menu

Thursday 30 January 2014

မြင်သမျှ ကြားသမျှ....(အကြည်တော်)

Photo: မြင်သမျှ ကြားသမျှ

*************

အကြည်တော်

►ဓားပြတွေတဲ့လား

ဒီတစ်ပတ် အများဆုံးကြားနေရ တာကတော့ ဓားပြမှုတွေပါပဲ။ အရင်က ဆို ခိုးမှု၊ အဓမ္မမှုတွေ အများဆုံးတွေ့နေ ရာကနေ အခုတော့ ဓားပြမှုတွေ အများ အပြား ပါဝင် လာတာ တွေ့ရပါတယ်။

အရင်က သတင်းတွေကပဲ မပွင့် မလင်းခဲ့လို့ မသိခဲ့ရတာလားတော့ မ ပြောတတ်ပါဘူး။ အခုတော့ ထူးထူးခြား ခြား ဓားပြမှုတွေ တွေ့နေ ရပါတယ်။ ဓားပြတွေဆိုပေမယ့် အရင်ကလို တကယ့်ဓားကို ပြပြီး တိုက်တဲ့ဓားပြတွေမဟုတ်တော့ပါဘူး။ နေ့ခင်းကြောင် တောင် သေနတ်တွေပြ၊ ပစ်ခတ်ပြီး တကယ့်ကို ဝင်ရောက်လုယက်နေကြတဲ့ ဓားပြတွေပါ။

ဒီလိုဆို နိုင်ငံရဲ့ လုံခြုံရေးက စိတ် မအေးစရာပါပဲ။ ဖြစ်ပျက်ခဲ့တာတွေက လည်း တကယ့် မြို့ကြီးတွေမှာ ဖြစ်နေ တာပါ။

ဒီကြားထဲ ရန်ကုန်ဝန်းကျင်နားက လက်နက်တိုက်တစ်ခုကနေ လက်နက် တွေ ဝင်ရောက်ခိုးယူသွားတယ်ဆိုတာ လည်း ကြားရပါတယ်။

ဒါဆို လူတွေအပြင်ထွက်ဖို့တောင် ခက်ခဲတဲ့ အနေအထားပါ။ အစကတည်း က မော်တော်ကားတွေ တက္ကစီတွေကို ဓားထောက်လုယက်နေရာကနေ အခု ဆိုရင်   သေနတ်ထောက် လုယက်ကြမှာ တောင် စိုးရိမ်နေရပါပြီ။

အချို့ကလည်း ဒါတွေကို လျစ်လျူ ရှုပြီး ဘယ်စာအုပ်ပြင်ရမယ်။ ဘယ်အ ပိုဒ် ပြောင်းရမယ်နဲ့ ပြောနေကြတုန်းပါပဲ။ အမှန်တော့ ဒါလည်း လုပ်သင့်ရင် လုပ် ပေါ့။

 ဒါပေမဲ့ ပြည်သူများရဲ့ အသက် အန္တရာယ်ကိုတော့ လျစ်လျူမရှုသင့်ပါ ဘူး။

►ပေါလိုက်တဲ့ မူးယစ်ဆေးဝါးတွေ

အခုလူငယ်တွေကြား ခေတ်အစား ဆုံးကတော့ မူးယစ်ဆေးဝါးပါပဲ။ စိတ် ကြွရူးသွပ်မူးယစ်ဆေးဝါးလို့ အမည်ပေး ထားတဲ့ ဆေးတွေဟာ လူငယ်တွေကြား အတော် ကလေးကို ပျံ့နှံ့နေပါပြီ။

ဖမ်းလိုက်တဲ့ မူးယစ်ဆေးတွေ၊ မမိ တဲ့နေ့လည်း မရှိပါဘူး။ နေ့တိုင်းလည်း ဖမ်းမိပါလျက် ဒီလောက်ပျံ့နှံ့နေသေး တာလဲ အံ့အားသင့်စရာပါပဲ။

တချို့လူငယ်များဟာဆိုရင် အဲဒီ လို ဆေးတွေဝယ်မသုံးနိုင်လို့ ကော်ရှူ ကြသတဲ့။ ဘယ်လို ရှူကြသလဲတော့ မသိပါဘူး။

လူငယ်ဆိုတာဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေလို့ ဆိုကြပါတယ်။ ဒါပေမဲ့ လူငယ်တွေ ဒီလောက်တောင် ပျက်စီးနေရင် ဘယ်လိုခေါင်းဆောင် ကောင်းတွေ ထွက်ပေါ် လာမှာလဲ။ ခပ် ညံ့ညံ့တိုင်းပြည်မှာခပ်ညံ့ညံ့ခေါင်းဆောင် တွေနဲ့ပဲတွေ့နေလုံးလည်ချာလည်လိုက် နေဦးမှာပါပဲ။

တချို့ကတော့ လူငယ်တွေရဲ့ ပညာရေး အကြောင်းကို အဓိကထား ပြော ကြပါတယ်။ ဟုတ်ပါတယ်။ ပညာ ရေးကလည်း အရေးကြီးပါတယ်။ ဒါပေ မဲ့ လူငယ်တွေ   ကျောင်းတက်ဖို့က ပိုအ ရေး ကြီးပါတယ်။ အခု လူငယ်တွေ ကျောင်းနဲ့ ကလပ် ဘယ်မှာ လူပိုများလဲ စုံစမ်းကြည့်ဖို့ လည်းလိုပါတယ်။ ကျောင်း နေအရွယ်တွေ ကလပ်ကို   ရောက်နေကြ တယ်။ ကလပ်ဆိုတာကလည်း ညမှောင် မှောင် မီးမှောင်မှောင်မှာ မဟုတ်တာမျိုး စုံ လုပ်လို့ရနိုင်တဲ့ နေရာပါပဲ။

ဧည့်စာရင်းတောင် တိုင်စရာမလို တဲ့ ဒီလိုနေရာမျိုးမှာ မူးယစ်ဆေးဝါးတွေ မပျံ့နှံ့နေနိုင်ဘူးလား။ မြန်မာနိုင်ငံမှာ ကိုယ့်အိမ်မဟုတ်ဘဲ ဘယ်နေရာပဲ သွား သွား ည ဘက်နေရင် ဧည့်စာရင်းတိုင်ရပါ တယ်။ အဲဒီလို ဧည့်စာရင်းမှ မတိုင်ချင် ရင် ကလပ်ထဲ သွားပါ။ ဘာဧည့်စာရင်း မှ မလိုပါဘူး။ မှတ်ပုံတင်မပြရပါဘူး။ဥပဒေကိုယ်တိုင်က မဟုတ်တဲ့ နေရာကွက် လွှတ်ထားလေတော့ ခုနက ပြောတဲ့အတိုင်းပါပဲ။ခပ်ညံ့ညံ့တိုင်းပြည်မှာ ခပ်ညံ့ညံ့ ခေါင်းဆောင်တွေပဲ လာကြမှာပေါ့။

►များလိုက်တဲ့ ဗိုလ်ချုပ်တွေ

အတော်ကလေးကို ကြာပါပြီ။

မြန်မာပြည်ကို ဒီမိုကရေစီလို့ နာ မည်ပြောင်းပြီးကတည်းက ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သတင်းတွေ၊ ဆောင်းပါးတွေ ဓာတ်ပုံတွေ အတော်များများ ပြန်တွေ့ လာရပြန်ပါတယ်။

ကောင်းပါတယ်။ တိုင်းပြည်တစ်ခု ရဲ့ သူရဲကောင်းကို အစအနဖျောက်ထား ရာကနေ ပြန်လည်ပြီး မြင်ခွင့်၊ တွေ့ခွင့် ဖတ်ခွင့်ရတဲ့အတွက် လူတိုင်းအတွက် တော့ အကျိုး ရှိတာ အမှန်ပါပဲ။ အခုအ ချိန်အထိပါပဲ။

အစကတော့ ဗိုလ်ချုပ်အောင်ဆန်း ပုံတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ပုံတွေ ဆိုရင် ခိုးကြည့်ကြရပါတယ်။ ဓာတ်ပုံ ဟောင်းလေးတစ်ပုံကိုတောင် မရမက ယူပြီး အိမ်ရဲ့ အထွတ်အမြတ်နေရာမှာ ချိတ်ဆွဲထားကြလေ့ ရှိပါတယ်။ တလေး တစားကို ကိုးကွယ်ကြရပါတယ်။  ဒါပေမဲ့ တစ်နေ့က မြင်ကွင်း က တော့ စိတ်မကောင်းစရာပါပဲ။

 ဗိုလ်ချုပ်ပုံပါတဲ့ ဂျာနယ်နဲ့ အီကြာ ကွေး ထုပ်သွားတော့တာပါပဲ။

လူတွေကို ပြောပါတယ်။ များလာ တော့လည်းဂရုမစိုက်နိုင်များ ဖြစ်လာသ လားလို့။

►ကာတွန်းတွေတဲ့လား

ဒီလိုပြောလို့ ကျွန်တော့်ကို အမြင် ကတ်ကြမယ်။

ဟုတ်တယ်။ ကာတွန်းတွေ၊ ဂျာ နယ်တွေ ပုဂ္ဂလိကမှာပါတဲ့ ကာတွန်း တွေ၊ ဒါ့အပြင် လူရွှင်တော်တွေရဲ့ ပြက် လုံးတွေ။

ဟိုးအရင်က ဆရာကြီး ဦးဘဂျမ်း တို့ရဲ့ ကာတွန်းတွေက နိုင်ငံရေးကို ပြောပေမယ့် အနုပညာ ပါပါတယ်။ အတွေးအခေါ်ပါပါတယ်။ ဒီဘက်ခေတ် မှာလည်း ဆရာအော်ပီ ကျယ်တို့ရဲ့ ကာ တွန်းတွေ ထိထိမိမိနဲ့ တွေးစရာတွေ အများကြီး ပါပါတယ်။

အခု သတင်းစာခေတ်မှာတော့ ကာတွန်းတွေဟာ အဲဒီလို မဟုတ်တော့ ပါဘူး။ ကာတွန်းလို့ အမည်ခံထားတဲ့ ဒဲ့ဒိုးရေးတဲ့ စာတွေပါ။

အယ်ဒီတာများကလည်း လက်ရာ ကို တောင် မကြည့်တော့ပါဘူး။ သူတို့ လိုချင်တဲ့ အကြောင်းအရာဖြစ်ရင် သ တင်းစာထဲ၊ ဂျာနယ်ထဲ ထည့်ပစ်တော့ တာပါပဲ။

တစ်ခါတလေ ကာတွန်းဆိုပြီး ရုပ် ပုံတောင် မပါပါဘူး။ တစ်ဖက်စာကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြ တစ်ဖက်စာက ကွင်းစကွင်းပိတ်နဲ့ ပြန်ပြော ဒါပါပဲ။ ကြာလာတော့လည်း ခံစားရတာ တစ်မျိုးပါပဲ။

ပြန်စဉ်းစားကြည့်ပါ။ သတင်းစာ တစ်စောင်နှစ်စောင်ပဲ ရှိစဉ်ကာလက တစ်ဖက်သတ်ရေးတဲ့ ကာတွန်းတွေ ဖတ်ကြရဖူးမှာပါ။ အဲဒီတုန်းက အဲဒီ ကာတွန်းတွေကို ဘယ် သူကမှ ကာတွန်း အဖြစ် မသတ်မှတ်ပါဘူး။

အနုပညာသမားဖြစ်တဲ့ကျွန်တော် တို့ ကိုယ်တိုင်တောင် အဲဒီလို ရေးတဲ့ လူမျိုးနဲ့ တွေ့ရင် အဖက်လုပ်ပြီး စကား မပြောပါဘူး။ အနုပညာ သမားအဖြစ် တောင် မသတ် မှတ်ပါဘူး။ အခုတော့ အဲဒီလို လူမျိုးတွေကို အနုပညာရှင်အဖြစ်သာ သတ်မှတ်ရရင် အခုတော့ ညည်းပဲ ညည်းနိုင် တယ်။

 ”ကာတွန်းတွေတဲ့လား”

ဟာသဆိုရင်လည်း ရယ်ရတာပေါ့ဗျာပိုဆိုးလာတဲ့ တစ်ခုပါပဲဗျာ။ကိုယ့် ကိုယ်ကိုယ်လည်း သံသယ မကင်းပါဘူး။

ကျွန်တော်တို့ကိုယ်တိုင် ဟာသ တစ်ခေတ်ကို ထူထောင်လာတဲ့အခါ ဟာသစာအုပ်၊ ဟာသပြဇာတ်၊ ဟာသ ရုပ်ရှင် စသည်ဖြင့် ခေတ်စားလာပြီး မင်းသားတွေတောင် လူရွှင်တော်လုပ်ပြီး သဘောကျလို့ အငြိမ့်ကကြ တဲ့ ခေတ် ပေါ့ဗျာ။

ပြက်လုံးဆိုတာလည်း ဝေးဝေး ရှာနေစရာ မလိုဘူး။ နိုင်ငံရေး အ ကြောင်း ပြောရင်ကို ပြက်လုံးက အလို လိုဖြစ်၊ ပရိသတ်ကလည်း အဲဒီလို ပြော နိုင်ရင် ချစ်ကြကိုးဗျ။

 ကျွန်တော်တို့ မြန်မာလူမျိုးများက လုပ်ခွင့်မရလို့သာ ငြိမ်နေတာ၊ လုပ်ခွင့်ရ ရင်လည်း တစ်ဆုံးကိုးဗျ။ ဒါကြောင့် ပွင့် လင်းတဲ့ခေတ်မှာ နိုင်ငံရေးမှ မပြက်ရင် လူရာမဝင် တဲ့ခေတ်က ဖြစ်လာပြန်တယ်။

အရင်ကတော့ သွယ်ဝိုက်ပြော၊ လှည့်ပြောလုပ်ရာကနေ အခုတော့ ဒဲ့ဒိုး အလုံးတွေနဲ့ ပရိသတ် လက်ခုပ်ကျ အောင် လုပ်လာကြတော့တာပေါ့။

လုပ်ကြပါ။ ဘာမှ မပြောလိုပါဘူး။

ဒါပေမဲ့ တစ်ခါတော့ အတော်က လေးကို စိတ်မကောင်းဖြစ်မိပါတယ်။

အဲဒါကို ဘုမသိ ဘမသိနဲ့ လူတွေ ကလည်း ရယ်ကြတယ်ဗျာ။

ကျွန်တော်လည်း တစ်ခုပဲ ရေ ရွတ်မိတယ်။

”ဗိုလ်ချုပ်စကား လူရွှင်တော်နှုတ် ဖျားရောက်သွားတဲ့အခါ မိန့်ခွန်းဟာ ပြက်လုံး ဖြစ်လာတယ်”

ဒါကိုမှ ရယ်ချင်လည်း ရယ်ကြပေါ့ ဗျာ။

နောက်တစ်ပတ် ပြန်ဆုံမယ်…။

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis