menu

Sunday 15 January 2012

ကမ္ဘာကျော်တဲ့ ရုပ်ရှင်


သည်အမျိုး သမီး The Lady ဒီရုပ်ရှင်ဟာ အတ္ထုပ္ပတ္တိ အမျိုးအစား ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ မြန်မာ့ ဒီမို ကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘ၀ဇာတ်ကြောင်း အကြောင်း ရိုက်ကူး ထားတာဖြစ်ပြီး ဒါရိုက်တာက ပြင်သစ်လူမျိုး Luc Besson ပါ။
သရုပ်ဆောင် များကတော့ Michelle Yeoh နဲ့ David Thewlis အပါအ၀င်  မြန်မာနဲ့ ဥရောပ သားများဖြစ်ကာ အများစုက ရုပ်ရှင် အသိုင်း အ၀ိုင်းက မဟုတ်ပါဘူး။ ဒီရုပ်ရှင် ကားကို ဇာတ်ညွှန်း ရေးသူက Rebecca Frayn ဖြစ်ကာ သူနဲ့ သူ့ခင်ပွန်း တို့ဟာ ၁၉၉၀ နှစ်များတုန်းက မြန်မာပြည်ကို အလည် လာခဲ့ပြီးနောက် ဒီမိုကရေစီ ရေးလှုပ်ရှား မှုကြောင့် နေအိမ် အကျယ်ချုပ် ကျခံ ခဲ့ရသူ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြည်သူတွေကို ပေးဆပ်ထားတဲ့ သူ့ကိုယ်ပိုင် ဘ၀ အကြောင်းကို ရုပ်ရှင်အဖြစ် ပုံဖော်လို စိတ်ပေါ်ပေါက် လာခဲ့တာပါ။


ဒီလို ပုံဖော်လို စိတ်ကြောင့် သူ့ခင်ပွန်း Andy Harries က တခြား ထုတ်ဝေသူ နှစ်ဦးနဲ့အတူ EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီ တွေကနေ ထုတ်နိုင်အောင် ဒါရိုက်တာ Luc Besson ကို တောင်းဆို ခဲ့ပါတယ်။ ဇာတ်ညွှန်းအတွက် စီမံကိန်းကို “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း”ဆိုတဲ့ နာမည် ပေးခဲ့တာပါ။ ဒီနာမည်ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားခဲ့တဲ့ စာအုပ်ရဲ့ အမည်လည်း ဖြစ်ပါတယ်။ ဇာတ်ညွှန်းအတွက် သုတေသနကို ၂၀၀၈ ခုနှစ် ကတည်းက စတင်အားထုတ် ခဲ့တာပါ။ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း များကိုတော့ ထိုင်း၊ မြန်မာ၊ အင်္ဂလန်နဲ့ ပြင်သစ် နိုင်ငံတွေမှာ ရိုက်ကူး ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ် အောက်တို ဘာလမှာ ရိုက်ကူးရေး စတင်ကာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အထိ အချိန်ယူ ရိုက်ကူး ခဲ့တာပါ။ ဒေါ်အောင်ဆန်း စုကြည်ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အတွက် သူ့နေရာမှာ သရုပ်ဆောင်မယ့် မီရှဲလ် ယိုးအနေနဲ့ သူနဲ့ တစ်ရက်တာ တွေ့ဆုံခွင့် ရအောင် ကြိုးစား ဖြစ်ခဲ့ပါတယ်။ မီရှဲလ်ယိုး မြန်မာပြည်ကို လာရောက် ခဲ့ချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားငယ်ဖြစ်သူ မောင်ထိန်လင်းခေါ် ကင်မ်အဲရစ် ကလည်း မိခင် ဖြစ်သူထံ အလည်ရောက် နေချိန် ဖြစ်တာမို့ သရုပ်ဆောင် မီရှဲလ်ယိုး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိသားစု ဆက်ဆံရေး အနေ အထားကိုပါ လေ့လာခွင့် ရခဲ့ပါတယ်။
ဒီမိုကရေစီ လှုပ်ရှားမှု အတွက် အကြိမ်ကြိမ် နေအိမ် အကျယ်ချုပ် ကျခံ ခဲ့ရတာ ဖြစ်တာမို့ မိမိရဲ့ ကိုယ်ပိုင် မိသားစု ဘ၀ကို စတေး ခဲ့ရတဲ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရဲစွမ်း သတ္တိကို ကမ္ဘာကပါ အသိအမှတ် ပြုခဲ့ကြတာ ဖြစ်ပေမယ့် ဒီရုပ်ရှင် မှာတော့ အခုလို အခက်အခဲ တွေကြားက သူ့ရဲ့ကိုယ်ပိုင် ဘ၀မေတ္တာ ဇာတ်လမ်းကို ဇောင်းပေးပြီး ရိုက်ကူး ထားတယ်လို့ ဆိုပါတယ်။ ခင်ပွန်း ဖြစ်သူဟာ ဆီးကျိတ် ကင်ဆာ ရောဂါကို ခံစား နေရပြီး သေလုမြောပါး ဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီရေး အတွက် ကြိုးပမ်း နေချိန် ဖြစ်တာမို့ နိုင်ငံပြင်ပ မှာရှိတဲ့ ခင်ပွန်းဆီ အရောက်သွားပြီး သူ့ရဲ့နောက်ဆုံး အချိန် အတွက် အနားမှာ နေပေး နိုင်ခွင့်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကြောင်းကို သရုပ်ဆောင် ပေးဖို့ ကမ်းလှမ်း ခံရတဲ့ အချိန်မှာ မီရှဲလ်ယိုးက အလွန့်ကို စိတ်လှုပ်ရှား ခဲ့ရတယ် လို့လည်း ဆိုပါတယ်။ မီရှဲလ်ယိုးဟာ မလေးရှားမှာ မွေးဖွားခဲ့တဲ့ အက်ရှင် ဇာတ်ကြမ်းတွေမှာ သရုပ်ဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက ဂျိမ်းစဘွန်း ဇာတ်ကား တစ်ကားဖြစ်တဲ့ Tomorrow Never Dies မှာ သရုပ်ဆောင် ခဲ့သလို နာမည်ကျော် Crouching Tiger, Hidden Dragon ကားမှာလည်း သရုပ်ဆောင် ခဲ့သူပါ။ သူက ဒီဇာတ်ကား အတွက် ကိုယ်အလေးချိန် လျှော့ချ သရုပ်ဆောင် ခဲ့ရတာ ဖြစ်ပြီး အခုလို ကမ္ဘာကျော် အာရှ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်အကြောင်း ရိုက်ကူးမှုမှာ ပါဝင်ခွင့် ရတဲ့အတွက် အလွန် စိတ်လှုပ်ရှား ရတယ်လို့ ဆိုပါတယ်။

ဒီကားကို ရိုက်ကူး ပေးခဲ့တဲ့ ဒါရိုက်တာ ကတော့ လန်ဒန်မှာ ကျင်းပတဲ့  ရုပ်ရှင်ပွဲတော် တစ်ခုမှာ ကျောင်းသား တချို့နဲ့ တွေ့တဲ့အခိုက် ဒီဇာတ်ကား ရိုက်ကူးဖို့ အတွက် သူ့အနေနဲ့ ကာယကံရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ လျှို့ဝှက်ပြီး စာအားဖြင့် ဆက်သွယ် ခဲ့ရကြောင်း ထုတ်ပြော ခဲ့ပါတယ်။ ရုပ်ရှင် ထွက်လာပြီးနောက် ရေးခဲ့တဲ့ စာတစ်စောင် မှာတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီရုပ်ရှင်ဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့အဖေနဲ့ သူ့ခင်ပွန်းတို့ အကြောင်းပါ ပါဝင် နေတာမို့ သူ့အနေနဲ့ မကြည့်နိုင် သေးကြောင်း၊ ဒါပေမဲ့ အခွေ တစ်ခုတော့ ပေးပို့ထားစေ လိုကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ခဲ့ရတဲ့ သားဖြစ်သူက စိတ်အရမ်း လှုပ်ရှား ခဲ့ရတယ်လို့ သိခဲ့ရတာမို့ ဒီရုပ်ရှင်ကို သူ့အနေနဲ့ အားမွေးပြီးမှ ကြည့်မှာ ဖြစ်ကြောင်း ရေးသား ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင် ကားထဲက တချို့ ဇာတ်ဝင်ခန်း နောက်ခံပုံရိပ် တွေကတော့ မြန်မာပြည်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး စစ်သားတွေရဲ့ ပုံရိပ်တွေ ကတော့ ကိုးပေဆယ်ပေ အကွာ အဝေးကနေ ရိုက်ကူးခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ မီရှဲလ်ယိုးရဲ့ အရုပ်တွေနဲ့ ပေါင်းစပ်တည်း ဖြတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ မြန်မာ ပြည်ထဲမှာ ရိုက်ကူးမှု ကိုတော့ လက်ကိုင် ကင်မရာ လေးတွေနဲ့ပဲ ရိုက်နိုင်တာမို့ ပုံရိပ်တွေ အရည် အသွေး သိပ်မကောင်း ခဲ့ဘူးလို့ ဆိုပါတယ်။
တိုရန်တို ရုပ်ရှင် ပြပွဲမှာ ပြသ ခဲ့ပြီးနောက် The Guardian သတင်းစာရဲ့ Damon Wise သတင်းထောက်က သုံးသပ်ချက် ဖော်ပြ ရာမှာတော့- “သည်အမျိုးသမီး ရုပ်ရှင်က တီဗွီ ဇာတ်လမ်းတွဲ အတ္ထုပ္ပတ္တိ ရုပ်ရှင်လို ရိုက်ရမယ့် အကြောင်း အရာကို သိပ်တိုတို နည်းနည်းလေးပဲ ရိုက်ထားတာမျိုး ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောတွေက အသက် မပါဘဲ ခပ်စင်းစင်း ဖြစ်နေသလို သရုပ်ဆောင် သွားတာ တွေကလည်း ခပ်ရိုးရိုး သံချေး တက်နေတဲ့ သရုပ်ဆောင်မှု မျိုးတွေပါ”လို့ ဖတ်ရှုရ ပါတယ်။

ဇာတ်ကား ကြာမြင့်ချိန် ၁၂၇ မိနစ်ရှိပြီး ဇာတ်ကား အမျိုးအစား ကိုတော့ ဒရမ်မာ၊ ရိုမန်တစ်၊ အတ္ထုပ္ပတ္တိလို့ ဖော်ပြ ထားတာပါ။ ဒီရုပ်ရှင်ကားကို ကမ္ဘာ အနှံ့က ရုပ်ရှင် ပွဲတော်တွေ ဖြစ်တဲ့  Toronto International Film Festival 2011, Mill Valley Film Festival 2011, Busan International Film Festival 2011, International Rome Film Festival 2011, Doha Tribeca Film Festival 2011, AFI FEST 2011, Stockholm International Film Festival 2011, International Film Festival of India 2011, Whistler Film Festival 2011 တွေမှာ ပြသ ခဲ့ပါတယ်။
Teen Magazine

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis