menu

Tuesday 21 January 2014

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက်ဟု ဆိုကာ NLD ရပ်ကွက်စည်းရုံးရေးမှူး ငွေလိမ်လည် ကောက်ခံ

 ရန်ကုန်၊ ဇန်နဝါရီ ၂၀

တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ရပ်ကွက်စည်းရုံးရေးမှူး တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ နမ့်ဆမ်ခရီးစဉ် အတွက် NLD ရန်ပုံငွေ ဟုဆိုကာ တောင်ကြီးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်များထံတွင် ငွေလိမ်လည် ကောက်ခဲ့ကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောကြားသည်။

အဆိုပါ ငွေလိမ်လည်ကောက်ခံသူ NLD ပါတီဝင် ရပ်ကွက် စည်းရုံးရေးမှူးသည် ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် နမ့်ဆမ်ခရီးစဉ် အတွက် NLD ရန်ပုံငွေဟုဆိုကာ လိမ်လည်တောင်းခံခြင်းနှင့် အဆိုပါ ခရီးစဉ် သွားရောက်မည့် သတင်းမီဒီယာ သမားအဖြစ် အယောင်ဆောင် ကောက်ခံမှုများရှိကြောင်း ဦးတင်မောင်တိုးက ဆိုသည်။

ယင်းသို့ ငွေလိမ်လည် ကောက်ခံနေမှုကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ သိရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။


“အခု သူက နမ့်ဆမ် ရောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ဖို့ မီဒီယာသမားတွေ အတွက် ကားစီစဉ်ထားတယ်။ ခရီးစဉ်တွေ အတွက်လည်း ပိုက်ဆံ မကောက်ပါဘူး။ ခရီးစဉ် ရန်ပုံငွေ အတွက်လည်း မကောက်ဘူး” ဟု ဦးတင်မောင်တိုးက ပြောကြားသည်။

ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ပြီး မည်သည့်အချိန်က ဖြစ်ပွားခဲ့သည် ကို သေချာ မသိရှိကြောင်း၊ မီဒီယာသမားများ နာမည် အသုံးချခံရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း နာမည်တပ် အသုံးချ ခံရသူ RFA သတင်းထောက် ဦးကျော်မျိုးထွန်းက ပြောကြားသည်။

“အခုလိုဖြစ်တော့ NLD နဲ့မီဒီယာကြား ဆက်ဆံရေး မကောင်းနိုင် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ်။ အဖွဲ့ချုပ်လို့ မမြင်ဘူး” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ၂၁ ရက်နေ့တွင် တောင်ကြီးမြို့၌ ယင်းပြဿနာကို ဖြေရှင်းသွားရန် ပိုက်ဆံ ကောက်ခံခဲ့သည့် စည်းရုံးရေးမှူးကို နမ့်ဆမ်မြို့မှ ပြန်လည်ခေါ်ယူထားကာ အရေး ယူသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ငွေလိမ်လည် ကောက်ခံသူ NLD စည်းရုံးရေးမှူး၏ နာမည်၊ ရပ်ကွက်၊ ရာထူးနှင့် အသေးစိတ် အချက်အလက်များကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဖြေရှင်းမည်ဖြစ်ပြီး ယင်းနောက်တွင် သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ဦးတင်မောင်တိုးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis