menu

Monday 13 January 2014

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) က အကြံပြု ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တွင် ဒေါ်အောင် ဆန်း စုကြည်အား သမ္မတ မဖြစ်စေရန် တားဆီးထားသည့် ပုဒ်မ ၅၉ (စ) မပါ


ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇန်န၀ါရီ ၁၁ ရက်နေ့က ကျင်းပခဲ့သော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု ကြေငြာစာတမ်း၌ ပါဝင်သော အချက်အလက်များကို လက်တွေ့ အကောင်အထည်ဖော်ရန် ပြုလုပ်သော အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) အား ထည့်သွင်းဆွေးနွေးခြင်း မရှိခဲ့ ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ၈၈ မျိုးဆက် အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၂၅) နှစ်ပြည့် အခမ်းအနား မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းကော်မတီဖွဲ့မယ်ဆိုပြီး စုံညီအစည်းအဝေး ခေါ်ခဲ့တာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အကြံပြုချက်ထဲမှာ ကျွန်တော်တို့ ၈၈ အဖွဲ့အနေနဲ့ ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ဖို့ ထည့်သွင်းအကြံပြုခဲ့တာ မရှိတဲ့အတွက် ဒီအစည်းအဝေးမှာလည်း ထည့်သွင်းမဆွေးနွေးခဲ့ပါဘူး ” ဟု အဆိုပါ အဖွဲ့ဝင်က ပြောကြားသွားသည်။

အဆိုပါ စုံညီအစည်းအဝေးတွင် နိုင်ငံရေးမူဘောင် အဆိုပြုချက်နှင့် ရှေ့လုပ်ငန်းစဉ် အဆိုပြုချက် ခေါင်းစဉ်နှစ်ခုအား အပိုင်း (၂) ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြောင်း အနာဂတ်တွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို အခြေခံ၍ တိုင်းရင်းသားလူမျိုးစုများ၊ ဒီမိုကရေစီအင်အားစုများ၊ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်အပါအ၀င် အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စု ညီလာခံကျင်းပ ရေးဆိုင်ရာများ ပါဝင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်စေရန် တားဆီးထားသည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုမူ ထည့်သွင်းဆွေးနွေခြင်းမရှိကြောင်း သိရသည်။


ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ၈၈ အင်အားစု၏ အထင်ကရခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဌေးကြွယ်က “ ၅၉ (စ) နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ၄၇ ဖွဲ့စည်းပုံ ပြီးခဲ့တဲ့ ၇၄ ဖွဲ့စည်းပုံ ၊ ၂၀၀၈ ဖွဲ့စည်းပုံမှ ကျွန်တော်တို့ အနာဂတ်က နိုင်ငံသားတွေ၊ ကျွန်တော်တို့ အနာဂတ်ရဲ့ နိုင်ငံတော်ကို တကယ် ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံမျိုးအဖြစ် ပြည့်စုံစေချင်တယ်၊ အဲဒီလို ပြည့်စုံအောင်ဆိုလို့ရှိရင်တော့ ကိုယ့်လူမျိုး ၊ မပြည့်စုံတဲ့ မလုံလောက်တဲ့ ပြဌာန်းချက်တွေနဲ့ တိုင်းပြည်ကို ဆက်ပြီး သွားဦးမယ်၊ နောက်ထပ် ဖွဲ့စည်းပုံဆိုရင် အကျပ်အတည်းတွေ ဖြစ်လာမယ်ဆိုရင် သွေးနဲ့လွှမ်းပြီးမှ ပြုပြင်ပြောင်းလဲရမယ် ဆိုတဲ့ အဖြစ်မျိုး မဖြစ်စေချင်ပါဘူး ” ဟု မီဒီယာများအား ပြောကြားခဲ့ပါသည်။

ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် တားဆီးနေသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ပြင်ဆင်ရန် သဘောထားပေးနေသလို ပြည်ခိုင်ဖြိုးပါတီကလည်း ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုကာ ပြဌာန်းချက်ပါအချို့ကို ပြင်ဆင်ရန် သဘောတူရန် ဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့သော်လည်း ၈၈ မျိုးဆက်အင်အားစုအနေဖြင့် ၅၉ (စ) ပြင်ဆင်ရေးအား အကြံပြုတင်ပြချက်ထဲတွင် မပါဝင်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မျိုးဆက်အင်အားစုမှ အတိုက်အခံပြုသည့် အသွင်ဆောင်လာကြောင်း အယူအဆများ များပြားလာသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သိရှိရပါ သည်။
၈၈ မျိုးဆက်နှင့် လူမှုအဖွဲ့အစည်း (၅၉) ဖွဲ့တို့ ချိတ်ဆက်ပြီး “ နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှုများ ရပ်တန့်ရေး ၊ ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီသည့် မတရားသော ဥပဒေများ ပယ်ဖျက်၊ ပြင်ဆင်ရေး၊ ဥပဒေနှင့် မလျော်ညီသော ဖိနှိပ်ညှဉ်းပန်းမှုများ ရပ်တန့်ရေး ” အတွက် ဇန်န၀ါရီ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ရာ နိုင်ငံသားတို့ မူလအခွင့် အရေးများ နှင့် နိုင်ငံတကာလူ့အခွင့်အရေး ကြေငြာချက်များအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ တန်းစီလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကိုပြင်ဆင်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ပြီး ပုဒ်မ ၅၉ (စ) ကိုမူ ထည့်သွင်း ဆန္ဒဖော်ထုတ်ခြင်း မရှိခဲ့ ကြောင်းလည်း သိရှိရပါသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis