menu

Monday 13 January 2014

ဘန်ကောက် အစိုးရရုံးများနှင့်အဓိကလမ်းမကြီးများကို စတင်ပိတ်ဆို့


ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ဖြုတ်ချပြီး ရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့ အစိုးရကို ခန့်အပ်ချင်တဲ့ ထိုင်းဆန္ဒပြသူတွေဟာ ဇန်န၀ါရီ ၁၃ ရက်မှာတော့ မြို့တော် ဘန်ကောက်က လမ်းဆုံကြီး ၇ ခုနဲ့ အစိုးရရုံးတွေရှိရာ အဓိကလမ်းတွေကို ပိတ်ချလိုက်ပါပြီ။

ထိုင်းဘုရင်ကို သစ္စာခံပြီး အတိုက်ခံ တွေနဲ့ သင့်မြတ်တဲ့ အုပ်စုနဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ၀န်ကြီးချုပ်ရာထူးကို ပူးတွဲ တာဝန်ယူထားတဲ့ ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူအုပ်စုတွေ ကွဲနေလို့ နိုင်ငံရေးအကျပ်အတည်းဟာ ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

အဓိက လူနေရပ်ကွက်တွေနဲ့ စီးပွားရေးနယ်မြေ အနည်းဆုံး ၇ နေရာမှာတော့ ယာယီတဲတွေနဲ့ ဟောပြောပွဲ စင်မြင့်တွေကို ဆင်ယင်ထားပြီး ဘန်ကောက်မြို့လယ် တလျှောက် ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ချီတက်နေပါတယ်။

ဒုဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံ နိုင်ငံရေးသမားဟောင်း ဆူသက် သောင်ဆုဘန် ခေါင်းဆောင်တဲ့ ဆန္ဒပြသူတွေက ဇန်န၀ါရီ ၁၂ ရက် ညနေကတည်းက လမ်းဆုံတွေကို ပိတ်ချခဲ့တာပါ။

ခန့်မှန်းခြေ မြို့နေလူထု ၁၂ သန်းရဲ့ သွားလာရေး ယာဉ်ကြောတွေနဲ့ အစိုးရရုံးတွေရဲ့ ယန္တရားတွေကို ဖြတ်တောက်ပစ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်ဝန်းကျင်က ပညာတတ် လူလတ်တန်းစားတွေနဲ့ ဘုရင်စနစ်ကို သစ္စာခံသူတွေက ထောက်ခံတဲ့ ဒီမိုကရက်တွေက တဖက်၊ ကျေးလက်နေ ဆင်းရဲသား လူတန်းစားအများစုက ထောက်ခံတဲ့ ရှင်နာဝပ်မောင်နှမက တဖက် အကျပ်ရိုက်နေတဲ့ ထိုင်းနိုင်ငံရေးရဲ့ နောက်ဆုံး အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းခံရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၈ ခုနှစ်က အာဏာအလွဲသုံးစားမှုနဲ့ ထောင်ဒဏ် စီရင်ချက် ကျခံရပေမယ့် ပြည်ပကို တိမ်းရှောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံရေးမှာတော့ အရေးပါဆဲဖြစ်ပြီး သူ့ညီမ လက်ရှိ ၀န်ကြီးချုပ်ရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပါတယ်။

DVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis