‘နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမှုဟာ
အစိုးရအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးအတွက် နောက်ပြန် မသွားဘူးဆိုတာ ပြသတဲ့ ကောင်းမွန်တဲ့
လက္ခဏာရပ်တစ်ခု ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ အတိုက်အခံတွေ အနေနဲ့လည်း
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနိုင်ရေး
အတွက် ပူးပေါင်းဆောင်ရွက်သင့်တဲ့ အပိုင်းတွေမှာ
ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒီမိုကရေစီရေး၊
ငြိမ်းချမ်းရေးဆိုတဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်နေဆဲမှာပဲ
လူထုကြီးခါးစည်း ခံစားနေရတဲ့ စီးပွားရေး၊ လူမှုရေးပြဿနာတွေကို ဖြေရှင်းဖို့
လိုပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ကိစ္စကို ၂၀၁၂
ကုန်တဲ့အထိ မစောင်နိုင်တော့ ပါဘူး။ ၂၀၁၅ မှာ အက်ဖ်တာ လာတော့မှာဖြစ်တဲ့အတွက်
စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး ကိစ္စတွေမှာ ကူညီဖို့
ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့ကို
တိုက်တွန်းပါတယ်’
ဒေါက်တာသန်းထွဋ်အောင်(CEO, Eleven Media Group)
‘အခုလို ကိုကိုကြီးတို့လို၊ မင်းကိုနိုင်တို့လို
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တဲ့အတွက် အင်မတန်ကိုပဲ ၀မ်းသာပါတယ်။
ဒီဝမ်းသာမှုမျိုးက ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှကို ကြုံဖူးလိမ့်မယ်လို့ မထင်ဘူး။
ဘာကြောင့်လဲဆိုတော့ ထောင်တွေရှေ့မှာ လူတွေ ထောင်နဲ့ချီပြီး
ပျော်ရွှင်မြူးတူးနေကြတဲ့ အတွေ့အကြုံမျိုးက ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ
ရှိဖူးမှာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံပဲ ရှိလိမ့်မယ်။ ဘယ်လိုမှကို
ပြောမပြတတ်တဲ့ ၀မ်းသာမှုမျိုးတွေ ၀မ်းသာတယ်။ နောက်ထပ် ၀မ်းသာစရာတစ်ခု
လိုပါသေးတယ်။ တောင်ပေါ်ဒေသတွေက တိုက်ပွဲသံတွေ လုံးဝရပ်စဲပြီးတော့
တစ်တိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ အဖြစ်ကို အမြန်ဆုံးရမယ် ဆိုရင်တော့
အခုထက် အဆပေါင်းများစွာ ပိုပြီးဝမ်းသာမိမှာပါပဲ။ အဲဒါလေးကိုလည်း ဆရာ
မသေခင်မှာ
မြင်တွေ့သွားချင်ပါတယ်’
လူထုစိန်ဝင်း
‘NLD ပါတီအနေနဲ့ သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်အနေနဲ့
သော်လည်းကောင်း နှစ်ပေါင်း ၂၀ ကျော်တစ်လျှောက်လုံး နိုင်ငံရေး အကျဉ်းသားတွေ
လွှတ်ပေးဖို့ တောင်းဆိုလာခဲ့တာ အခုနိုင်ငံရေး အကျဉ်းသားတွေ
လွတ်လာတဲ့အခါကျတော့ ကျွန်တော်ဝမ်းသာတယ်ပေါ့ဗျာ။ ဒါကတစ်ချက်။ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်တဲ့နေရာမှာ ရိုးရိုးတမ်းတမ်း လွှတ်တာတင်မကဘူး၊
နိုင်ငံရေးအကျဉ်းသား ခပ်များများပေါ့ဗျာ။ ၂၀၀ ကျော်ဆိုတဲ့ အရေအတွက်
ခပ်များများကြီးနဲ့ လွတ်လာတယ်။ အဲဒီလိုလွတ်လာခြင်းဟာ ကျွန်တော်တို့
တောင်းဆိုနေသလို အားလုံးလွှတ်ပေးပါဆိုတဲ့ အခြေအနေမျိုးနဲ့
ဘယ်လောက်နီးစပ်တယ်၊ မနီးစပ်တယ်ဆိုတာ တစ်ပိုင်းပေါ့ဗျာ။ ဘာပဲပြောပြော ၂၀၀
ဆိုတဲ့ အရေအတွက်ဟာ များပြားတယ်။ တစ်စုတစ်ဝေးတည်းဖြစ်တယ်။ အင်နဲ့အားနဲ့
ထုနဲ့ထည်နဲ့ လွတ်လာတာဖြစ်တဲ့ အတွက် ၀မ်းသာတယ်လို့ ပြောချင်တယ်။
နောက်တစ်ချက်ကတော့ အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတဲ့အခါမှာ
လွတ်လာတဲ့ သူတွေရဲ့ အနေအထားဟာ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးလို
ပုဂ္ဂိုလ်မျိုး၊ နောက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်လို
ပုဂ္ဂိုလ်မျိုး၊ သံဃာတော် ဦးဂမ္ဘီရလို ပုဂ္ဂိုလ်မျိုးတွေ၊ ကျောင်းသားလူငယ်တွေ
ပါဝင်လာတာတွေ့ရတော့ ပိုပြီးတော့ ၀မ်းသာပါတယ်’
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်
‘နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုပါတယ်။ တစ်ချိန်က
နိုင်ငံရေးအကျဉ်းသားရှိ၊ မရှိဆိုတာကို ပြဿနာရှိခဲ့ပေမယ့်
အခုလွှတ်ပေးလိုက်ပြီ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား
ရှိတယ်ဆိုတာကို လက်ခံပေးတဲ့သဘောလို့ ယူဆပါတယ်။ နောင်လည်း နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတွေ ဆီသွားတဲ့အခါ အသွင်မတူတာလေးတွေ၊ အယူအဆ မတူတာလေးတွေ၊
သဘောထား ကွဲလွဲတာလေးတွေရှိရင် အမျိုးသား ရင်ကြားစေ့ရေးအတွက်
နားလည်လက်ခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း
ပြည်သူလူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ
တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်း ပြေပြေလည်လည်နဲ့ ရှေ့ဆက်နိုင်ဖို့
လိုပါတယ်။ ဒီနေရာမှာ လွတ်လာတဲ့ ပုဂ္ဂိုလ်တွေရဲ့အားနဲ့ ပြန်လည်တည်ဆောက်ရေး
လုပ်မယ်ဆိုရင် အားလုံးကြိုဆိုရမှာပါ။ ထဲထဲဝင်ဝင် လုပ်ပိုင်ခွင့်လည်း
ပေးဖို့လိုပါတယ်။ တိုင်းပြည် တစ်ပြည်ဆိုတာလည်း နိုင်ငံရေးလုပ်တဲ့
ပုဂ္ဂိုလ်တွေရှိမှဖြစ်မှာပါ။ နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေကို
အနှောင်အဖွဲ့ကင်းကင်းနဲ့ လွှတ်ပေးစေချင်ပါတယ်။ ရဲရဲတင်းတင်း ယုံယုံကြည်ကြည်
လွှတ်ပေးတာ ပိုကောင်းမယ်လို့ မြင်ပါတယ်’
ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
‘အခုတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ် ဆိုတာကို
ကြားရတဲ့အတွက် ၀မ်းသာပါတယ်။ အခုလို အထင်ကရ ပုဂ္ဂိုလ်တွေတောင်
လွှတ်ပေးပြီးကာမှ ကျန်တာတွေ လွှတ်မပေးနိုင်စရာ အကြောင်းမရှိပါဘူး။ အခု
လွှတ်ပေးလိုက်တယ်ဆိုတာက ၄၀၁ နဲ့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော်တို့က
ပိုပြီးတော့ သဘောကျတယ်။ ၄၀၁ မှာ ခံဝန်နဲ့ လွှတ်တာရှိတယ်။ ခံဝန်မပါဘဲနဲ့
လွှတ်ပေးလို့ ရတာလည်း ရှိတယ်။ ဒါက သူတို့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
အခြေခံဥပဒေအရဆိုရင်တော့ ၂၀၄ (က)က သမ္မတ တစ်ယောက်တည်းနဲ့ သမ္မတတစ်ယောက်တည်း
လုပ်ပိုင်ခွင့်နဲ့ လွှတ်ပေးလို့ရပါတယ်။ ၂၀၄ (ခ)ကတော့ ကာကွယ်ရေးနဲ့
လုံခြုံရေးဆိုင်ရာပါဝင်တဲ့ ၁၁ ဦးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့
လွှတ်ပေးတာမျိုး လုပ်လို့ရတယ်။ အခုလို နောက်ကျတယ်ဆိုပေမယ့် လွှတ်ပေးလိုက်တဲ့
အတွက် ၀မ်းသာပါတယ်။ ရှေ့ဆက်ရမယ့် လမ်းကြောင်းအတွက်လည်း အများကြီး
ကောင်းသွားပါပြီ။ International Image လည်း အများကြီး တက်လာနိုင်ပါတယ်’
ဦးသန်းမောင်(စစ်တွေ)၊ တရားလွှတ်တော်ချုပ်ရှေ့နေ
‘ကိုမင်းကိုနိုင်အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေနဲ့
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာကို ကြိုဆိုပါတယ်။ ပြီးတော့
ကျေးဇူးတင်ထိုက်သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါ တယ်။ နိုင်ငံတော်
သမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက လွတ်မြောက်လာတာနဲ့
ဝမ်းသာနေရုံနဲ့ လည်းမပြီးဘူး။ ရှေ့လုပ်ငန်းစဉ်တွေက အရေးကြီးပါတယ်။
ဒီနေရာမှာ NLD ရယ်၊ ၈၈ ရယ်၊ နိုင်ငံရေးပါတီတွေရယ် ခွဲမနေဘဲ
တိုင်းပြည်တိုးတက်ချင်သူတွေ ပူးပေါင်းပြီး ၀ိုင်းဝန်းကြိုးစားရင်
ကျွန်တော်တို့ နိုင်ငံဟာ တခြားတိုင်းပြည်တွေ အနီးဆုံး
အာဆီယံနိုင်ငံတွေနဲ့တော့ ရင်ပေါင်တန်းနိုင်မှာပါ’
ကိုညီညီ( ဗိုလ်ချုပ်သွေးလှူတမ်းရေးအဖွဲ့)
‘နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုနဲ့ပတ်သက်လို့တော့ ၀မ်းသာတယ်၊
ဂုဏ်ယူပါတယ်။ ဒီလူတွေက နိုင်ငံအတွက် လုပ်နိုင်ကိုင်နိုင်မယ့်သူတွေပါ။
နောင်တော်ကြီးတွေ၊ ချစ်ခင်လေးစားရတဲ့သူတွေ ဒီလိုလိုအပ်နေတဲ့အချိန်မှာ
လွတ်မြောက်လာတဲ့အတွက် ၀မ်းသာတယ်။ လွတ်မြောက် သင့်တာကတော့ ကြာပြီပေါ့။
အခုလည်း နောက်မကျသေးပါဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြရင်
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမှာ တိုးတက်မှုတွေ ရလာမယ်လို့
မျှော်လင့်ပါတယ်’
ကိုဘော်ဘီ(ဇမ္ဗူသိရီ Safety Net ပရဟိတလူငယ်အဖွဲ့)
‘နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာ အတိုင်းထက် အလွန်ဝမ်းသာပါတယ်။
ကျွန်မတို့ဆို လုပ်ချင်ရင်လည်း ပညာရေးတွေဘာတွေ ငဲ့ကွက်ဦးမှာပေါ့။
သူတို့ကတော့ ဘာကိုမှမငဲ့ဘဲ လုပ်ခဲ့ကြတာလေ။ ယုံကြည်ချက်ကြောင့်
အလုပ်လုပ်ခဲ့ကြတာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ
သီးခြားရှိနေတာမဟုတ်ဘူး။ လူတိုင်းနဲ့ သက်ဆိုင်နေတာ။ ဆရာဝန်တွေ
ဆေးကုတယ်ဆိုတာလည်း နိုင်ငံ ရေး လုပ်တာပါပဲ။ ကိုယ်တတ်နိုင်တဲ့ နေရာကနေ
တာဝန်ယူတာပေါ့။ အခုလိုနိုင်ငံအတွက် အလုပ်လုပ်နိုင်တဲ့သူတွေ လွတ်မြောက်လာတာ
အရင်ကထက် အားရှိလာတယ်လို့ ခံစားရပါတယ်’
လူငယ်ဆရာဝန်တစ်ဦး(ရန်ကုန်မြို့)
‘မြန်မာနိုင်ငံက ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို
သူ့လမ်းကြောင်းနဲ့သူ သွားနေတယ်။ ပြည်သူလူထုကလည်း ဟုတ်မှဟုတ်ပါ့မလားလို့
စောင့်ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ၂၂ နှစ် ၊ ၂၃ နှစ်လောက်
ဒီမိုကရေစီနိုင်ငံဆိုတာ ဖြစ်ထွန်းဖို့ အနစ်နာခံလှုပ်ရှားခဲ့သူတွေကို သူတို့
မိသားစုဝင်တွေသာမက ပြည်သူလူထု တစ်ရပ်လုံးကပါ အပြင်မှာရှိစေချင်ကြတယ်။
ဒီမိုကရေစီနိုင်ငံတော်သစ် ဖော်ဆောင်ရာမှာ ပါဝင်စေချင်ကြတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလို့ပဲ ပြောပြော နိုင်ငံရေး
အကျဉ်းသားလို့ပဲပြောပြော၊ သူတို့တွေကို လွတ်မြောက်စေချင်တဲ့ အထဲမှာ
ကျွန်တော်သာမက ပြည်သူတစ်ရပ်လုံးပါဝင်ပါတယ်။ အခု အဲဒီလူတွေအားလုံးကို
လွှတ်ပေးလိုက်တာဟာ အရမ်းဝမ်းသာစရာ ကောင်းပါတယ်။ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို
လုပ်ခဲ့တဲ့အတွက် မကြာတော့တဲ့ အချိန်အတွင်းမှာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို
ရောက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လည်း
ပိုမိုခိုင်မာလာပါတယ်’
ဒါရိုက်တာမင်းထင်ကိုကိုကြီး
‘ ဒီကနေ့လုပ်ရပ်ဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပါပဲ။ အတိုင်းမသိ
ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ လွန်မြောက်လာတဲ့ သူရဲကောင်းတွေကလည်း
နိုင်ငံအကျိုးအတွက် ရှေ့ဆက်ပြီးတော့ ပါဝင်ဆောင်ရွက်ကြလိမ့် မယ်လို့
ယုံကြည်ထားပါတယ်’
ဒါရိုက်တာ ၀ိုင်း
နိုင်ငံတကာ ခေါင်းဆောင်များ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်အမြင်များ
အမေရိကန်သမ္မတ ဘာရက်အိုဘားမား
‘ယုံကြည်ချက်ကြောင့်
အကျဉ်းကျနေရသူ ရာနဲ့ချီလွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ ရှေ့ဆက်မယ့်
ခြေလှမ်းတစ်ရပ်ပါပဲ’
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နက်ဆာကီး
‘မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်
တုံ့ပြန်တဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ပေးနိုင်တဲ့
မြန်မာပြည်သူတွေအတွက် ပိုကောင်းစေနိုင်တဲ့ အခြေအနေ တွေ တည်ဆောက်ရာမှာ
ကူညီပေးကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က
တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့မှာ ကာလရှည်စောင့် မျှော်နေကြတဲ့
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကိုလည်း ကြိုဆိုလိုက်ပါတယ်’
ဥရောပသမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်
‘မြန်မာအစိုးရဟာ သူတို့ရွေးချယ်ထားတဲ့ ပြုပြင်ပြောင်းလဲရေး
လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်ဆိုတဲ့ နောက်ထပ် အတည်ပြုချက်တစ်ရပ်၊
ရဲရင့်တဲ့ ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးသစ်
တစ်ရပ်ဆီကိုရောက်အောင် ဆောင်ကြဉ်းပေးလိုက်တာပါပဲ’
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်
‘၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအ၀င်
မြန်မာနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားအမြောက်အမြားကို
လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းစကားကို ကြားရတာ အထူးပဲ ၀မ်းမြောက်မိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက
ကာလရှည်တောင်းဆိုနေတဲ့ ကိစ္စဖြစ်တာကြောင့် အခုလိုလွှတ်ပေးတာဟာ
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကတိက၀တ်ကို နောက်ထပ်ဖော်ပြလိုက်တာလို့
မှတ်ယူပြီး ၀မ်းမြောက်မိပါတယ်’
By EMG
No comments:
Post a Comment