menu

Sunday 15 January 2012

အမျိုးသမီး အဆိုတော် လေးဦး၏ 4 Flavours ဂီတညချမ်း

e4418
ရန်ကုန်မြို့၏ ညနေခင်းတွင် ရှိုးပွဲများက ခပ်စိပ်စိပ်နေရာယူ လာခဲ့သည်။ ပွင့်လင်းရာသီကာလ ဖြစ်ခြင်းကြောင့် ရန်ကုန်မြို့တွင် ရှိုးပွဲများ ဆက်တိုက်ဆိုသလို ကျင်းပလာကြသည့်အပြင် ကျင်းပရန် ပြင်ဆင် နေကြသူများလည်း ရှိသည်။ ရန်ကုန်မြို့၏ နေရာအနှံ့တွင် ထောင်ထားသည့်  billboard များကို တွေ့မြင်ရစဉ်ကတည်းက အမျိုးသမီး အဆိုတော်လေးဦး၏ ထူးခြားသည့် တွဲဖက် ဖျော်ဖြေမှု၊ ရန်ကုန်ပရိသတ်နှင့် လေးနှစ်ကျော် ကွာဝေးနေခဲ့သည့် အင်္ဂလန်ပြန် တင်ဇာမော်ပါဝင်မည့် အစီအစဉ်များ ဖြစ်ခြင်းကြောင့် ပိုမိုစိတ် ၀င်စားစရာဖြစ်နေခဲ့သည်။
ဖျော်ဖြေပွဲကျင်းပသည့် ဇန်န၀ါရီလ ၈ ရက် နေ့ညနေ ၆ နာရီဝန်းကျင်ခန့်တွင်မူ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံရှေ့၌ ပရိသတ် များ စည်ကားနေသည်ကို တွေ့မြင်ရသည်။ အမျိုးသားဇာတ်ရုံအတွင်း သို့ ၀င်လိုက်လျှင် ထိုင်ခုံအားလုံး ပြည့်နေသည်ကို တွေ့မြင်လိုက်ရသည်။
‘4 Flavours’ ဂီတညချမ်း ဖျော်ဖြေပွဲအား ည ၇ နာရီခွဲ ၀န်းကျင်ခန့် တွင် စတင်ခဲ့ပြီး Plus 3 တေးဂီတ၀ိုင်းနှင့်အတူ ပါဝင်သည့်အဆိုရှင် များဖြစ်သည့် တင်ဇာမော်၊ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်းတို့ လေးဦးစလုံး၏ မြူးကြွသည့် တေးသီချင်းများအား အတူတွဲဖက် သီဆိုမှုဖြင့် စတင်ခဲ့သည်။ ထို့နောက် ချမ်းချမ်း၏ ပထမအလှည့် သီဆိုဖျော်ဖြေမှုဖြင့် တင်ဆက်ရာ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’၊ ‘ညှို့နိုင်လွန်းတဲ့ ကျွန်မချစ်သူ’စသည့် ပရိသတ်အကြိုက် တေးသီချင်းများ သီဆိုခဲ့ရာ ပရိသတ်များ အကြိုက်တွေ့ အားပေးခဲ့ ကြသည်။ အလှည့်ကျတေးသံရှင် ဖြူဖြူကျော်သိန်းက ဒေါင်းမြီးဖြင့် ဖန်တီးထားသည့် ၀တ်စုံကို ၀တ်ဆင်၍ Jade Dragon အဖွဲ့၏ပါဖောမန့်စ်နှင့်အတူ ‘ငါဘုရင်မ’တေးသီချင်းကို သီဆို၍စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့သည်။ ဖြူဖြူကျော်သိန်းက ပထမ အကျော့၏ သီဆိုဖျော်ဖြေမှုအဖြစ် ‘အဆိပ်ရိုင်း’သီချင်းအပါအ၀င် မြူး ကြွသည့် တေးသီချင်းများဖြင့် တင်ဆက်ခဲ့သည်။ ဖြူဖြူကျော်သိန်း၏ ပထမအကျော့ နှုတ်ဆက်တေးသီချင်း အဖြစ် တင်ဇာမော်နှင့်အတူ ‘ပထမ ခြေလှမ်း’သီချင်းအား တွဲဖက်သီဆို ခဲ့ရာ ပရိသတ်များ အားလုံးလိုက်ပါ သီဆိုအားပေးခဲ့ကြသည်။
ထို့နောက်တင်ဇာမော်က ဆက်လက်သီဆိုဖျော်ဖြေရာ လေးနှစ်ကျော် ဝေးကွာနေခဲ့သည့် ရန်ကုန်ပရိသတ် များနှင့် မိဘဆရာများအား ဦးစွာ နှုတ်ဆက်ကန်တော့ခဲ့သည်။ ထို့ နောက် ‘အချစ်ကျောင်းသူ’သီချင်းနှင့် သီဆိုဖျော်ဖြေရာ ပရိသတ်များအားလုံး လိုက်ပါသီဆိုခဲ့သည်။ ဆက်လက်၍ ‘မှားပြန်တယ်’၊ ‘ဖွဲမီး’၊ ‘အချစ် မရှိနေ့ရက်များ’တေးသီချင်းများကို ဆက်လက်သီဆိုပေးခဲ့ရာ ပရိသတ် များအတွက် အလွမ်းပြေစရာ ဖြစ်စေခဲ့သည်။ တင်ဇာမော်၏ ပထမအကျော့ နှုတ်ဆက်တေးသီချင်းအဖြစ် ထွန်းအိန္ဒြာဗိုနှင့်အတူ တွဲဖက်သီဆိုခဲ့သည်။ ထို့နောက်ထွန်းအိန္ဒြာဗိုက ရှိုးပွဲစင်မြင့်များထက်တွင် သီဆိုခဲသည့် တေးသီချင်းဟောင်းများကို ဆက်တိုက်သီဆို ဖျော်ဖြေပေးခဲ့သည်။ ထွန်းအိန္ဒြာဗို၏ ပထမအကျော့ နှုတ်ဆက်သီချင်းအဖြစ် ချမ်းချမ်းနှင့် အတူတွဲဖက်၍ ‘မေ့တော့ မမေ့သေးဘူး’ကို သီဆိုပေးခဲ့သည်။
အမျိုးသမီးအဆိုတော်လေးဦး ၏ ‘4 Flavours’ ဂီတညချမ်း အစီအစဉ်တွင် ပရိသတ်များမရိုးနိုင်၊ မဟောင်းနိုင်သည့် တေးသီချင်းကောင်း ပေါင်းများစွာကို တစ်ဦးချင်း၊ နှစ်ဦးချင်း၊ အတွဲလိုက်ပုံစံမျိုးစုံဖြင့် တင်ဆက်ခဲ့ပေးခဲ့သည်။ အဆိုတော်များ၏ မမောနိုင်မပန်းနိုင် တင်ဆက်ဖျော်ဖြေ မှုများကို ပရိသတ်များ အားလုံးနီးပါး ကလည်း ပွဲပြီးဆုံးသည်အထိ တေးသီချင်းများ လိုက်ပါသီဆိုရင်း ဖြတ်သန်းစေခဲ့သည်။ နှစ်သက်ရာအဆိုတော်၏ အကြိုက် နှစ်သက်ဆုံး တေးသီချင်း များကို ကိုယ်တိုင်လိုက်ပါ သီဆိုရင်း ဂီတနှင့်အေးချမ်းစွာဖြတ် သန်းခွင့်ရသည့် အမျိုးသမီး အဆိုတော်လေးဦး၏ ဂီတဖျော်ဖြေပွဲညလေးက အေးချမ်း ပျော်ရွှင်ခြင်းရသတို့နှင့် ထုံမွှမ်းစေခဲ့သည့် ညတစ်ညဟုသာ ဆိုရပေတော့မည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis