menu

Monday 13 January 2014

ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

1. John Tlumacki, Boston
ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းက အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်မှာ ဓာတ်ပုံဆရာ John Tlumacki က ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး The Boston Globe သတင်းစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားတဲ့ အချိန်မှာ ဓာတ်ပုံဆရာက အမျိုးသား မာရသွန် ပြိုင်ပွဲဝင်တွေ ပန်းဝင်တဲ့ နေရာနားမှာ ရပ်ပြီး အပြေးသမားတွေကို ဓာတ်ပုံရိုက်နေတာ ဖြစ်ပြီး ပြေးလမ်းပေါ်မှာ အပြေးသမားတစ်ဦး လဲကျသွားတဲ့ အချိန်မှာ သူကလည်း ဓာတ်ပုံရိုက်ဖို့ ပြေးအသွား ရဲသုံးယောက်ကလည်း ပြေးလာတာကို မြင်လိုက်ရတဲ့ အချိန်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ဒဏ်ရာရသွားတဲ့ သူတွေ၊ ခြေပြတ်နေတဲ့ သူတွေကို ဆယ့်နှစ်မိနစ်ကြာ ဓာတ်ပုံရိုက်ခဲ့ပြီး The Boston Globe ရုံးကို ပြန်ခဲ့ပါတယ်။ တချို့ ညတွေမှာဆို ဗုံးပေါက်ကွဲမှု ဖြစ်စဉ်က ပုံရိပ်တွေကို ပြန်မြင်နေရတုန်း ပါပဲလို့ ဓာတ်ပုံဆရာက ပြောပါတယ်။



2. Taslima Akhter, Bangladesh
ဒီဓာတ်ပုံကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂၀၁၃ ခုနှစ် ဧပြီလတုန်းက လူတစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်စဉ်မှာ ဓာတ်ပုံဆရာ Taslima Akhter က အုတ်ကြိုး အုတ်ပျက်တွေ ကြားထဲမှာ ဖက်လျက် သေဆုံးနေတဲ့ စုံတွဲတစ်တွဲကို တွေ့ပြီး မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီမီးလောင်မှု သတင်းကို ကြားတဲ့မနက် ၉ နာရီ အချိန်လောက်မှာ မီးလောင်မှု ဖြစ်ပွားတဲ့ နေရာကို သွားခဲ့ပေမယ့် ဒီလောက်အထိ ကြီးကျယ်လိမ့်မယ်လို့ သူမထင်ခဲ့ပါဘူး။ နာရီ အနည်းငယ် အတွင်းမှာတော့ မီးလောင်မှုက ဘယ်လောက်အထိ ကြီးမားမှန်း၊ ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းမှန်း သူသိခဲ့ရပါတယ်။ တစ်နေ့ တာလုံးကိုတော့ အသက်ရှင် ကျန်ရစ်ခဲ့သူတွေကို ကူညီနေတဲ့သူတွေ၊ ဓာတ်ပုံ ရိုက်ကူးနေတဲ့ သူတွေနဲ့အတူ သူ ဖြတ်သန်းခဲ့ ပါတယ်။
ည ၂ နာရီ အချိန်လောက်မှာတော့ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံရဲ့ အနောက်ဘက်က အုတ်ကြိုးအုတ်ပဲ့တွေ ကြားထဲမှာ တစ်ဦးနဲ့တစ်ဦး ဖက်လျက် သေဆုံးနေတာကို သူတွေ့လိုက်ရပြီး ဓာတ်ပုံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးနေတဲ့ အမျိုးသားရဲ့ မျက်လုံးထဲကနေ သွေးစက်တွေက မျက်ရည်တွေလိုပဲ စီးကျနေပါတယ်။
အဲ့ဒီ အချိန်ကတည်းက ဒီစုံတွဲရဲ့ပုံရိပ်က သူ့နှလုံးသားထဲမှာ အမြဲတမ်း ရှိနေပြီး၊ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ ဘာတွေကို စဉ်းစားနေခဲ့လဲ။ မိသားစုဝင်တွေကို သတိရနေခဲ့လား၊ တစ်ယောက်နဲ့ တစ်ယောက် ကယ်ဖို့ ကြိုးစားခဲ့တာလား ဆိုတဲ့မေးခွန်းတွေ မေးနေမိတယ်လို့ ဓာတ်ပုံဆရာက ပြောပါတယ်။


3. Tim Holmes, Dunalley, Australia
ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းက သြစတြေးလျ နိုင်ငံအတွင်းရှိ ကမ်းရိုးတန်း မြို့လေးတစ်မြို့ ဖြစ်တဲ့ Dunalley မြို့လေးမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တုန်းက ကုန်းပေါ်မှာ မီးကို ရှောင်စရာနေရာ မရှိတော့တဲ့ အတွက် အိမ်အနီးအနားမှာ ရှိတဲ့ ဆိပ်ခံတံတား ရှိရာကို ပြေးခဲ့ပြီး တံတားအောက်မှာ ဆင်းပြီး မီးတောက်တွေကို ရှောင်နေရတဲ့ မိသားစုတစ်စုရဲ့ ပုံရိပ်ကို အဲ့ဒီ မိသားစုထဲက ဖခင်ဖြစ်တဲ့ Tim Holmes ကိုယ်တိုင်က ရိုက်ကူးထားတာပါ။ ‘ရိုက်ကူးတဲ့သူက ဓာတ်ပုံဆရာ တစ်ယောက် မဟုတ်ဘဲ’ မီးလောင်မှု ဖြစ်စဉ်မှာ သူတို့မိသားစု ဘေးကင်းရန်ကင်း ရှိကြောင်း သမီးဖြစ်သူ သိအောင် Message ပို့ဖို့အတွက် ဇနီးဖြစ်သူရဲ့ iPhone နဲ့ သူကိုယ်တိုင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Tim Holmes တို့ မိသားစုက ဆိပ်ခံတံတားအောက်မှာ နှစ်နာရီခွဲကြာ မီးရှောင်နေ ခဲ့ရပါတယ်။ ပင်လယ်ရေက အေးလှသလို မျက်နှာကို မီးဟပ်တဲ့ အတွက်လည်း ပူလှပြီး အဆိုးဆုံးကတော့ မီးခိုးငွေ့တွေ ကြားထဲမှာ အသက်ရှူလို့ မရတာပဲလို့ Tim Holmes ကပြောပါတယ်။ မီးလောင်မှုမှာ မိသားစုဝင်တွေ အားလုံး အသက်ချမ်းသာရာ ရခဲ့ပေမယ့် ပစ္စည်းဥစ္စာတွေတော့ ဆုံးရှုံးသွားခဲ့ရပါတယ်။


4. Daniel Etter, Istanbul
တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူမှာရှိတဲ့ Takism ရင်ပြင်နားမှာ နေထိုင်တဲ့ ဓာတ်ပုံဆရာ Daniel Etter အတွက်တော့ ဆန္ဒပြပွဲတွေကို မြင်တွေ့နေကျ ဖြစ်တဲ့အတွက် သိပ်မထူးဆန်း တော့ပါဘူး။ တစ်နေ့မှာ Takism ပန်းခြံအတွက် ဆန္ဒပြပွဲကိုလည်း သာမန်ဆန္ဒပြပွဲ တစ်ခုအဖြစ်သာ မှတ်ယူပြီး ယူကရိန်း နိုင်ငံကို သတင်းတစ်ခုအတွက် သူထွက်ခွာ သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲက ဝန်ကြီးချုပ် Erdogan ကို ဆန္ဒပြပွဲအဖြစ် ပြောင်းသွားကြောင်း သူကြားရတဲ့ အချိန်မှာတော့ တူရကီနိုင်ငံကို သူပြန်ခဲ့ပါတယ်။
နောက်တစ်နေ့ညမှာ Dolmabahce နန်းတော်အတွင်းရှိ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းနားမှာ ဆန္ဒပြသူ လူငယ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို သူဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေ၊ ရေတွေနဲ့ ပက်ကြသလို ဆန္ဒပြသူ လူငယ် တွေကလည်း ရဲတွေရှေ့တက် မလာနိုင်အောင် တွေ့သမျှ ပစ္စည်းတွေနဲ့ ဒိုင်းသဘောမျိုး ကာရံထားကြပါတယ်။ အဲ့ဒီအချိန်မှာ အကာအရံ တစ်ခုအနားမှာ မျက်ရည်ယို ဗုံးတွေရဲ့ကြား၊ ခန္ဓာကိုယ်က ဒယိမ်းဒယိုင် ဖြစ်နေတဲ့ ကြားထဲကနေ တူရကီနိုင်ငံ အလံကို ဝှေ့ယှမ်းနေတဲ့ လူငယ်တစ်ဦးကို သူတွေ့လိုက်ပါတယ်။
သူကိုယ်တိုင်တောင် ဓာတ်ငွေ့ကာ မျက်နှာဖုံး ဝတ်ထားတဲ့ ကြားထဲက အသက်ရှူရ ခက်ခဲနေပေမယ့် ဒီလူငယ်ကတော့ ဘာအကာအကွယ်မှ မပါဘဲ အလံကို ဝှေ့ယမ်း နေတာကို သူဓာတ်ပုံ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။


5. David Jenkins, South Africa
ဓာတ်ပုံဆရာ David Jenkins က တောင်အာဖရိက နိုင်ငံမှာရှိတဲ့ Seal Island ကိုသွားပြီး ငါးမန်းဖြူတွေနဲ့ သူတို့ရဲ့အစာဖြစ်တဲ့ ပင်လယ်ဖျံတွေရဲ့ ကြားက အပြန်အလှန် တုံ့ပြန်မှုတွေကို ဓာတ်ပုံ ရိုက်ယူနေတာ ခြောက်နှစ်လောက် ရှိပါပြီ။ ၂၀၁၃ ခုနှစ် အတွင်းမှာလည်း သူက Seal Island ကို ရောက်ဖြစ်ခဲ့ပြီး ဇူလိုင်လ၂၆ ရက်နေ့ နံနက်မှာ ဒေသခံ ခရီးသွားလမ်းညွှန် တစ်ဦးနဲ့အတူ ငါးမန်းဖြူတွေ အစာရှာတာကို ဓာတ်ပုံရိုက်ယူဖို့ ပင်လယ်ဘက်ကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီနေ့က ပင်လယ်မှာလည်း လှိုင်းလေမရှိဘဲ ငြိမ်သက်နေသလို၊ ကောင်းကင်မှာလည်း တိမ်တွေရှိနေတဲ့အတွက် ငါးမန်းဖြူတွေ အစာရှာတာကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရဖို့ သူ့အတွက် အခြေအနေ ကောင်းတစ်ရပ်ပါပဲ။
ငါးမန်းဖြူတွေက နေမထွက်ခင် တစ်နာရီနဲ့ နေထွက်ပြီး တစ်နာရီကြာမှာ အစာရှာလေ့ ရှိပါတယ်။ သူတို့အစာဖြစ်တဲ့ သားကောင်ကို ဖမ်းဆီးတာကလည်း လျှက်ပြက်သလို မြန်ဆန်ပြီး ကြာမြင့်ချိန်က တစ်စက္ကန့်လောက်ပဲ ရှိပါတယ်။ David Jenkins တို့နှစ်ယောက်က ပင်လယ်ထဲမှာ အစာရှာဖွေ စားသောက်ပြီး ကျွန်းကို ပြန်လာတဲ့ ပင်လယ်ဖျံတွေရဲ့နောက် မလှမ်းမကမ်းကနေ ဓာတ်ပုံရိုက်ယူဖို့ လိုက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပင်လယ်ဖျံအုပ်ကြီးကနေ တစ်ကောင်တည်း ကွဲထွက်ပြီး ကျန်ခဲ့တဲ့ ပင်လယ်ဖျံ တစ်ကောင်ကို ငါးမန်းဖြူ တစ်ကောင်က တိုက်ခိုက်ဖို့ ကြိုးစားတာကို သူတွေ့လိုက်ရ ပါတယ်။ ဒါပေမဲ့ ငါးမန်းဖြူက သူ့အစာကို ဟပ်ဖို့ ပါးစပ်အဖွင့်မှာပဲ ပင်လယ်ဖျံကလည်း ပျံတက် ပြေးသွားတဲ့အတွက် သီသီလေး လွတ်သွားပါတယ်။
နောက်ထပ်မိနစ် အနည်းငယ်လောက်အထိ ပင်လယ်ဖျံက သူ့ကို ခုန်ဟပ်လို့ရတဲ့ ပါးစပ်ပေါက်နဲ့ ဝေးရာ ငါးမန်းဖြူရဲ့ခန္ဓာကိုယ် နားမှာနေပြီး သူ့ကိုခုန်ဟပ်တဲ့အခါ ပေါ့ပါးမြန်ဆန်စွာ ရှောင်ပြေးပြီး ငါးမန်းဖြူ မောပန်းလာအောင် လုပ်နေပါတယ်။ အဲ့ဒီမြင်ကွင်းကို David Jenkins က အမိအရ ဓာတ်ပုံ ရိုက်ယူထားတာ ဖြစ်ပါတယ်။


6. Tyler Hicks,Nairobi, Kenya
ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမှာရှိတဲ့ Westgate Mall ကို ဓာတ်ပုံသတင်းထောက် Tyler Hicks ရောက်သွားတော့ သေနတ်နဲ့ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူသိလိုက်ရပါတယ်။ Westgate Mall ထဲကနေလူတွေ အလျှိုအလျှို ထွက်လာကြတာကို တွေ့လိုက်ရပြီး တချို့တွေ က သေနတ်နဲ့ ပစ်ခံထားရတဲ့အတွက် သွေးထွက်သံယိုတွေ ဖြစ်နေပါတယ်။ ဒီလိုပစ်ခတ်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို သူစတင် ပြောင်းရွှေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက လူတွေကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Al Shabab စစ်သွေးကြွတွေက နိုင်ငံခြားသားတွေ အလာများတဲ့ လူစည်ကားတဲ့ နေရာတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
Westgate Mall ရဲ့ အပြင်ဘက်မှာ ကြောက်လန့်နေတဲ့ လူတွေကို ဓာတ်ပုံရိုက်ယူပြီးတဲ့ အခါမှာတော့ အတွင်းထဲကို သူဝင်လာခဲ့ပါတယ်။ အတွင်းမှာတော့ ရဲတွေ၊ စစ်သားတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူတွေနဲ့ ရှုပ်ထွေးနေပါတယ်။ မြေညီထပ်ကနေ အပေါ်ထပ်ကို တက်လာပြီး လသာဆောင်လို နေရာကနေ သွေးထွက်သံယို ဖြစ်နေကြတဲ့ လူတွေကို ကြည့်ရှုတဲ့ အချိန်မှာတော့ သေဆုံးနေတဲ့သူတွေကို တွေ့ရသလို ကဖီးဆိုင် တစ်ခုအတွင်းမှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မိန်းမတစ်ဦးနဲ့ ကလေးနှစ်ဦးက မလှုပ်မယှက်နဲ့ ငြိမ်သက်စွာ ပုန်းအောင်း နေတာကို သူတွေ့လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ ဈေးဝယ်စင်တာ အတွင်းမှာ နေ့စဉ် ဖွင့်ထားပေးတဲ့ ဂီတသံကလည်း ထပ်ခါထပ်ခါ လာနေပါတယ်။ ဒီမြင်ကွင်းကို သူက ဓာတ်ပုံတွေ ရိုက်ယူခဲ့ပြီး သူရပ်ကြည့်နေတဲ့ နေရာက အကာအကွယ်မဲ့ပြီး အန္တရာယ်များတဲ့အတွက် ပြန်ဆင်းလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဒီအမျိုးသမီးနဲ့ ကလေးနှစ်ဦးကို ဒဏ်ရာ အနာတရကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သူသိခဲ့ရပါတယ်။


7. Peter Van Agtmael, Taxes. USA
ဓာတ်ပုံဆရာ Peter Van Agtmael က အီရတ်နဲ့ အာဖဂန်နစ်စတန် တို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို သွားပြီး နှစ်ပေါင်းများစွာ ဓာတ်ပုံရိုက် မှတ်တမ်းတင် ခဲ့သူပါ။ ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက ဟူစတန်လေဆိပ်နဲ့ မိုင်အနည်းငယ် အကွာမှာရှိတဲ့ မိုတယ်တစ်ခုက ရေကူးကန်မှာ အီရတ် စစ်ပြန်တစ်ဦး ဖြစ်သလို လူရွှင်တော် တစ်ဦးလည်းဖြစ်တဲ့ Bobby Henline ကို သူရိုက်ယူထားတဲ့ ဓာတ်ပုံပါ။
အဲ့ဒီနေ့က အရမ်းပူအိုက်ပြီး ရေကူးကန်ကိုလည်း အလင်းရောင် မှိန်ဖျဖျလေးသာ ပေးထားပါတယ်။ Bobby က ရေထဲမှာ ပက်လက်လှန်ပြီး ပေါလောကြီး မျောနေတာကို သူတွေ့ရပါတယ်။ သူက ဒီပုံရိပ်ကို ဟိုတယ်ရဲ့ လေသာဆောင်ကနေ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ Bobby ရဲ့ လှုပ်ရှားမှုတိုင်းက သူ့အတွက် အဓိပ္ပာယ် ရှိနေတယ်လို့ Peter ကဆိုပါတယ်။ မိုတယ်အတွင်းက လူတချို့က လေသာဆောင်ကို ထွက်လာကာ ဘီယာသောက်ရင်း Bobby ကို ကြည့်နေကြပေမယ့် သူကတော့ ဂရုမစိုက်ပါဘူး။ အဲ့ဒီအချိန်မှာ မိုတယ်က စာရေးတစ်ဦးက ရေကူးကန်ကို ၉ နာရီမှာ ပိတ်ရမယ်လို့ ပြောပါတယ်။ Peter နဲ့ Bobby က ပုံကောင်းရဖို့ ခဏနေပါရစေလို့ ပြောပေမယ့် စာရေးက လက်မခံ ပါဘူး။ မိုးလေး တဖွဲဖွဲလည်း ကျလာတဲ့အတွက် သူတို့နှစ်ယောက်သား ဓာတ်ပုံ ရိုက်တာကို လက်စသတ်ပြီး ဘီယာသောက်ဖို့ ထွက်လာခဲ့ကြတယ်လို့ Peter ကပြောပါတယ်။


8. Mosa,ab Elshamy Cairo, Egypt
၂၀၁၃ ခုနှစ် ဇူလိုင်လ၂၇ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ Rabba Adaweya ရင်ပြင်မှာ စစ်တပ်ရဲ့ ဖယ်ရှားခြင်းခံရတဲ့ အီဂျစ်သမ္မတဟောင်း Mohamed Morsi ကို ထောက်ခံသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတဲ့အကြောင်း သိရတဲ့အချိန်မှာ ဓာတ်ပုံဆရာ Mosa,ab Elshamy က အဲ့ဒီနေရာကို သွားခဲ့ပါတယ်။ သမ္မတဟောင်း Morsi ကို ထောက်ခံတဲ့သူတွေက အဲ့ဒီနေရာမှာ စခန်းချနေတာ နှစ်လလောက် ရှိပါပြီ။ တစ်ညလုံးလုံး စခန်းရဲ့ ရှေ့မျက်နှာစာကို ပြေးလိုက်၊ ဆေးရုံသဘောမျိုးအဖြစ် လုပ်ထားတဲ့ အခန်းနဲ့ သေဆုံးတဲ့သူတွေကို ထားတဲ့အခန်းကို တစ်လှည့်စီ သွားလိုက်နဲ့ ဓာတ်ပုံရိုက်မှတ်တမ်း တင်ခဲ့ပါတယ်။ စခန်းမှာက ဆေးရုံ လူနာတင် ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပြည့်နှက်နေပြီး ဥသြသံတွေ၊ ကြောက်လန့်တကြား အော်သံတွေနဲ့လည်း ညံစီနေပါတယ်။ လေထဲမှာလည်း မျက်ရည်ယိုဗုံး အသုံးပြုရာကနေ ထွက်လာတဲ့ မီးခိုးတွေနဲ့ ပြည့်နှက်နေတယ်လို့ ဓာတ်ပုံဆရာ Mosa က ပြောပါတယ်။
ဆယ့်နှစ်နာရီလောက် အဲ့ဒီနေရာမှာ နေပြီးတဲ့ အချိန်မှာတော့ ပင်ပန်းလာတဲ့အတွက် ကင်မရာကို သိမ်းပြီး သူအိမ်ပြန်ခဲ့ပါတယ်။ လမ်းမှာ ဆူဆူညံညံ အသံကြားရပြီး လူအုပ်တစ်အုပ်ကို သူတွေ့လိုက်ပါတယ်။ ယောက်ျားကြီး နှစ်ယောက်က ခေါင်းမှာ သေနတ်မှန်ပြီး သေဆုံးနေတဲ့ လူငယ်တစ်ယောက်ကို သယ်လာတာသူ တွေ့ရပြီး လူငယ်ရဲ့ ညာဘက်က ယောက်ျားကြီးက လူငယ် သေဆုံးနေပြီဆိုတာ မသိတဲ့အတွက် ဆေးကုပေးဖို့အတွက် အော်ဟစ် တောင်းဆိုနေပြီး ဘုရားသခင်ကိုလည်း တိုင်တည်နေတာကို သူတွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကို သူကကင်မရာ ထုတ်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီပုံက အဲ့ဒီနေ့ ဖြစ်စဉ်မှာ သူနောက်ဆုံး ရိုက်ယူခဲ့တဲ့ ဓာတ်ပုံဖြစ်ပေမယ့် အခုချိန်အထိ အမှတ်ရ နေတုန်းပါပဲလို့ သူကပြောပါတယ်။


9. Phillipe Lopez, Tolosam, Leyte, the Philippines
ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှု ဖြစ်စဉ်အပြီး မြင်ကွင်း တစ်ခုကို ဓာတ်ပုံဆရာ Phillipe Lopez က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံက ကြည်လင် ပြတ်သားတဲ့အပြင် မြင်ကွင်းကလည်း စိတ်ထိခိုက်စရာ ကောင်းနေတဲ့အတွက် လူတွေက ဒီဓာတ်ပုံရဲ့ ညှို့ငင်မှုကို ခံလိုက်ရတာ ဖြစ်မယ်လို့ ထင်ကြောင်း ဓာတ်ပုံဆရာက သူ့ရဲ့အမြင်ကို ဖွင့်ဟပါတယ်။


10. Emin Ozmen, Keferghan, Syria
ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် သြဂုတ်လတုန်းက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ မြို့လေးတစ်မြို့မှာ အယ်လ်ကိုင်းဒါးတွေနဲ့ ဆက်သွယ်မှုရှိတဲ့ ISIS စစ်သွေးကြွတွေက လူတစ်ယောက်ကို သတ်ဖြတ်ခါနီး အချိန်လေးမှာ Emin Ozmen က ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ အဲ့ဒီနေ့က ISIS စစ်သွေးကြွတွေက လူလေးယောက်ကို သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ရွာစဉ် လှည့် သယ်ဆောင်ကာ ပြသခဲ့ပါတယ်။ Emin Ozmen ရိုက်ယူခဲ့တဲ့လူက အဲ့ဒီနေ့က နောက်ဆုံး သတ်ခံရတဲ့သူပါ။ ဒီဓာတ်ပုံကို ရိုက်ကူးတဲ့ အချိန်တုန်းက ကင်မရာကို လွှတ်မချမိအောင် သူကြိုးစား ခဲ့ရပါတယ်လို့ ဓာတ်ပုံဆရာက ပြောပါတယ်။ ဒါဟာ စစ်ပွဲတစ်ပွဲ ဖြစ်ပြီး သူကတော့ စစ်ပွဲရဲ့ မနှစ်မြို့စရာ ကောင်းတဲ့ အခိုက်အတန့် တစ်ခုအတွင်းမှာ ရောက်ခဲ့တာပါလို့ Emin Ozmen ကဆိုပါတယ်။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis