရသော်လည်း ခပ်ခြားခြား ဖြစ်ပုံရပါသည်။ တဲကလေး တွေရှေ့မှာတော့ သစ်ခင်းစိမ်းစိမ်းတွေ တပြန့်တလျား။ မြေပဲပင်ပေါက်တွေလည်း ဖြစ်နိုင်သည်။ ပဲကြီး၊ ပဲကျား အစား စားလည်း ဖြစ်နိုင်သည်။ မလုံးတို့ တဲကလေးတွေက မြစ်ဘေးမှာဆိုတော့ မြစ်ရေက တဲခြေနှင့်စတုတ်တိုက်။ ရေကလေး နည်းနည်းတိုးလျှင် သည်စိုက်ခင်းတွေထဲ မြစ်ရေဝင်တတ်၏။ ထိုအခါ စိုက်ထား ပျိုးထားသမျှ အဟောသိကံ။ မလုံးတို့က လည်း အဲသလောက်တော့မညံ့ပါ။ မြစ်ရေ အတက်အကျကို သိကြသူတွေ ဖြစ်သည်။

“မစိုက်သေးပါဘူး ဆရာရယ်၊ ရေကျန်သေးတယ်၊ တန်ဆောင်မုန်းရေလေ၊ သည်ရေကျလာရင် ရေကအေးတော့ ငါး လည်း မရတော့ဘူး၊ ဆောင်းလည်း ဝင်ကရော၊ ရေကျန်လျက်ကနဲ့ သွားစိုက်ရင် ရှိတာလေးကုန်မှာ၊ ကုန်ခဲ့လှပေါ့ ဆရာ့ နှယ်၊ သည်နှစ် ပဲစိုက်မယ်”
“မိုးက ကျန်သေးလို့လား”
“ကျန်ကောင်းကျန်ရာ ကျန်မှာပါ၊ ကျီလွှဲမိုးကလေးလောက်ပေါ့”
ကျီလွှဲမိုးဆိုတာ မကြားဖူးလို့ မလုံးကို မေးရသေးသည်။ စာရေးဆရာ လုပ်နေပြီး ကျီလွှဲမိုး မသိရလေခြင်းဆိုသည့်ပုံဖြင့် ကျနော့်ကိုကြည့်လေ၏။ တလင်းပြန့်ထဲ ပုံထားသည့် စပါးတွေ၊ မြေပဲတွေ၊ ပဲတွေမိုးရေစိုမှာ စိုးရတော့ ကျီထဲ ပုတ်ထဲ အရိပ်အောက်ရွှေ့ရလွှဲရသည့် တိမ်ပုပ်မိုးကလေးတွေကို ဆိုလိုကြောင်း ရှင်းပြသည်။
“နေပါဦး၊ တိမ်ပုပ်မိုးက ဘာလဲ၊လုပ်ပြန်ပြီ”
“ဟောတော်… တိမ်ပုပ်မိုးမှ မသိရော့လား၊ မိုးပေါ်က မိုးရေပါတဲ့တိမ်မည်းမည်းခဲခဲ မပုံ့တပုံ့ကို ခေါ်တာပေါ့ ဆရာရဲ့၊ ခက် တော့နေပေါ့၊ အများကြီး မရွာနိုင်ပေမယ့် တိမ်ထဲရှိသလောက် ရွာတဲ့မိုးပေါ့၊ တိမ်ကမည်းပုပ်နေလို့ တိမ်ပုပ်မိုးခေါ်တာ”
စာရေးဆရာကို ဆရာလုပ်ရလေခြင်း အဓိပ္ပယ်ပါသည့် အပြုံးကမလုံးမျက်နှာပေါ်မှာ တိမ်ပုပ်မိုး ရွာနေလေသည်။
ကျနော်တို့ကို မလုံးသူ့အခင်းက ထွက်သည့် ချဉ်ပေါင်ရွက်တွေ လာပေးတတ်သည်။ ပဲညွန့်၊ လတ်လတ်ဆတ်ဆတ်တွေ လာပေးတတ်သည်။ ဘူးညွန့်သန်သန်ကြီးတွေက အလုံးတုတ်သလောက် နူးညံ့သည်။ ကျွန်းဘူးခေါ်သည်ဆို၏။
မလုံးတို့က ပဲခင်းစောင့်ရင်း မြေနုကျွန်းပေါ်မှာ နေကြသူတွေ။ မြစ်ခြေရင်း ရေစပ်စပ်မှာ တဲကလေးတွေ ထိုးနေကြတာ ကြာပြီ။ မနီးမဝေးက လက်ရွေးရွာမှာ အိမ်ရှိသော်လည်း လုပ်ငန်းနှင့်နီးသည့် နေရာမှာနေထိုင်ကြခြင်း ဖြစ်သည်။ မြစ်နဲ့ နီးတော့ လှေကလေးတစီး ဝယ်ထားသည်။ လှေရှိတော့ မလုံးယောက်ကျား ကိုသာမောင်က ငါးဖမ်းတာမျိုး၊ ရင်တွန်းထိုးတာမျိုးလုပ်ရင်း ဟင်းစားရှာတတ်သည်။ ကျန်တာက အခင်းထဲ နွားထွန်ပေါင်းလိုက်။ မလုံးက သူ့ ယောက်ကျားအကြောင်း ပြောလျှင် “အိမ်က ယောက်ကျားလေး” လို့ သုံးတတ်တာ များသည်။ သူ့ ထက်ငယ်သည့် လင်ယောက်ကျားဆိုသည့် သဘော မဟုတ်။ အရွယ်ငယ်သူ လင်ယောက်ကျားကိုမဆို။ သနားစရာ လင်ယောက်ကျားကို ဆိုခြင်းဖြစ်၏။ သူမ ကြည်လင်ရင်တော့ “အိမ်ကဟာက လက်ဖက်ရည်ဆိုင်ကို အိမ်လုပ်နေတာ ဆရာရဲ့” ဟု ဆို၏။
“အိမ်က ယောက်ကျားလေး လုပ်စမ်းပါဗျာ”
“အိမ်ကဟာ… အိမ်ကဟာ… မသာကောင်”
လင်ယောက်ကျားအပေါ် သဘောထား ဒီရေမြင့်သစ်။ ဘာပဲဖြစ်ဖြစ်သူတို့တဲကလေးကို သူတို့ ခုံမင်ကြသည်။ ကျနော် တို့ တိုက်ခန်းပေါ်ကသူတို့ တဲကလေးတွေကို ရသလောက် လှမ်းမျှော်ကြည့်တတ်သည်။ အခင်းထဲ လူဝင်နေသလား။ တဲအချင်းချင်း အကူးအသန်း လုပ်ကြသလား။ သူ့ယောက်ကျားလေး ဒါမှမဟုတ် အိမ်ကဟာကကော ဘာလုပ်နေသလဲ။ တကယ်တော့ အဲသလောက် အသေးစိတ်မြင်ရတာ မဟုတ်။ တဲလောက်၊ တဲရှေ့က ဘူးစင်လောက်၊ သစ်ခင်းလောက်၊ သစ်ခင်းထဲက နွားများနှင့် တရွရွရှိနေတတ်သည့် ဝိုးဝါးမကွဲ လူတွေလောက်သာ ဖြစ်သည်။
“ပြန်ဦးမှ ဆရာရှေ့၊ တဲကြီးပက်လက် ထားခဲ့ရတာ”
တဲကြီးပက်လက်။ မလုံး၏ စကားလုံးတွေကို ကျနော် အင်မတန်သဘောကျပါသည်။ ဟာလာဟင်းလင်း ပိုးလိုးပက်လက် ထားခဲ့ရတာကို မြင်အောင်သုံးခြင်း ဖြစ်သည်။ ကျနော်က အဝေးကြည့် မှန်ပြောင်းကိုထုတ်လာခဲ့ပြီး သူတို့ တဲကလေး တွေကို ကြည့်လျှင် မလုံး စိတ်ဝင်စားသည်။ ကျနော်နှင့် မှန်ပြောင်းကို စိတ်ဝင်စားနေတတ်သည်။ မြင်ရသလားလို့မေး သည်။ ကျနော်က မှန်ပြောင်းဖြင့် ကြည့်ရင်းက မလုံးကို စသည်။
“မိန်းမတယောက်ဗျ၊ အသားမည်းမည်း အင်္ကျီိအပြာနဲ့၊ နေဦး၊ ထဘီက အစင်းကျား၊ အရပ်က ပုပုရယ်၊ မလုံးတို့ ထ မင်းအိုးထဲကထမင်းတွေ ခူးနေတာ မနည်းပေါင်ဗျာ၊ နတ်စင်က နတ်ပန်းအိုးက ပန်းတွေကလည်း လန်းလို့ပါလား၊ သုံးအိုးတောင်”
မလုံးကမျက်လုံးတွေ ဝိုင်းနေသည်။ သူ့တဲထဲက ထမင်း ဘယ်သူများ ဝင်ခူးနေပါလိမ့်။ အရပ်ပုပု၊ အင်္ကျီပြာ၊ အသား မည်းမည်း။ ဟုတ်ပြီ၊ ဒါ မှန်လောက်သည်။ နတ်ပန်းအိုးကတော့ အရေအတွက် လွဲနေသည်ကော။
“မဟုတ်မှလွဲရော စန်းတင့်နေမှာပဲ၊ ကျုပ်က ဆန်ဖြူစားနိုင်တော့လစ်ရင် ထမင်းသိပ်ခိုးတာ၊ တခါလည်း လုံးသတ်ပြီးပြီ၊ နေနှင့်ဦးကောင်မတော့၊ နေပါဦး ဆရာရဲ့၊ နတ်ပန်းအိုးက နှစ်လုံးတည်းပါ၊ အဖေကြီးအိုးနဲ့ အမေကြီးအိုး၊ ကိုးမြို့ရှင်နဲ့ ပုလဲယဉ်လေ၊ သေချာများ ကြည့်ပါဦးတော့၊ ပန်းက ဈေးထဲက ဂန္ဓမာလေးတွေရလို့ထိုးထားတာ”
ကျနော် နောက်တာကို မလုံး အဟုတ်ထင်နေသည်။ သူ့ယောက်ကျား ကိုသာမောင် ဘာလုပ်နေသလဲ ကြည့်ခိုင်းသည်။ ကျနော်ကတဲစပ်ဘူးစင်အောက်မှာ မိန်းကလေးတယောက်နှင့် ရယ်လားမောလားလုပ်နေတာ မြင်ရတယ်ဆိုတော့ မလုံး မျက်နှာညိုလေသည်။
“ဒါ စန်းတင့် ယောက်မနေမှာ၊ ကောင်မက ကလက်တက်တက်လုပ်နေတာ ကျုပ်သိသားပဲ၊ နေဦး အိမ်ကဟာတော့…”
ကျနော့်ဇနီးကတော့ ပြုံးနေတတ်ပါသည်။ သူကလည်း မလုံးအကြောင်း ဝတ္ထုရေးချင်သည် အို၏။ မလုံး တခါလာလျှင် ဇာတ်လမ်းတပုဒ်ပါသည်။ တခြားဝေးဝေးက အကြောင်းအရာများ မဟုတ်။ အနီးအပါး တဲငါးလုံးက နေထိုင်မှု ဘဝတွေ။ ကျနော်က လက်ရွေးရွာထဲကအိမ်မှာ နေကြရင်းက မနက်မှ စိုက်ခင်းထဲ လာကြပေါ့ဟု အကြံပေးလျှင် မလုံးက လက်မခံ။ နေခြင်းဘဝထက် စားခြင်းဘဝက ပဓာနကျကြောင်း မပြောတတ်သည့်တိုင် သူ့သဘောတရားက အဲသလို ညွှန်းတတ် သည်။
“အိမ်ဆိုတာ လေးဖက်ကာ အမိုးမိုးပါ ဆရာရဲ့၊ ပညတ်တွေပါ၊ တဲကလေးကလည်း အိမ်ပဲ၊ မနက်တိုင်း ကူးနေဖို့ အချိန် မရဘူး၊ ဘယ်လိုနေရ နေရ၊ နေတတ်ရင် ပြီးတာပဲ”
မလုံးစကားကြောင့် ကျနော့်မှာ တွေးစရာ ရခဲ့သည်။ မလုံးပြန်သွားတော့လည်း အတွေးမရပ်။
ကျနော့်အဖေကို သတိရသည်။ အဖေက အိမ်စွဲကြီးသည်။ အိမ်ဆောက်ဓလေ့တွေကို ယုံကြည်လွန်းသူဖြစ်သည်။ နေ ထိုင်မှု ဘဝသည် မင်္ဂလာရှိသောဘဝ ဖြစ်ရမည်ဟု လက်ခံထားသူ ဖြစ်သည်။ အညာကျေးလက်က ကျနော်တို့ အိမ်။ အခုတော့ အိပ်မက်ဖြစ်ခဲ့ရပြီ။ အိမ်လည်းမရှိတော့။ အဖေလည်း မရှိတော့။ ကျနော်တို့ကလည်း ကျီလွှဲမိုး ဖြစ်ကြရပြီ။ တလင်းပြန့်ထဲက ပုတ်ထဲ၊ တောင်းထဲ ရောက်ရပြီ။ လောကဓံ တိမ်ပုပ်မိုးက မစဲစတမ်းရွာနေသည့်အခါ မိုးလောကဓံမှ လွတ်ရာလွတ်ကြောင်း ပြေးခဲ့ရပြီ။ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်မှာ အရွယ်ရောက်ကတည်းက ဝန်ထမ်းဖြစ်လာကြ သူတွေ။ အလုပ်သမားတန်းလျားမှာ နေခဲ့ကြသည်။ ကိုးပေပတ်လည်။ ခြောက်ဆယ်ဝပ် မီးသီးတလုံး။ လစာထဲမှ ဖြတ် ယူသော လစာ၏ ဆယ်ရာခိုင်နှုန်းငွေက အိမ်ခန်းစရိတ် ဆိုပါတော့။ လစာက (ထိုစဉ်က) တရာကျော်ဆိုတော့ အိမ်ခန်း လခက တဆယ်ကျော်။ သည်တဆယ်ကျော်က တဘဝစာ လုံလောက်နေသလိုလို ကျနော် တွေးခဲ့မြဲ။ အိမ်ကလေးတ လုံး ဆောက်ဦးမှဆိုသည့် တောင့်တမှု မရှိခဲ့တာလည်း အမှန်။ ကျနော့် အစ်ကိုလည်း ဝန်ထမ်းဘဝတန်းလန်း ပင်စင်ယူခဲ့ သူ ဖြစ်ရသည်။ ပင်စင်ယူခါနီး ဝန်ထမ်းမြေကွက်ကလေးရတော့လည်း ရောင်းစားလိုက်ကြောင်း ကြားရသည်။ ညီအစ်ကို ဆိုသော်လည်း ဒါက တဦးချင်း ကိစ္စတွေ။ သူ့ဘဝ စီမံချက်ကို ကျနော် အခုကော ဝန်ထမ်းဘဝလွတ်တော့ ဘယ်လိုများ နေပါလိမ့်။ ဒါလည်း ကျနော် မသိ။
ညီအကိုချင်း ဒါတောင် မသိဘူးလားလို့ မေးသူရှိလျှင် ထိုအမှန်တရားကိုသာ ကျနော် တိုင်တည်ရတော့မည်။ ဒါဖြင့် ကျနော်ကကော။ မိမိကိုယ်သည်ပင် အိမ်ကလေးတလုံးသည် မသေချာသေး။ ကျနော့်မှာ အိမ်မရှိ၊ စာအုပ်တွေသာ  ရှိသည်။ ကျနော့်မှာ အနာဂတ် စိတ်ကူးစိတ်သန်း မရှိ၊ စာအုပ်တွေသာရှိသည်။ မီးမီတာ မရှိ၊ ရေမီတာ မရှိ၊ တယ်လီဖုန်း မရှိ၊ အိမ်ထောင်စုဇယား မရှိ၊ ကားလိုင်စင်၊ မော်တော်ဆိုင်ကယ် မရှိ၊ စာအုပ်တွေသာ ရှိသည်။ ယုတ်စွအဆုံး မုတ်ဆိတ် ရိတ်သည့် ဂျုတ်ကောင်းကောင်းမရှိ။ စာအုပ်တွေသာ ရှိသည်။ ကိစ္စမရှိ။ မိဘဆရာသမား မိတ်ဆွေများက မေတ္တာဖြင့် ကမ်းသော ရုပ်ဝတ္ထုများ၊ စိတ်ဝတ္ထုများ ကျနော့်ဆီရောက်လာတတ်သည်။ ဤသို့ဖြင့် ကျနော့်အိမ်သည် ပြည့်စုံလာခဲ့ သည်။ ကျေးဇူးတရားကို ထုတ်ဖော်ခြင်းသည်သာလျှင် မင်္ဂလာတရား ဖြစ်သဖြင့် ကျနော် ရေးပြခြင်း ဖြစ်သည်။ ချစ်မိတ် ဆွေများ၊ မိဘဆရာသမားများ၏ ကျေးဇူးကြောင့် လေးတိုင်စင်အိမ် (House) ဆိုတာထက် မေတ္တာဖြင့်လုံခြုံသောအိမ် (Home) ကို ကျနော် ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ကျေးဇူးတင်ပါသည်။
မြန်မာဓလေ့မှာတော့ အဖီကလေး ဆွယ်နေရသည့် အမှီအခိုယဉ်ကျေးမှု ရှိသည်။ မိဘက သားသမီးကို ခြံဝန်းထဲက မထွက်စေဘဲ အဖီကလေးချ နေစေခြင်းသည်ပင် မေတ္တာအိမ် ဆောက်ပေးခြင်း ဖြစ်သည်။ အိမ်ကလေးဟောင်းလို့ အိမ်သစ်လေး ဆောက်ချင်တာလည်းကြီးစွာသော မင်္ဂလာစိတ်ကူး ဖြစ်သည်။ အိမ်ဟောင်းဝယ်ပြီး ဆောက်ကြတာရှိသလို အိမ်သန့်သန့် ဆောက်ကြသည်လည်း ရှိသည်။ ဆောက်မည့်သစ်ကို မင်္ဂလာယူပြီး သစ်ကြိုပွဲ လုပ်သည်။ ကျီးအာ၊ နတ်သက်၊ ပုခတ်လွှဲ၊ တော်လဲ၊ သစ်ကြိတ်၊ သစ်တွဲလဲတွေ ရှောင်ကြသည်။ မအူ၊ မိကျောင်း၊ သခွပ်၊ ဆီး၊ သပြေ၊ ကလော၊ သစ်ဆိမ့်၊ လက်ပံတွေ ရှောင်ကြသည်။ ရက်ရွေးတော့လည်း တန်ခူးသာကျော်၊ ထွန်းပေါ် ကဆုန်၊ နယုန်ညွန့်စ၊ အောင်လှဝါဆို၊ သာလိုဝါခေါင်။ သူ့လနှင့် သူ့ရက်။ ဘုရင်ရက် ရက်ရာဇာ။ နဂါးလှည့်ကလည်း အမြီးကလျှောက်၊ ခေါင်းက ဖောက်ပါမှ။ နယုန်ဝဆို၊ ဝါခေါင်ကိုလျှင် တောင်တွင် မြီးဖျား၊ ကျောကား အနောက်၊ မြောက်သို့ ခေါင်းရင်း ဖြစ်ရသည်။ နတ်တော်ပြာသို၊ နှင်းစိုချမ်းမြဲ၊ တပို့တွဲကား မလွှဲသိသာ၊ ဒက္ခိဏာဟု ဆိုသည်။ မြေခံကကော၊ ပန္နက်ရိုက်၊ ခြင်္သေ့ခံ၊ ဆင်ခံ၊ ကြွက်ခံ၊ ပူးခံ၊ နဂါးခံ၊ ဟိုင်းခံ။ မြေခံကောင်း မြေခံညံ့ ရွေးကြရမြဲ။ အိမ်ဆောက်ဖို့ ကြိုးကိုင်တာကလည်း အားလို့ မေတ္တာနှင့်ကူချင်လို့ မရပါ။ ဘာနေ့သားလည်းဆို ရှိသေးသည်။ နာမည်ကကော။ ငပုလား၊ ငပွားလား။ ငပွား ကြိုးကိုင်ဖို့ သေချာသည်။ မင်္ဂလာရှိသော ပွားစည်းခြင်း အဓိပ္ပါယ်ပါသည့်လူကိုရွေးသည်။
တိုင်သိပ်၊ ပရိတ်ထူ၊ တိုင်ထူ။ မြေကို သန့်ရသေးသည်။ အင်းတိုက်၊ အပင်းတိုက်၊ ခြေဆောင့် ဖနောင့်ပေါက် သိုက်မြှုပ်၊ ဓာတ်ခိုက်၊ စုန်းခိုက် ဖယ်ရှားသည့်သဘော ဖြစ်သည်။ အဖေက တိုင်ထူခါနီး နဂါးဝမ်းဗိုက်ပေါ် ကျပစေဟ သေချာ တွက် ကြပါဦးဟု အော်တာ မှတ်မိသည်။
“ဦးခေါင်း ဂဠုန်သုတ်၊ ဝမ်းကို ကြွက်သောက်၊ အမြီး ဆင်နင်းပစေ၊ ဥရုတိုင်၊ ကြငှန်းတိုင်၊ သပြေတိုင်၊ ရဝေတိုင်၊ ကုမီး္ဘ တိုင် ခိုင်ပါမှ တောင့်သတဲ့”
အမေက ကြံရွက်၊ သပြေရွက်၊ အုန်းညွန့်၊ မြေစာညွန့်အသင့်။အဖေက တိုင်မယိမ်းနဲ့ဟ၊ အသံမမြည်စေနဲ့ဟ၊ တိုင်ချင်း မရိုက်စေနဲ့ဟ အော်သည်။ နောက်ဆုံး ကျန်တိုင်ထူမည်ဆိုတော့ လက်သမားကကပ်ပြီ။ “လေးသဗျ” ဆိုသည်။ အဖေက ငွေနှစ်ကျပ် ထုတ်ပေးမှ ထူသည်။
“ပိုက်ဆံတော့ ယူကွ၊ ထီးမဆောင်းစေနဲ့၊ မှိုမပေါက်စေနဲ့၊ စို့မရိုက်စေနဲ့၊ ရင်မကွဲစေနဲ့၊  လျှာမထုတ်စေနဲ့၊ ကျီးမနားစေနဲ့”
အဖေက ခွေးကတက်၊ လှေကား၊ အုန်းလက်တိုင်၊ သင်္ဘောကြမ်း၊ ခါးပန်း၊ ယက်မ၊ အိမ်အူ၊ ထုပ်၊ လျှောက်၊ အခြင်၊ ရနယ်၊ ကြွက်လျှောက်၊ ပန်းဆွဲ၊ မြင်းမိုရ်ပိတ်၊ ဝဲတိုင်၊ ပေါင်းကွက် အားလုံးကို စစ်ဆေးသည်။ ဝမ်းဘဲတောင်၊ မျက်နှာကြက်၊ ခေါင်အုပ်၊ ဝဲလင်း၊ ကျပ်ခိုးစင်၊ လက်ရန်း၊ ဆင်ဝင်၊ ဆင်ကပ်၊ ပန်းဆွဲ မြဲချင်တိုင်းမြဲစေသည်။ သားချီ၊ မင်းတုပ်၊ ကျီးအက်၊ ပြတင်းကဲလား မမှားစေရ။ လှေကားထူတော့မည့်နေ့ ရဟန်းသံဃာတော်ကို ပင့်ဖိတ် ဆွမ်းလုပ်ကျွေးရသေးသည်။ စပါး တောင်း၊ ဝါးတောင်း၊ ဆီအိုး၊ ငါးပိအိုး၊ မီးခွက်၊ လက်ဖက်ခွက်၊ ကွမ်းအစ် သစ်ချင်တိုင်းသာ သစ်ရော့။
“ရှေးကများ တို့အဖေတွေက အိမ်ဆောက်ရင် သေသေချာချာဆောက်တာ၊ ငါက ဘာဟုတ်လိမ့်၊ ရေပြည့်အိုး၊ သမီးက ညာ၊ မီးမယ်ဖျူး၊ တောင်းပြည့်ဆန်၊ ဆီပြည့်အိုး၊ ကော်ဇော၊ ထမင်းပွဲစုံ၊ နို့အိုး၊ ခရုသင်း၊ ကျောက်ပျဉ် ကျောက်သွား၊ လေး နဲ့မြားက အစရှာထားရတာ။ ဒါမှ အိမ်အရာမြောက်တာ”
အဖေ့အိမ်ကတော့ နေ့အလို ကျက်သရေတည်ပုံတွက်သည်။ လာဘ်နေ နတ်နေ ရွေးသည်။ ဝါရမိတ္တုရက်ငယ် ရက်ကြီးတွက်သည်။ မဟာရက်ကြမ်းကို ရှောင်သည်။ အမြိတ္တစုတ်ရက်၊ ရှမ်းရက်၊ သမားညိုရက်၊ သမားဖြူရက်၊ ကိန္နယုတ်ရက်၊ ပြဿဒါး၊ နဂါးလှည့်၊ ရက်ယုတ်မာတွက်သည်။ ရသေ့ကျော်ကိန်း၊ လဒဏ်သင့်ရက်၊ နေဒဏ်သင့်ရက် တွက်သည်။ နေ့ရက်၏ အမြစ်အညွန့် တွက်သည်။ အိမ်သူအိမ်သားတို့၏ မွေးနံ တွက်သည်။ ဒါတွေက ကျနော် မှတ်မိသလောက်သာ ရှိသေးသည်။ သည်အိမ်ဆောက်တော့ လက်သမားဆရာကြီး ဦးထွန်းရက အဖေနှင့် အိမ်မှာပဲ နှစ်ပေါက်နေခဲ့တာလည်း မှတ်မိသည်။
“ကိုညိုရဲ့ ထမ်းဆောင်အားများတဲ့ ကပ်ပျဉ်တွေမှာ သံရိုက်တာတောင် သံရဲ့စူးဝင်နှုန်းများ တွက်တတ်ရတယ်။ သံရိုက် မမှန်ရင်တောင်အကျိုးပျက်စီးတတ်တယ်။ သံပထမတချောင်းနဲ့ ဒုတိယအချောင်းရိုက်ရမယ့်နေရာ အကွာအဝေး အရေးကြီးတယ်။ သံရိုက်မြဲမှ ထမ်းအား မြဲတယ်။ သစ်ထဲဝင်တာနဲ့ စွဲတာ မဟုတ်ဘူးဗျ၊ စွဲအောင်ရိုက်တတ်မှ စွဲတာ၊ ဘာ မှတ်လို့တုံး”
ဘကြီးထွန်းက လှေကားဆန် မ ဂဏန်းထားမှ၊ စုံထားတော့အိမ်ရှင်ဖျားရောဟု ဆိုသည်။ စုံထားတော့ ဘယ်က စတက် ရင် ညာခြေဆုံးမှ အိမ်ပေါ်ရောက်သည်။ ညာက စတက်တော့ ဘယ်ခြေမှာ ဆုံးတတ်တယ်။ ဘယ်စတော့ ညာဆုံး၊ ညာ စတော့ ဘယ်ဆုံး။ ညာစတော့ ညာဆုံးမှ ကောင်းသတဲ့။ လှေကားပျဉ်သစ်ဖျား အောက်ဘက်နေတော့ “တမော်လန်း” ဟုဆိုသည်။ မင်္ဂလာလှေကား မဟုတ်။ လှေကားပေါင်ခါးပန်းမှာ သစ်မျက်ပါတော့ ခိုက်တတ်သည်ဟု ဆိုသည်။ အမျက် ဆိုးဗွေဆိုး ကင်းပါမှ။
“တကယ်တမ်းကျတော့ ချိန်မျဉ်းမှန်မှ အနင်းအကျော်မှန်မှ ကောင်းတာပေါ့ဗျာ၊ လှေကားများကျတော့ အနှေးအတက် ခြေလှမ်းတွက် ယူရတယ်။ လက်မအားဖြင့် သုံးဆယ့်လေးလက်မက သုံးဆယ့်ရှစ် လက်မကြားယူပြီး လှေကားဆန် အကွာအဝေး တွက်ရတယ် ဆိုပါတော့၊ ၃၆ လက်မ၊ ဒါကို ၃ နဲ့စား၊ ၂ နဲ့မြှောက်တော့ ၂၄ လက်မ၊ ဒါ အကောင်းဆုံးပဲ၊ ဟော… ကလေးများများပါတဲ့ အိမ်ကျတော့ ထားပေါ့ လက်မ ၂၀၊ ၂၂ လက်မ အတော်ပဲ”
ဒါက အဖေ့အိမ်တုန်းက အတွေ့အကြုံ။
သံကလေးရိုက်တာ၊ လှေကားကလေးတပ်တာတောင် အဲသလောက်ဆိုလျှင် အိမ်ကြီးတဆောင်လုံး ဆိုစရာကရှိပြီ။ အိမ် ဆိုတာ စိတ်ဝတ္တု၊ ရုပ်ဝတ္တု နှစ်ရပ်ပေါင်းထားသော အောင်းဂူသာ ဖြစ်သည်။
မနေ့ တနေ့ကတော့ မလုံးတို့ တဲကလေးဆီ ကျနော်တို့ သွားလည်ကြသည်။ မလုံးတို့ တဲစုကလေးတွေနားရောက်တော့ မလုံးက ဘဲစာ ကျွေးနေသည်။ “သူ့ယောက်ျားလေး” က ကွန်ဖာနေသည်။ တဲနီးချင်းတွေက ပိုးနားသန်ကောင်လို ခေါင်း ချင်းဆက် ကုလသမဂ္ဂ သန်းစစ်ဆေးရေး ဝင်နေကြသည်။ တဲရှေ့ဘူးစင်ကလေးမှာ ဘူးသီးတွေ ခဲနေသည်။ ပဲပင်တွေ က စိမ်းစိမ်းမှောင်မှောင်။ ဘက်ထရီအိုးဟောင်းကလေးနှင့် တွဲထားသည့် ကြေး (ဂျီး) လက်လေးသစ် ကက်ဆက်က ကျီကျီကျာကျာ မြည်နေသေးသည်။ မြစ်လေက တဲပက်လက်ကလေးတွေထဲမှာ ကတမ်း ခုန်တမ်း ကစားကြလို့။ ငါးညှီနံ့ သစ်ခင်းစိမ်းနံ့က သူတို့အတွက် ငွေစက္ကူနံ့ ဖြစ်နေလိမ့်မည်။ မလုံးတို့ တဲကလေးတွေမှာတော့ မဟာရက်ကြမ်းမရှိ။ အင်း တိုက်၊ နဝင်းတိုက်၊ သိုက်တိုက်၊ မှော်တိုက်  မရှိ။ ဘယ်စ ညာဆုံး လှေကား အနင်းအကျော် မရှိ။ ပျားစွဲ လင်းတနား မရှိ။ ထီးဆောင်း မှိုပေါက်၊ စို့ရိုက် မရှိ။ ဆီပြည့်အိုး ဆန်ပြည့်အိုး မရှိ။ တဲပက်လက်ဆိုသော်ငြား မေတ္တာရှိလျှင် အိမ်ဖြစ်ပြီ။
နေဝင်းမြင့်
အိမ်ကလေး ၁၆ လုံးမှ …

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis