menu

Monday 13 January 2014

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချခြင်းအပေါ် ဝေဖန်မှုများရှိနေ

Photo: ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချခြင်းအပေါ် ဝေဖန်မှုများရှိနေ

ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အနေဖြင့် အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချလိုက်ခြင်းအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက် ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရသည်။   

မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာဘောလုံးအဖွဲ့ချုပ် အနေဖြင့် နည်းပြချုပ်ဖြစ်သူ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာနှင့် ချက်ချင်းလမ်းခွဲခဲ့သည်။ မြန်မာပရိသတ်များ အနေဖြင့် ဆီးဂိမ်းစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အောင်မြင်မှုမရဘဲ စိတ်ပျက်စရာကောင်းသည့် ရှုံးနိမ့်မှုမျိုးဖြင့် ကြုံတွေ့ခဲ့ရသည့်အပေါ် နည်းပြချုပ် ပတ်ဆောင်ဟွာအား ဝေဖန်ပြစ်တင် ခဲ့ကြသည့်အပြင် လက်ရွေးစင် ကစားသမားများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများအား မြန်မာဘောလုံးအသင်း ကျရှုံးမှုအတွက် မေးခွန်းထုတ်ခဲ့သလို ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ယင်းသို့သော အနေအထားတွင် ပြီးခဲ့သည့် ဇန်န၀ါရီ ၈ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် လိဂ်ကော်မတီ၊ ကလပ်အသင်းများနှင့် ကစားသမားများ ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားများ၏ လစာနှုန်းထားများကို ကန့်သတ်လျှော့ချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးဆုံးဖြတ်မှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ လစာလျှော့ပေါ့ရခြင်းမှာ ဘောလုံးသမားများ အနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစွာ မိမိတို့ရရှိနေသည့် ခံစားခွင့်များနှင့် လိုက်ဖက်သော ခြေစွမ်းအဆင့်အတန်းမျိုး ပြသလာနိုင်စေရန်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘောလုံးအောင်မြင်မှုဖြင့် ပိုမိုပေးဆပ် ကြိုးစားလိုသည့် ကစားသမားများ တိုးတက်များပြား လာစေရန်နှင့် ဘောလုံးကို ချစ်မြတ်နိုးသည့် လူငယ်ဘောလုံးသမားကောင်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကစားသမားများ၏လစာကို နှုန်းထားတစ်ခုဖြင့် လျှော့ချသတ်မှတ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များ၊ ဘောလုံးသမားများ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် ဘောလုံးသမားများ၏ လစာများကို ကန့်သတ်လျှော့ချခြင်းမှာ မှန်ကန်သည့်လုပ်ရပ် မဟုတ်ဘဲ မြန်မာဘောလုံးအတွက် သင့်တော်သည့် အဖြေမှန်တစ်ခုကို ရရှိလာမည်မဟုတ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

“ဒီစည်းမျဉ်းက ပြောရရင် ကစားသမားတွေကို ချောင်ပိတ်ရိုက်သလို ဖြစ်နေတယ်။ ကစားသမားတွေ အနေနဲ့လည်း သဘောမတူလို့ မရတဲ့ အနေအထားမျိုးဖြစ်လို့ သဘောတူလိုက်ရတယ်လို့ပဲ မြင်တယ်။ ကစားသမားတွေ အနေနဲ့ ဒီခံစားချက်ကြီးနဲ့ ကစားနေရရင် မကောင်းနိုင်ဘူး။ လက်ရွေးစင်အသင်း မအောင်မြင်လို့ လုပ်တယ်ဆိုတာကိုက မှားနေတယ်။ ဒီလိုသာဆိုရင် အင်္ဂလန်အသင်း မအောင်မြင်သရွေ့ လစာသာလျှော့နေရင် ပရီးမီးယားလိဂ်က အင်္ဂလန်ကစားသမားတွေ ဘယ်လိုလုပ်မလဲ။ ဒီလိုအကန့်အသတ်နဲ့ လုပ်တာက မှားယွင်းနေတယ်လို့ပဲ မြင်တယ်။ ကစားသမားတွေကို A -Class၊ B-Class၊ C-Class လုပ်တာလည်း မှားယွင်းတယ်။ MNL အစ လစာငွေတွေ မတရားဖောင်းပွနေတုန်းက ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တဲ့ လုပ်ရပ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲဒီကတည်းက လစာငွေတွေကို Open လုပ်ပေးခဲ့ပြီး အခုမှ ပြန်ပြီးထိန်းချုပ်နေရတာက အလုပ်မဟုတ်ဘူး။ လွဲတာကတော့ အစကတည်းက လွဲခဲ့တာ။ ကန့်သတ်မှုတွေရှိလာရင် ပိုဆိုးသွားမယ်။ ပရော်ဖက်ရှင်နယ်အဆင့်ကို သွားပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်မှုတွေ လုပ်နေတာထက်စာရင် အစကတည်းက Pro စနစ်ကိုမသွားဘဲ အပျော်တမ်းအဆင့်နဲ့ပဲ ကစားနေပါတော့လား။ Pro လုပ်ပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်နေရတာက အဓိပ္ပာယ်မရှိပါဘူး။ ဒီလို လစာငွေထိန်းချုပ်တဲ့ စည်းမျဉ်းထုတ်တော့ရော လက်ရွေးစင်အသင်း အောင်မြင်ဖို့ အာမခံနိုင်သလားလို့ ပြန်ပြီးမေးခွန်းထုတ်ရမယ်” ဟု ၀ါရင့်အားကစားကလောင်ရှင် ဦးဖေဒီက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ရသည့်အတွက် ဘောလုံးဝါသနာရှင် ပြည်သူများအနေဖြင့် နည်းပြ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကစားသမားများအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း နိုင်ငံတကာပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ကျရှုံးမှုနှင့် မြန်မာနေရှင်နယ်လိဂ်တွင် လူငယ်ဘောလုံးသမားများ၏ လစာလျှော့ချခံရခြင်းမှာ သင့်တော်သည့်ကိစ္စ မဟုတ်ကြောင်းလည်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။

“ကျွန်တော်တို့ မြန်မာဘောလုံးအသင်းကို အမြဲအားပေးတယ်။ အရင်ကလည်း ရှုံးခဲ့တာပါပဲ။ ဒါပေမဲ့ ပရိသတ်တွေကတော့ အားပေးနေဆဲပါပဲ။ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာ အင်ဒိုကို မရှုံးသင့်ဘဲရှုံးတယ်။ ဒီအတွက် ဘောလုံးချစ်တဲ့ ပရိသတ်တွေ ပေါက်ကွဲကြတယ်။ ကစားသမားတွေ အပါအ၀င် တာဝန်ရှိသူတွေကို အပြစ်တင်တယ်။ ဒါကသဘာဝပါပဲ။ အခုလို နိုင်ငံလက်ရွေးစင်အသင်း မအောင်မြင်လို့ နေရှင်နယ်လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကို လစာထိန်းချုပ်မယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ပရိသတ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာအဖြေလည်း မဟုတ်ပါဘူး” ဟု ရန်ကုန်မှ ဘောလုံးဝါသနာရှင် ကိုကျော်ကျော်က ပြောကြားသည်။

မြန်မာ့ဘောလုံး ပြုပြင်ပြောင်းလဲမှုအတွက် အများ၏ တောင်းဆိုမှုနှင့်အတူ အမှန်တကယ် လိုအပ်ချက်ကြောင့် မြန်မာဘောလုံးလောကမှ အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုအဖြစ် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများက ငွေကြေးမတည် လှူဒါန်းမှုများနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲများကို စီးပွားရေး လုပ်ငန်းရှင်များက ကလပ်အသင်းပိုင်ရှင်များအဖြစ် ငွေကြေးသုံးစွဲမှုများနှင့်အတူ ယခင်က ၀င်ငွေအနည်းငယ်သာ ရရှိထားသော ကစားသမားများ အနေဖြင့်လည်း လစာငွေ ကျပ်သိန်း ၃၀ အထိ ခံစားခွင့်ရရှိမှုများလည်း ရှိလာသည်။ ထိုကဲ့သို့ လစာတိုးမြှင့်ခြင်း ယခင်ကထက် များစွာမြင့်မားသည့် ငွေကြေးများ ရရှိခံစားနိုင်လာခြင်းများကိုလည်း လူငယ်ဘောလုံးသမားများကြားတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ရေးအတွက် မျှော်လင့်ချက်ဖြင့် ကြိုးပမ်းလာမှုများလည်း မြင့်မားလာခဲ့သည်။ ယင်းအခြေအနေတွင် တာဝန်ရှိသူများ အနေဖြင့် လစာနှုန်းထားများကို ပြန်လည်လျှော့ချလိုက်ခြင်းမှာ ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကြိုးစားအားထုတ်လိုမှု အပေါ်တွင်ပါ ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း ဝေဖန်ပြောကြားမှုများလည်း ရှိလာသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ပြောစရာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ ပြောသင့်မပြောသင့် ဆိုတာကလည်း ရှိနေပါသေးတယ်။ ဒီကိစ္စကို သိလိုက်ရတဲ့အချိန်မှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်။ ကစားသမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာသင့်တယ်။ ရှိသင့်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အကောင်းဆုံးကြိုးစားတယ်။ ကြိုးစားမှု ခြေစွမ်းပြမှုတွေအတွက် ထိုက်သင့်တဲ့လစာ ရသင့်တယ်လို့ထင်တယ်။ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ရောထွေးလို့မရပါဘူး။ လက်ရွေးစင်အသင်းမှာ အောင်မြင်ဖို့ဆိုတာ အများကြီးလုပ်ရမယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြိုးစားနေတာ မဟုတ်ဘူး။ သူများနိုင်ငံတွေကလည်း ကြိုးစားနေကြတယ်။ ကိုယ့်အသင်းက အခုမှ တက်လာခါစပဲ ရှိသေးတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး ကြည်လင်းက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိကစားသမားများ ခံစားရရှိနေကြသော လစာနှုန်းထားများမှာ ပြင်ပစီးပွားရေးနှင့် မိသားစုကုန်ကျစရိတ်နှင့် လိုအပ်ချက်များနှင့်ပါ ယှဉ်တွဲကြည့်မည်ဆိုပါက များစွာပိုလျှံသည့် ခံစားခွင့်မျိုး ဖြစ်နိုင်မည်မဟုတ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။ မျက်မှောက်ကာလတွင် လစာငွေ ၁၀ သိန်းမှာ မိသားစုတစ်စုအတွက် ကြီးမားသည့် ၀င်ငွေတစ်ရပ် မဟုတ်ဘဲ ပုံမှန်လူတန်းစေ့ စားသောက်နိုင်ရုံ အနေအထားတွင်သာ ရှိနိုင်ပြီး ယင်းကစားသမားများ၏ အနာဂတ် အာမခံချက်အတွက် လုံလောက်နိုင်သည့် အနေအထားမျိုး မဟုတ်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများ ရှိနေပါသည်။

“ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အတွက် အကောင်းဆုံးအချိန်နဲ့ သူ့ရဲ့တကယ်အသင်းအတွက် ကစားပေးနိုင်မယ့် အချိန်က အများကြီးမရှိပါဘူး။ လေးငါးနှစ်အတွင်းမှာ သူတို့ရမယ့်လစာက ဘ၀တစ်လျှောက်လုံးအတွက် စုဆောင်းနိုင်မယ့် အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ တစ်လ ၁၀ သိန်းဆိုတဲ့ ၀င်ငွေက စားသောက်စရိတ်၊ နေထိုင်စရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေနဲ့တင် ပြီးသွားမှာပါ။ ဒါကြောင့် သူတို့တွေ လစာအများကြီး ရနေတယ်။ လက်ရွေးစင်မှာတော့ မအောင်မြင်ဘူးဆိုပြီး လစာပြန်လျှော့တယ် ဆိုတဲ့ဟာမျိုးကတော့ သိပ်သဘာဝမကျပါဘူး” ဟု မန္တလေးမှ ဘောလုံးဝါသနာရှင် ကိုနန္ဒစိုးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သဘောတူညီမှုနှင့်အတူ လိဂ်ကော်မတီ၊ ကလပ်အသင်းပိုင်ရှင်များ၊ ကစားသမားများ ညှိနှိုင်းသဘောတူမှုကြောင့် ယင်းကဲ့သို့ လစာလျှော့ချရန် ဆုံးဖြတ်ချက် အတည်ပြုခဲ့သော်လည်း ကာယကံရှင် ကစားသမားများ အနေဖြင့် နစ်နာမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်ကြောင်းလည်း ပရော်ဖက်ရှင်နယ် ကစားသမားများထံမှ သိရှိရသည်။

“ဒီစည်းမျဉ်းစည်းကမ်းကို ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။ ပရိုစနစ် ကူးပြောင်းတာကလည်း MFF ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တွေကြောင့်ပါပဲ။ ဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ အခုလစာငွေတွေ ပြန်ကန့်သတ်တာလည်း ပရိုစနစ်ကို အကောင်အထည် ဖော်ခဲ့သူတွေပါပဲ။ အသင်းပိုင်ရှင်တွေ အနေနဲ့ ငွေကြေးအများကြီး စိုက်ထုတ်ခဲ့ပေမယ့် လက်ရွေးစင်အသင်း မအောင်မြင်ခဲ့သလို ဆီးဂိမ်းစ်မှာ မြန်မာအသင်း မအောင်မြင်တာကလည်း အဓိကအကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ချိတ်ဆက်လို့မရဘူး ထင်ပါတယ်။ လက်ရွေးစင်အသင်း မအောင်မြင်တိုင်းသာ ကလပ်အသင်းက ကစားသမားတွေ လစာလျှော့ခံရမယ်ဆိုရင် အခြားနိုင်ငံတွေမှာ ဘယ်လိုလဲဆိုတာ လေ့လာသင့်ပါတယ်။ အခု မြန်မာပြည်မှာ ကစားနေတဲ့ ဘောလုံးသမားတွေထဲက ၉၉ ရာခိုင်နှုန်းဟာ ချမ်းသာတဲ့သူတွေ မဟုတ်ပါဘူး။ အားလုံးက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာသူတွေပါ။ အခုပရိုစနစ်လေး ကူးပြောင်းလိုက်လို့ လစာတွေ ထိုက်သင့်သလောက်ရပြီး ဘ၀အခြေအနေတွေ နည်းနည်းပြောင်းလဲတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်ဆိုလည်း ခုနစ်တန်းကတည်းက မိဘနဲ့ခွဲပြီး ဘောလုံးကစားလာတာပါ။ ကျွန်တော် ဘောလုံးစကစားတုန်းက တစ်လကို လစာ ၄၅၀ ကျပ်ပဲ ရခဲ့တာပါ။ MNL စတင်တဲ့ ၂၀၀၉ မှာ လက်ရွေးစင် ကစားသမားတွေကို လစာကျပ် ၁၀ သိန်းပေးဖို့လည်း အသင်းပိုင်ရှင်တွေဘက်ကပဲ သတ်မှတ်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ အခု သတ်မှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ လူငယ်ကစားသမားတွေအတွက် စိုးရိမ်တာတစ်ခုကတော့ လူငယ်လက်ရွေးစင်တောင် မဖြစ်ဖူးတဲ့သူတွေက လစာနှစ်သိန်းကနေ ငါးသိန်းအထိပဲ ရမှာပါ။ အဲဒီကစားသမားတွေက ကလပ်အသင်းမှာ ခြေစွမ်းပြရင်တောင် လစာက စာချုပ်သက်တမ်းပြည့်မှပဲ ခံစားခွင့်ရရှိမယ့် အနေအထားပါ။ ကျွန်တော်တို့လည်း လျော်ကြေးငွေတွေနဲ့ စာချုပ်ဖျက်ပြီး စာချုပ်သစ် ပြန်ချုပ်ရမှာပါ။ စာချုပ်သစ်ကိစ္စ အဆင်မပြေရင် တခြားအသင်းကိုလည်း ပြောင်းရွှေ့ခွင့် မရှိဘူးလို့ သိရပါတယ်။ လက်ကျန်စာချုပ်သက်တမ်းကို ပြန်ချုပ်ရမှာဖြစ်ပြီး စာချုပ်သက်တမ်းကိုလည်း လျှော့လို့မရပါဘူး။ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တဲ့ ဘောလုံးကို ကစားနိုင်တဲ့အချိန်ထိ ကစားသွားမှာပါ။ ကျွန်တော် လက်ရွေးစင်ကစားသမား ဘ၀တုန်းက ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပေးဆပ်ဖို့ ဆုံးဖြတ်ပြီးသားပါ” ဟု KBZ အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ဂိုးသမားကျော်ဇင်ထက်က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံလက်ရွေးစင်အသင်း မအောင်မြင်ခြင်းကြောင့် လိဂ်ပြိုင်ပွဲများ ကစားနေသော ပရော်ဖက်ရှင်နယ် ကစားသမားများအား လစာလျှော့ပေါ့ ကန့်သတ်ခြင်းမျိုးမှာ အခြားနိုင်ငံများတွင် ရှိနေသော ပရော်ဖက်ရှင်နယ်လိဂ် ပုံစံနှင့် တူညီမှုမရှိဘဲ သီးခြားဖြစ်နေကာ နိုင်ငံတကာ စံနှုန်းများနှင့် လွဲချော်မှုများ ရှိနေကြောင်းလည်း ဝေဖန်သုံးသပ်ခဲ့ကြသည်။

“လစာငွေကို လျှော့ချတဲ့အပြင် ကစားသမားတစ်ယောက်အတွက် အမြင့်ဆုံးလစာငွေ ၁၀ သိန်းဆိုတဲ့ သတ်မှတ်ချက်က လက်ရှိကစားသမားတွေအတွက်သာ မဟုတ်ဘဲ အလားအလာရှိတဲ့ ကစားသမားတွေရဲ့ ကြိုးစားချင်စိတ်ကိုပါ ထိခိုက်စေတယ်လို့ မြင်ပါတယ်။ နောက်ပြီးနိုင်ငံ့လက်ရွေးစင် အသင်းတွေမှာ ရွေးချယ်ခံရတာအပေါ် မူတည်ပြီး လစာငွေအတွက် ကစားသမားတွေကို Class ခွဲတာကလည်း ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်။ လက်ရွေးစင်အသင်း အောင်မြင်မှုရရင် ကလပ်အသင်းတွေက မဆီမဆိုင် လစာငွေ တိုးပေးရမယ့် ကိစ္စကလည်း သိပ်အလုပ် မဟုတ်သေးဘူး။ ဒီပုံစံက လစာငွေ ထိန်းချုပ်တယ်ဆိုပေမယ့် မေဂျာလိဂ် (အမေရိကန်)၊ အေ-လိဂ် (သြစတြေးလျ) တို့ အပါအ၀င် အချို့အားကစား ပြိုင်ပွဲတွေမှာ ရှိနေတဲ့ Salary Cap ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ ကစားသမားတွေဘက်က မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးမယ့် Players' Union လို အဖွဲ့အစည်းမျိုး ရှိသင့်နေပါပြီ။ ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်း လာပြီးတဲ့နောက်မှာ အခြားကဏ္ဍအသီးသီးကို ကြည့်မယ်ဆိုရင် ကိုယ်စားပြု အဖွဲ့အစည်းတွေ အသီးသီး ပေါ်ပေါက်လာပေမယ့် မြန်မာဘောလုံးသမားတွေ အပါအ၀င် မြန်မာအားကစားသမားတွေအတွက် ကိုယ်စားပြုမယ့် အဖွဲ့အစည်းမျိုး မရှိသေးတာ တွေ့ရမှာပါ။ အခုကိစ္စမှာလည်း ကစားသမားတွေ အားလုံးသဘောတူခဲ့တယ် ဆိုပေမယ့် တကယ်တမ်းလစာငွေ ၁၀ သိန်းအထက် ရနေတဲ့ ကစားသမားတွေ၊ ရဖို့အလားအလာရှိတဲ့ ကစားသမားတွေက အောင့်သီးအောင့်သက် လက်ခံခဲ့ရတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒီသတ်မှတ်ချက်က ကစားသမားတွေရဲ့ ကြိုးစားချင်စိတ်ကို ပိုဖြစ်နိုင်မလားဆိုရင် ကျွန်တော်ကတော့ မထင်ဘူးလို့ပဲ ဖြေချင်ပါတယ်” ဟု Premier Eleven Sports Journal အယ်ဒီတာချုပ် ကိုမြတ်ထွဋ်ဝင်းက ပြောကြားသည်။    

ကလပ်အသင်းပိုင်ရှင်များ အနေဖြင့်လည်း ငွေကြေးများစွာ သုံးစွဲနေရသည့်အတွက် ရေရှည်တွင် ရပ်တည်နိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေပြီး မြန်မာနေရှင်နယ်လိဂ် စတင်ချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်သူစိတ်ဝင်စားမှု ရရှိရန် ငွေကြေးများစွာ သုံးစွဲခဲ့ကြသော်လည်း လက်ရှိအချိန်တွင် မြန်မာနေရှင်လိဂ် ရေရှည်ရပ်တည်နိုင်ရေးအတွက်ပါ စဉ်းစားရမည့် အခြေအနေတွင် ရှိနေကြောင်း ပြောဆိုမှုများ ရှိလာသည်။

“ဒီစည်းမျဉ်းစည်းကမ်းက MFF နဲ့ MNL ကလပ်အသင်းပိုင်ရှင်တွေ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ MNL ကို ကျင်းပခဲ့တာက လက်ရွေးစင်အသင်း အောင်မြင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းဟာ အာဆီယံဒေသတွင်း အဆင့်မှာတောင် အောင်မြင်မှုတွေ မရခဲ့ပါဘူး။ ကလပ်အသင်းတွေ အနေနဲ့လည်း ငွေကြေးအများကြီး ကုန်ကျခံပြီး လုပ်နေရတာကြောင့် ရေရှည်တည်တံ့ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် MNL ရေရှည်တည်တံ့ဖို့ လုပ်ဆောင်ခဲ့ရတာပါ။ MNL ကလပ်အသင်းတွေရဲ့ ကုန်ကျငွေဟာ တစ်နှစ်ကို သိန်းတစ်သောင်းဝန်းကျင်ရှိပြီး ၀င်ငွေက ကျပ်သိန်းတစ်ရာကျော်ပဲ ရှိပါတယ်။ ဒါတောင် အိမ်ကွင်းလုပ်တဲ့ အသင်းတွေသာ ၀င်ငွေရှိပြီး အိမ်ကွင်းမလုပ်နိုင်သေးတဲ့ အသင်းတွေရဲ့ ၀င်ငွေက အရမ်းနည်းပါတယ်။ ‘သစ်ပင်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်’။ ဒါကြောင့် MNL ကြီး ရေရှည်တည်တံ့ဖို့အတွက် အခုလို လုပ်ဆောင်ခဲ့ရတာပါ” ဟု ဇေယျာရွှေမြေအသင်း၏ (CEO) ဦးသန်းဇော်က ပြောကြားသည်။

ပရော်ဖက်ရှင်နယ် ကစားသမားများကို လစာငွေ လျှော့ချမှုနှင့် ပတ်သက်ပြီး ၀ါရင့်အားကစား ကလောင်ရှင်နှင့် ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ထွေးကလည်း “အဓိကကတော့ MNL ကလပ်အသင်းတွေက ငွေကုန်ကြေးကျတွေများပြီး ၀န်ထုပ်ဝန်ပိုးတွေ အများကြီးဖြစ်လာတော့ မခံနိုင်တော့ဘူး။ ဒီတော့ သူတို့က MFF ကို တင်ပြတယ်။ အမှန်တကယ်တော့ မတတ်သာလို့သာ လုပ်ရတာ၊ လစာငွေ လျှော့ချတာကတော့ လုံးဝမကောင်းပါဘူး။ ၂၀၀၉ ခုနှစ် MNL စတုန်းက သိန်း ၃၀၀၊ ၄၀၀ ဆုကြေးငွေတွေပေးပြီး လက်တစ်ဖွာဖွာနဲ့ သုံးခဲ့ကြပြီး ကြာလာတော့ ၀င်ကြေးကမရှိ၊ စပွန်ဆာက မရှိနဲ့ တောင်မင်းမကယ်နိုင်၊ မြောက်မင်းမကယ်နိုင်ဖြစ်ပြီး အခုလိုဖြစ်လာတာပေါ့။ မလုပ်လို့ မဖြစ်တော့လို့သာ လုပ်ခဲ့ရတာ။ တကယ်တော့ မကောင်းပါဘူး။ ဒါက MNL စကတည်းက လုပ်ထားရင်တော့ ကောင်းတာပေါ့။ အခုကလစာတွေ အများကြီးပေးပြီးမှ အခုလိုပြန်လျှော့တော့ ကစားသမားတွေလည်း ဘယ်စိတ်ကောင်းပါ့မလဲ” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဘောလုံးအား ပရော်ဖက်ရှင်နယ်စနစ်သို့ ပြောင်းလဲလိုက်ပြီးမှ လစာပြန်လည် ကန့်သတ်မှုမှာ မှန်ကန်သည့်နည်းလမ်း မဟုတ်ကြောင်း၊ ပရော်ဖက်ရှင်နယ်တွင် အရည်အချင်းရှိပြီး ကြိုးစားသည့် ကစားသမားများ ကြိုးစားသလောက် ပရော်ဖက်ရှင်နယ်၏ သဘောသဘာဝအတိုင်း ခံစားခွင့်ရှိကြောင်းနှင့် ကလပ်အသင်းများ အနေဖြင့် လစဉ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးနေခြင်း အပေါ်လည်း ကြိုတင်စဉ်းစား သုံးသပ်ထားဖို့ လိုအပ်ကြောင်း တက်လမ်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကလည်း သုံးသပ်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာပြိုင်ပွဲများတွင် လက်ရွေးစင်အသင်း အောင်မြင်မှု မရရှိခြင်းကို နည်းစနစ်ကျစွာ ဆန်းစစ်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု အပိုင်းနှင့် နိုင်ငံတကာ စံနှုန်းများနှင့်ယှဉ်လျှင် နည်းလမ်းမကျမှုများအပေါ် ပြုပြင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဘဏ္ဍာခွန်အသင်း၏ နည်းပြချုပ်ဟောင်းဖြစ်သူ ဦးခင်မောင်ကြိုင်ကလည်း “ပရော်ဖက်ရှင်နယ်ဆိုတာ လွတ်လွတ်လပ်လပ်ရှိရမယ်။ ငွေရေး၊ ကြေးရေးပိုင်းနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်က ၀င်ပြီးစွက်ဖက် ဆုံးဖြတ်ပေးစရာ အကြောင်းမရှိဘူး။ အခုဟာက ဗဟိုဦးစီးစနစ် ပုံစံမျိုးနဲ့ သွားသလို ပုံစံမျိုးတွေပဲ တွေ့နေရသေးတယ်။ ပရော်ဖက်ရှင်နယ်မှာ တန်ဖိုးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပေးလို့မရဘူး။ အရည်အချင်းနောက်ကို သူ့ရဲ့တန်ဖိုးက လိုက်လာတာ။ ကစားသမား တစ်ယောက်ဟာ အရည်အချင်းရှိရင် ရှိသလောက် ခံစားရမှာပဲ။ အခုဆိုရင် လစာငွေတွေ လျှော့ချခံရတော့ မြန်မာကစားသမားတွေနဲ့ နိုင်ငံခြားသား ကစားသမားတွေရဲ့ လစာငွေ ကွာဟမှုက ကြီးမားလာပြီး နောက်ပိုင်းဆိုရင် တစ်ဦးကိုတစ်ဦး အထင်အမြင်သေးတာတွေ ဖြစ်လာလိမ့်မယ်။ တကယ်တော့ ပရိုစနစ်ကို စပြောင်းကတည်းက အခုလို လစာငွေထိန်းချုပ်တာမျိုး လုပ်ခဲ့ရင် အကြောင်းမရှိဘူး။ အစကတည်းက မလုပ်ခဲ့ဘဲ ကစားသမားတွေကို သူတို့ဘာသာသူတို့ ဈေးပြိုင်ပေး၊ လစာတွေ မက်လုံးပေးခေါ် အခုကျမှ မနိုင်တော့တဲ့အချိန်၊ ဘာမှရစရာ မရှိတော့တဲ့ အချိန်ကျမှ ဒီလိုလုပ်တာက မဖြစ်သင့်ဘူး။ ကစားသမားတွေ အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကြိုးစားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ရယ်စရာပြောရရင် အရင်ဆုံး နောက်ပြန်လှည့်တာက ဘောလုံးလို့ ပြောရမလားပဲ” ဟု ပြောကြားခဲ့သည်။

ကစားသမားများ လစာလျှော့ပေါ့ခံစားရန် လိဂ်ကော်မတီ၊ ကလပ်အသင်းနှင့် ကစားသမားများ ညှိနှိုင်းသဘောတူမှု

(က) မြန်မာနေရှင်နယ်လိဂ်၊ လူငယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိသော လူငယ်ကစားသမားများကို အနည်းဆုံး လစာငွေကျပ်တစ်သိန်းမှ အများဆုံး လစာငွေကျပ် သုံးသိန်းအထိ သတ်မှတ်ပေးရန်။

(ခ) မြန်မာနေရှင်လိဂ်၊ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေသော ကစားသမားများကို အနည်းဆုံးလစာ ကျပ်နှစ်သိန်းမှ အများဆုံးလစာငွေ ကျပ်ငါးသိန်းအထိ သတ်မှတ်ပေးရန်။

(ဂ) အသက် (၁၉) နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းမှစ၍ မြန်မာ့လက်ရွေးစင် အသင်းကြီးများအထိ လက်ရွေးစင်အဖြစ် ပါဝင်ယှဉ်ပြိုင်ကစားသော ကစားသမားများကို တစ်လလျှင် ငွေကျပ်ငါးသိန်းမှ ငွေကျပ် ၁၀ သိန်းအထိ လစာခံစားခွင့် သတ်မှတ်ပေးရန်။ ထိုကဲ့သို့ သတ်မှတ်ပေးရာတွင် ကစားသမားနှင့် ကလပ်အသင်းကြား ညှိနှိုင်းသဘောတူညီမှုအရ သတ်မှတ်ပေးရမည်။

(ဃ) ကစားသမားများအနေဖြင့် ကလပ်အသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးသည့်အခါ လက်မှတ်ထိုးကြေး (Signing Fee) ခံစားခွင့် ရရှိမည်မဟုတ်ဘဲ အသင်းပြောင်းရွှေ့သည့် အခါမှသာ အသင်းပြောင်းရွှေ့ကြေး (မိမိအားခေါ်ယူသည့်အသင်းမှ အသင်းဟောင်းသို့ ကစားသမား ပြောင်းရွှေ့ကြေးအဖြစ် ပေးအပ်သည့်ကြေး) ၏ ၂၀% (နှစ်ဆယ်ရာခိုင်နှုန်း) ကို ခံစားပိုင်ခွင့်ရှိမည်။

(င) နိုင်ငံ၏ ဘောလုံးအောင်မြင်မှုပေါ် မူတည်ပြီး ကစားသမားများအား သတ်မှတ်ထားသည့် အမြင့်ဆုံးလစာများကို တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်သည်။ မြန်မာ့ဘောလုံးအသင်း အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်လျှင်သော်လည်းကောင်း၊ အာရှဖလားခြေစစ်ပွဲ အောင်လျှင်သော်လည်းကောင်း၊ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲလျှင်သော်လည်းကောင်း၊ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်စွဲလျှင်သော်လည်းကောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် သိသိသာသာ အောင်မြင်မှုရရှိလျှင်သော်လည်းကောင်း လစာခံစားခွင့်များကို လိဂ်ကော်မတီ၏ ဆုံးဖြတ်ချက်အရ တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်သည်။

(စ) ကစားသမားများနှင့် ကလပ်အသင်းများ လက်ရှိချုပ်ဆိုထားသော စာချုပ်များကို နှစ်ဦးသဘောတူညီမှုအရ စာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရန်နှင့် အဆိုပါစာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရာတွင်-
(၁)  သဘောတူညီမှု နစ်နာကြေးအဖြစ် ကလပ်အသင်းများမှ ကစားသမားများ၏ လက်ရှိခံစားခွင့် ရရှိနေသော လစာ၏ ၃ လစာကို ပေးချေသွားမည်။
(၂) စာချုပ်သစ် ပြန်လည်ချုပ်ဆိုရာတွင် မူလချုပ်ဆိုထားပြီးသော စာချုပ်သက်တမ်းအတိုင်းသာ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုရမည်ဖြစ်သည်။ စာချုပ်သက်တမ်းတိုး၍ ချုပ်ဆိုခြင်း၊ လျှော့၍ချုပ်ဆိုခြင်း မပြုရ၊ ကစားသမားနှင့် သဘောတူညီမှု ရရှိမှသာ ထိုကဲ့သို့ စာချုပ်သက်တမ်းတိုးခြင်း၊ လျှော့ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

(ဈ) အထက်ပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် ကလပ်အသင်းများကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ ခြောက်မှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို ရှုံးနိမ့်အပြီး မြန်မာ့လက်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis