menu

Thursday 30 January 2014

ဟောင်ကောင်တွင် H7N9 ကြက်တုပ်ကွေးပိုးတွေ့၊ ကြက် ၂၀၀၀၀ ကိုသုတ်သင်၊ ပြည်မကြီးမှ ကြက်တင်သွင်းမှု သုံးပတ်ပိတ်ပင်

Photo: ဟောင်ကောင်တွင် H7N9 ကြက်တုပ်ကွေးပိုးတွေ့၊ ကြက် ၂၀၀၀၀ ကိုသုတ်သင်၊ ပြည်မကြီးမှ ကြက်တင်သွင်းမှု သုံးပတ်ပိတ်ပင်

ဟောင်ကောင်၊ ဇန်နဝါရီ ၂၉

ဟောင်ကောင်တွင် တရုတ်ပြည်မကြီးမှ တင်သွင်းလာသော ကြက်၊ ငှက်များတွင် H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် ကြက်ကောင်ရေ ၂၀၀၀၀ ကို သုတ်သင်လိုက်ပြီး တရုတ်ပြည်မကြီးမှ ကြက်အရှင်များ တင်သွင်းမှုကို သုံးပတ်ထိ ပိတ်ပင်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဟောင်ကောင်ရှိ လက်ကား ဈေးကွက်တွင် H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ့သော ကြက်အားလုံးကိုလည်း ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ဟောင်ကောင် အစိုးရက ပြောကြားသည်။
H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်ပိုးသည် ကြက်ငှက်များကိုသာမက လူကိုပင် ကူးစက်မှုများ ရှိလာခဲ့ပြီး တရုတ်နိုင်ငံတွင် ဇန်နဝါရီလအတွင်း ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် လူ ၁၂ ဦးထိ သေဆုံးသွားခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ ကျီကျင်းပြည်နယ်ရှိ မြို့သုံးမြို့တွင် ကြက်ငှက် ရောင်းချခြင်းကို ပိတ်ပင်ထားသည်။

ထို့ပြင် တရုတ်မြို့ကြီး တစ်မြို့ဖြစ်သော ရှန်ဟိုင်းတွင်လည်း ကြက်ငှက်များ ရောင်းချခြင်းကို ဇန်နဝါရီလ ၃၁ ရက်မှစ၍ သုံးလတာ ရပ်ဆိုင်းမည်ဟု တရုတ်အစိုးရ သတင်းမီဒီယာတွင် ဖော်ပြထားသည်။

ယခုအချိန်သည် တရုတ်နှစ်သစ်ကူး ကာလဖြစ်ရာ ဆွေမျိုးများထံ အလည်အပတ် သွားရောက်သည့် တရုတ်လူမျိုးများအတွက် ကြက်သား ဝယ်လိုအားမှာ ပုံမှန်ထက် မြင့်တက်လေ့ရှိသည်။

ယခုချိန်ထိ လူတွင် H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် နေရာများမှာ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများတွင် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် အစောပိုင်းတွင် လူ၌ H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု မြင့်တက်လာခဲ့ပြီး ယခုချိန်ထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၀၀ ဦးရှိပြီး လူ ၅၀ ကျော် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis