menu

Thursday 30 January 2014

ကန်ဒေါ်လာ သန်းချီ ပဲလောက အရှုပ်တော်ပုံ မြန်မာဘက်မှ ငွေပြန်ပေးရမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပဲလောကအတွင်း ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ငွေကြေး အရှုပ်တော်ပုံကိစ္စတွင် မြန်မာကုမ္ပဏီမှ နိုင်ငံခြားကုမ္ပဏီ ၁၁ ခုဘက်သို့ ငွေများ ပြန်လည် ပေးအပ်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

အိန္ဒိယကုမ္ပဏီ ၁၁ ခုက ပဲကုန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကို မြန်မာနိုင်ငံရှိ Great Light ကုမ္ပဏီထံသို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလခန့်က ကြိုတင်ငွေ လွှဲပေးထားရာ ယခု ၂၀၁၄ ခုနှစ်အတွင်း ရောက်သည့်တိုင် ပဲတင်ပို့နိုင်ခြင်း မရှိခြင်းကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အိန္ဒိယ ကုမ္ပဏီဘက်က အဆိုပါငွေကို တစ်နှစ်အတွင်း နှစ်ကြိမ် ခွဲ၍ ပြန်ပေးရန် တောင်းဆိုထားပြီး မြန်မာဘက်ကမူ ၂ နှစ်အတွင်း သုံးကြိမ်ခွဲ၍ ပြန်လည် ပေးအပ်ရန် ဆန္ဒရှိကြောင်း ညှိနှိုင်းဖျန်ဖြေရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းဘဉာဏ်က ဆိုသည်။


ငွေကြေး ပြဿနာများ ဖြစ်ပွားပြီးနောက် အိန္ဒိယ ကုမ္ပဏီဘက်မှ မြန်မာနိုင်ငံသို့ အကြောင်းကြားလာခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းတို့က ညှိနှိုင်းဖျန်ဖြေရေး ကော်မတီ တစ်ရပ်ဖွဲ့စည်း၍ ဖြေရှင်းပေးလျက် ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ မတ်ပဲဈေး မြင့်တက်နေမှုကြောင့် မြန်မာ ကုမ္ပဏီဘက်က အိန္ဒိယ ကုမ္ပဏီဘက်သို့ ငွေပြန်မပေးဘဲ ပဲများသာ တင်ပို့မည်ဆိုပါက ပိုမို အရှုံးပေါ်နိုင်သည်ဟု ပြည်တွင်း ပဲကုန်သည်အချို့က သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပပို့ မတ်ပဲတစ်တန် ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ ၄၀၀ ကျော် ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် မတ်ပဲတစ်တန် ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်ထိ မြင့်တက်လျက် ရှိကြောင်း ပြည်တွင်း ပဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အလားတူ ပဲလောက ငွေကြေး အရှုပ်တော်ပုံများ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် အတွင်းကလည်း ပေါ်ပေါက်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis