menu

Monday 13 January 2014

ဘန်ကောက်မြို့ ရပ်ဆိုင်းရေး အစိုးရ အတိုက်အခံများ အဓိကလမ်းများကို စတင်ပိတ်ဆို့

Photo: ဘန်ကောက်မြို့ ရပ်ဆိုင်းရေး အစိုးရ အတိုက်အခံများ အဓိကလမ်းများကို စတင်ပိတ်ဆို့ 

ဘန်ကောက်၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံသား အများစု ပြည်ပထွက်ခွာရာတွင် အဓိက ဝင်ပေါက် ထွက်ပေါက်သဖွယ်ဖြစ်သော ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးမြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှု စတင်ရန် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေကတည်းက ထိုင်းအစိုးရ အတိုက်အခံများ မြို့တော်၏ အဓိကနေရာ အများအပြားတွင် စတင်ပိတ်ဆို့ နေရာယူလာပြီ ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ 

ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီမှ ဆန္ဒပြသူများသည် ဘန်ကောက် မြို့လယ်ရှိ လမ်းဆုံလမ်းခွ များကို ဇန်နဝါရီ ၁၂ ရက်နေ့ ညနေကတည်းက ပိတ်ဆို့လိုက်ပြီး အစိုးရရုံး အဆောက်အအုံများ တည်ရှိရာ ချောင်ဝပ်တနာလမ်းကို ယင်းနေ့ ညနေ ၄ နာရီ ကတည်းက ပိတ်ဆို့ထားပြီး ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ 

မူလက ဇန်နဝါရီ ၁၃ ရက်တွင် ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး စတင်မည်ဟု ဆိုထားသော်လည်း ဆန္ဒပြသူများသည် မျှော်မှန်း ထားသည်ထက် ၁၂ နာရီပိုစော၍ ဇန်နဝါရီ ၁၂ ရက် ညနေကတည်းက မြို့လယ်ရှိ လုဗ္ဗီနီဥယျာဉ်၊ နာမည်ကျော် ချူလာလောင်ကွန်း တက္ကသိုလ် အနီးတစ်ဝိုက်နှင့် MBK ကုန်တိုက်၊ အောင်ပွဲ အထိမ်းအမှတ် ကျောက်တိုင် (Victory Monument) တို့ အပါအဝင် အဓိကနေရာ ခုနစ်ခုကို စတင်စီးနင်းနေခြင်း ဖြစ်သည်။ 

အမျိုးသား ရဲတပ်ဖွဲ့ လက်ထောက် အကြီးအကဲကမူ လမ်းအသုံးပြုသူများကို ကူညီနိုင်ရန် ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှုအတွင်း အဓိကနေရာ ခုနစ်နေရာတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ဝန်းကျင် ချထားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ 

ဆန္ဒပြသူများကို အထောက်အကူ ပေးမည့် သဲ၊ ဘိလပ်မြေ၊ သဲအိတ်၊ ဝါးနှင့် အသံချဲ့စက် ကဲ့သို့သော ပစ္စည်းပစ္စယများ သယ်ဆောင်လာသော ယာဉ်များ သွားလာခွင့် ပိတ်ပင်ကြောင်း ငြိမ်းချမ်းရေးနှင့် စိုးမိုးရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့၌ မြို့တွင်းတွင် ပိတ်ဆို့ ဆန္ဒပြမည် ဖြစ်သဖြင့် အလုပ်ခွင် ဝင်ရောက်မည့် သူများမှာ မိုးပျံရထားကို ပိုမို စီးနင်းကြရန် ရှိကြောင်း ကြံ့ခိုင် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ထိုင်း အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။
“ရထားစီးတဲ့သူ ပိုများမှာဖြစ်လို့ စောစောသွားရမယ်။ ကျန်တာတော့ သိပ်မပူပါဘူ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နှစ်လက လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို ဆန့်ကျင်ခဲ့စဉ်က အတိုက်အခံများအတွက် လှပသော လုပ်ဆောင် အောင်နိုင်မှု တစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ မြို့တော်ကို ရပ်ဆိုင်းရေး လုပ်ဆောင်ရန် ပြင်ဆင်လာခြင်းသည် ဆန္ဒပြခေါင်းဆောင် ဆူထေ့၏ ကျဆုံးခန်းလည်း ဖြစ်လာနိုင်ကြောင်း Bangkok Post ၏ ပင်တိုင် ဆောင်းပါးရှင် Voranai Vanijaka က ရေးသားထားသည်။ 

မြို့တော်ကို ထိုသို့ ဥပဒေမဲ့ ပိတ်ဆို့ ရပ်ဆိုင်းခြင်းသည် မြို့တော်သားများကို ပြန်ပေးဆွဲခြင်း ဖြစ်ကြောင်း ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားထားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ယခုရက်ပိုင်း မဖြစ်မနေ သွားရောက်ရန်ရှိသူ အချို့ကလည်း ၁၃ ရက်နေ့ကို ရှောင်၍ ယင်းနေ့ မတိုင်မီ ပြန်လာရန် ပြင်ဆင်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။
“ဒီနေ့ မနက်ကတည်းက နယ်က ဆန္ဒပြတဲ့သူတွေ ဘန်ကောက် ရောက်လာတာ၊ အခုည ကတည်းကလမ်းတွေ စပိတ်နေကြပြီ၊ MBK အရှေ့လမ်းလည်း ပိတ်နေပြီ။ ချတူချက်တွေ ပိတ်လိုက်ပြီ၊ ရထားတွေတော့ မပိတ်သေးဘူး။ မနက်ဖြန် ဆန္ဒပြတဲ့ နေရာတွေနဲ့နီးတဲ့ ရုံးတွေပိတ်တယ်။ တော်တော်များများ အလုပ်ရုံတွေ ပိတ်ကြတယ်။ အားလုံးတော့ ပိတ်မှာ မဟုတ်ပါဘူး။ မနက်ဖြန်ထိနေမယ့် ဧည့်သည် (မြန်မာနိုင်ငံမှ) တွေ ဒီနေ့ညနေ Flight နဲ့ ပြန်ကြပြီ၊ ၁၅ ရက်နေ့ နောက်ပိုင်းမှ ဧည့်သည်တွေ ဘန်ကောက် လာမယ်လို့ပြောတယ်” ဟု ဘန်ကောက်မြို့ ကျောက်ဖယားမြစ်တွင် ခရီးသွား ဝန်ဆောင်မှု လုပ်ကိုင်နေသော မနီလာဝင်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis