menu

Tuesday 21 January 2014

နိုင်ငံသားတိုင်းမှာ တာဝန်ကိုယ်စီရှိပါသည်


(ဆောင်းပါးရှင် - မြို့မသိင်္ခ)

"အခွန်စနစ်မရှိဘဲ တိုင်းပြည်တစ်ခု မထူထောင်နိုင်ပါ"၊ "နိုင်ငံကြီးပီသစွာ အခွန်ထမ်းဆောင်ပါ" အဲဒီဆောင်ပုဒ်ကို သတင်းစာမှာ ကျွန်တော်ဖတ်လိုက်ရပါတယ်။ အခွန်ဆောင်ခိုင်းခြင်း(၀ါ) အခွန်စနစ်တိုးချဲ့ခြင်း၊ ကိစ္စကို အဲဒီသတင်းစာမှာ ဖော်ပြပါရှိတဲ့အတိုင်းဆိုရင် ရည်ရွယ်ချက်ကောင်းတယ် (၀ါ)တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ တကယ်မှန်မှန်ကန်ကန်၊ တာဝန်သိသိ၊ သစ္စာရှိရှိ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် တိုင်းပြည်လူထုအတွက် အကျိုးကျေးဇူးများပေလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲ အခွန်ထမ်းဆောင်သူက တာဝန်သိသိ သစ္စာရှိရှိနဲ့ နိုင်ငံကြီးသားပီသစွာ အခွန်ထမ်းဆောင်ကြပေမဲ့ (၀ါ)အခွန်ထမ်းဆောင်ကြပေမဲ့ (၀ါ) ဌာနဆိုင်ရာ (၀ါ) လူထုအကျိုးပြုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဌာနက ၀န်ထမ်းများ၊ တာဝန်ရှိသူများအနေနဲ့ အခွန်ကျတော့စားကြပြီး လုပ်ငန်းတာဝန်ပိုင်းမှာကျတော့ ပေါ့လျော့တာတွေ တာဝန်မကျေပွန်တာတွေ၊ အခကြေးငွေပေးမှ လုပ်ကိုင်ဆောင်ရွက်တာတွေ ပြုပြင်ကြဖို့လိုမယ်လို့ ထင်ပါတယ်။

ဥပမာ မြန်မာပြည်သူတစ်ရပ်လုံး(၀ါ) အခြေခံလူတန်းစားတစ်ရပ်လုံး လျှပ်စစ်မီတာခနဲ့ မီတာထိန်းသိမ်းစောင့်ရှောက်ခတို့ ဖုန်းသုံးစွဲခတို့ ရေခွန်၊ မြေခွန်၊ သန့်ရှင်းရေးခွန်တို့ဆိုတာ (ဒါတောင် ဟိုးအရေး၊ ဒီအရေး၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ ကောက်ခံတာတွေရှိသေး) လစဉ်ပုံမှန်ပေးကမ်းနေရတာပါ။ မိသားစုတိုင်း၊ အိမ်ထောင်စုတိုင်း၊ မပျက်မကွက်၊ တစ်ပြားမကျန် အခွန်ဆောင်ခဲ့ကြတာပါ။


အခွန်ဆောင်ပေးကမ်းနေတာတောင်၊ တစ်ခါတလေ အဲဒီဌာနတွေက ၀န်ထမ်းအချို့က အကြွေမရှိလို့၊ အနုတ်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မာမာထန်ထန်ပြောဆိုပြီး ပြန်မအမ်းတာတွေ ရှိခဲ့တယ်။

တကယ်လို့များ မိမိတို့အိမ်မှာ လျှပ်စစ်မီးပြတ်တောက်မှု၊ ပျက်စီးချို့ယွင်းမှု၊ လျှပ်စစ်ဝိုင်ယာကြိုးပြတ်ကျမှုမျိုး ကြုံလာပါက မြို့နယ်လျှပ်စစ်ဌာနကို အသိပေးအကြောင်းကြားတဲ့အခါ အချိန်မီပြုပြင်ပေးမယ့်ဝန်ထမ်းများ ရောက်မလာတာ၊ ရောက်လာပြန်တော့လည်း အခကြေးငွေကမ်းမှ လက်ဖက်ရည်ဖိုး၊ ဘာဖိုး ညာဖိုးပေးမှ၊ လုပ်ကိုင်ဆောင်ရွက်တာမျိုး၊ တစ်ခါတလေ ကျွန်တော်တို့ကြုံတွေခဲ့ရပါတယ်။ ပေးကမ်းရတဲ့ ငွေကြေးနည်းနေပြန်ရင်လည်း ဆူဆူပူပူ ဟိန်းဟောက်ကြိမ်းမောင်း ပြောဆိုလုပ်ကိုင်တာမျိုး၊ လှေကားမပါလာလို့ဆိုပြီး အိမ်ရှင်ကို လှေကားရှာခိုင်းတာမျိုးလည်း လူတိုင်းကြုံရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးထားတဲ့ ကြိုးဖုန်းလိုင်းများအကြောင်း တစ်ခုခုကြောင့် ပြတ်တောက်သွားတဲ့အခါ လာရောက်ပြုပြင်ပေးဖို့ ရုံးဌာနကို အသိပေး အကြောင်းကြားပြန်တော့လည်း ချက်ချင်းလာရောက် ပြုပြင်ပေးတာမျိုးမဟုတ်ဘဲ တစ်ရက်၊ နှစ်ရက်၊ တစ်ခါတလေ သုံးလေးငါးရက်ကြာမှ လာပြုပြင်ပေးကြပါတယ်။ ကျွန်တော်တို့က ဘာလို့ပျက်တဲ့နေ့ကတည်း ချက်ချင်းလာမလုပ်ပေးတာလဲလို့ မေးမြန်းကြည့်တဲ့အခါ အချို့ဝန်ထမ်းတွေက အခြားနေရာမှာ သွားပြင်နေလို့ဆိုပြီး ပြေပြေလည်လည် ချိုချိုသာသာ ရှင်းပြကြပါတယ်။ အချို့ဝန်ထမ်းတွေကျတော့ ခင်ဗျားတို့တစ်အိမ်တည်းပျက်နေလို့ လာမကြည့်နိုင်ဘူး။ အခြားနေရာ၊ အခြားအိမ်တွေကိုလည်း သွားပြင်ရသေးတယ်ဆိုပြီး မချေမငံ ပြောဆိုတာ ခံကြရပါတယ်။

တစ်ဆက်တည်း ကြုံလို့ပြောချင်သေးပါတယ်။ မြို့တိုင်း၊ ရွာတိုင်း၊ လမ်းတိုင်းမှာရှိတဲ့ အိမ်တွေဟာ ရေခွန်၊ မြေခွန်၊ အမှိုက်ခွန်၊ သန့်ရှင်းရေးခွန်ဆိုပြီး စည်ပင်သာယာဌာနကို အခွန်ပေးဆောင်ကြရပါတယ်။ အဲဒီ အခွန်ထဲမှာ ရေခွန်၊ မြေခွန်ကိစ္စအသာထား အမှိုက်ခွန်၊ သန့်ရှင်းရေးခွန်ဆိုပြီး အိမ်ထောင်စုတိုင်း အခွန်ပေးဆောင်ကြတယ်။ လူကြီးတစ်ယောက်လာမယ်ဆိုမှ ဟိုနေရာလှဲ ဒီနေရာသိမ်း သန့်ရှင်းရေးထလုပ်ကြတာပါ။ ရေမြောင်းတွေထဲမှာ အမှိုက်ပေါင်းမျိုးစုံနဲ့ ပိတ်ဆို့ရှုပ်ပွနေပေမဲ့ ဈေးတို့၊ ကျောင်းတို့မှာရှိတဲ့ အမှိုက်သိမ်းကန်တွေမှာ အမှိုက်တွေပြည့်လျှံနေပေမဲ့ စည်ပင်သာယာက ၀န်ထမ်းအချို့ဟာ လာလုပ်ချင်မှလုပ်ကြတာ အားလုံးအသိပါ။

ဒါက မြန်မာလျှပ်စစ်လုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ မြို့တော်စည်ပင်သာယာရေး လုပ်ငန်းတွေရဲ့ ချို့ယွင်းချက်၊ အားနည်းချက်အပိုင်းလောက်သာ တင်ပြခြင်းဖြစ်ပါတယ်။ အခြားဌာန၊ အခြားလုပ်ငန်းတွေရဲ့ချို့ယွင်းချက်၊ အားနည်းချက်တွေလည်း အတော်များများ ရှိနေပါတယ်။ တာဝန်ပေါ့လျော့မှု၊ မကျေပွန်မှုတွေလည်း အစိုးရလုပ်ငန်းတိုင်း၊ ဌာနတိုင်းမှာ ရှိနေပါတယ်။ ပြည်သူလူထုက မညည်းမညူ၊ မငြိုမငြင် အခွန်အခကို တာဝန်သိသိ၊ သစ္စာရှိရှိ ပေးဆောင်နေကြပါလျက် အချို့အစိုးရဌာန၀န်ထမ်းတွေက တာဝန်မသိဘဲ လျစ်လျူပြုနေကြပါတယ်။ တာဝန်မယူဘဲ ပေါ့လျော့နေခဲ့ကြပါတယ်။ သူတို့စိတ်ထဲ၊ ပြည်သူလူထုဆီကလာတဲ့ အခွန်အခတွေထဲက လုပ်အားခလစာရနေတယ်လို့ မထင်ဘဲ အုပ်ချုပ်တဲ့အစိုးရက သူတို့ကိုလစာပေးထားတာလို့ ထင်နေပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ ဥပမာ-ကျောင်းဆရာ၊ ဆရာမက ကျောင်းစာသင်တဲ့အလုပ်မှာ တာဝန်ကျေရပါတယ်။ လျှပ်စစ်ဝန်ထမ်းကလည်း လျှပ်စစ်လုပ်ငန်းမှာ တာဝန်ကျေဖို့လိုအပ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးဝန်ထမ်း၊ မြို့တော်စည်ပင်သာယာရေးဝန်ထမ်းနဲ့ အခြားအခြားသော အစိုးရဌာန၀န်ထမ်းတွေဟာ မိမိတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ တာဝန်ကျေရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကနေ အောက်ခြေအဆင့်ထိ အစိုးရ၀န်ထမ်းတွေဆိုတာ ပြည်သူတွေရဲ့အခွန်အခထဲက လစာစားနေကြတာပါ။ ပြည်သူလူထု ပေးဆောင်နေတဲ့ အခွန်အခတွေကို သုံးစွဲနေကြတာပါ။ အစိုးရအဖွဲ့ဝန်ကြီးဌာန အသီးသီးမှာရှိတဲ့ ၀န်ထမ်းတွေကို လစဉ်ပုံမှန် လစာပေးကမ်းချီးမြှင့်နေတာ ပြည်သူတွေရဲ့ ပိုက်ဆံငွေကြေးတွေပါ။ တစ်နည်းပြောရင် အခွန်ဆောင်နေရတဲ့ငွေတွေပါ။

ဒီတော့ နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ပြောချင်တာက အစိုးရအဖွဲ့ဝန်ကြီးဌာန အသီးသီးမှာရှိတဲ့ ၀န်ထမ်းများ၊ မိမိတို့နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ တာဝန်ကျေပါ။ ပြည်သူလူထုကို တာဝန်သိသိ၊ သစ္စာရှိရှိ အလုပ်အကျွေးပြုပါ။ ပြည်သူလူထုဟာ ငါတို့ကျေးဇူးရှင်တွေပဲလို့ မှတ်ယူပြီး ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက်ပေးကြပါ။ ပြည်သူလူထု လိုအပ်ချက်(၀ါ)လိုအပ်တဲ့အကူအညီကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် တာဝန်ယူပေးကြပါ။ ဒီအတွက် ပြည်သူလူထုဘက်က အခွန်အခပေးဖို့ လက်နှေးနေမှာမဟုတ်သလို ရှောင်တိမ်းနေမှာလည်း မဟုတ်ဘူး။ သင်တာဝန်သိသိ သစ္စာရှိရှိ ပြည်သူလူထုကို အလုပ်အကျွေးပြုနေသမျှ ပြည်သူကလည်း တာဝန်သိသိ သစ္စာရှိရှိ အခွန်အခပေးဖို့ အသင့်ရှိနေကြောင်းပါခင်ဗျာ...။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis