menu

Monday 13 January 2014

မလေးရှားရောက် တရားမဝင် လုပ်သားများကို တစ်ကျော့ပြန် ဖမ်းဆီးမည်


ရန်ကုန်၊ ဇန်နဝါရီ ၁၂

မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသူ အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြား လုပ်သားများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင် ရုပ်သံသတင်း နှင့် သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးမှုတွင် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့သုံးဖွဲ့ ပါဝင်မည်ဖြစ်ပြီး တရားမဝင် လုပ်သား လက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများအားလုံးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည် ပို့မည် ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး DR. AHMAD Zahid Hamidi ကပြောကြားသည်။

ဖမ်းဆီးခံရသည့် တရားမဝင် လုပ်သားများသည် ထောင်တွင်း ကုန်ကျစရိတ်များနှင့် လေယာဉ်လက်မှတ် ကုန်ကျစရိတ်များကို ကိုယ်တိုင် ကျခံရမည်ဖြစ်ပြီး နေရပ် ပြန်ပို့ခံရသူများသည် မလေးရှားနိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။
“ဒီတစ်ကြိမ် အဖမ်းအဆီးကတော့ အတော်လေးကို ဆိုးမယ်ထင်တယ်။ ပြဿနာတွေကလည်း ဖြစ်တာများတော့ မိရင် ချက်ချင်းတောင် ပြန်ပို့မလားပဲ” ဟု ကွာလာလမ်ပူမြို့တော် တရုတ်တန်းတွင် အဝတ်အထည်နှင့် အမျိုးသား အသုံးအဆောင်ဆိုင် ဖွင့်ထားသူ ဦးခိုင်ဇော်မိုးက ဆိုသည်။



မလေးရှားရောက် မြန်မာများ အနေနှင့် နိုင်ငံကူး လက်မှတ်များ၊ UNHCR ကတ်များကို မိတ္တူအပိုများ ကူးထားကြရန် လိုအပ်ပြီး UNHCR ကတ် မရသေးသောသူများ ဆိုပါကလည်း ကတ်ပြုလုပ်ထားသည့် အထောက်အထား စာရွက်စာတမ်းများကို ဆောင်ထားရန် လိုကြောင်း၊ အထောက်အထားမဲ့ မြန်မာများသည်လည်း အသွားအလာ ဆင်ခြင်ရန် လိုကြောင်း မလေးရှားရောက် မြန်မာများက ပြောဆိုကြသည်။

မလေးရှားနိုင်ငံရောက် တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့် ရရှိရန် ၂၀၁၁ ခုနှစ် သြဂုတ်လမှ ၂၀၁၂ ခုနှစ် ဧပြီလအထိ ဆောင်ရွက်ပေးသည့် 6P အစီအစဉ်တွင် တရားဝင် အထောက်အထား ပြုလုပ် လျှောက်ထားသူများအနက် အထောက်အထား မရရှိသူများစွာ ကျန်ရှိနေခဲ့သဖြင့် သုံးလသက်တမ်း တိုးထားရာ ဇန်နဝါရီလ ၂၀ ရက်နေ့ သက်တမ်းကုန်မည် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ပြုလုပ်ခဲ့သည့် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စစ်ဆင်ရေးတွင် မြန်မာ တစ်ထောင်ထက် မနည်း ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis