menu

Thursday 7 November 2013

လူမှုရေး လမ်းကြောင်းသစ်နှင့် ပြောင်းလဲနေသော စင်ကာပူ ပညာရေးစနစ်

arti_lhylkth_edt_the-straitstimes-com

ညဥ့်သန်းခေါင် အချိန်ကြီးတွင် ဖြစ်သည်။ စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS) မှ ဘွဲ့ကြို ကျောင်းသားများသည် စက်မှုဇုန် တစ်ခုထဲတွင် အလုပ်ရှုပ်နေကြသည်။ သူတို့က ရေပိုက်လိုင်းများ ယိုစိမ့်မှုအား အင်ဂျင်နီယာများက ပြင်ဆင်နေခြင်းကို လက်တွေ့ လေ့လာနေကြခြင်း ဖြစ်သည်။
ကျောင်းသားများ လက်တွေ့ မြင်တွေ့နေရသည်က အင်ဂျင်နီယာ လုပ်သားများ၏ စုစည်းမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ အသင်းအဖွဲ့ စိတ်ဓာတ်များ ဖြစ်သည်။ အသင်းအဖွဲ့ (Team Work) ဆိုသည့် သဘောတရားကို စကားကြီး စကားကျယ်တွေ မပြောဘဲ ဆရာတွေက လက်တွေ့ ရင်ဆိုင်ခိုင်းထားခြင်း ဖြစ်သည်။
ထိုလေ့လာရေး ခရီးသည် စင်ကာပူ နိုင်ငံပညာရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အဖွဲ့အစည်း စိတ်ဓာတ် ဆိုသည့် သဘောတရားကို သင်ကြား ပို့ချပေးနေခြင်းလည်း ဖြစ်သည်။ သူတို့ စာသင်ခန်းထဲ ပြန်ရောက်လျှင် စင်ကာပူ နိုင်ငံ၏ ရေပေးဝေရေး စနစ်ကို ဆင့်ပွား တွေးဆစရာတွေ ဖြစ်ပေါ်လာလိမ့်မည်။ ထို့ပြင် သူတို့ ဆရာထံက မမျှော်လင့်သည့် မေးခွန်းတစ်ခုကိုလည်း ရင်ဆိုင်ရလိမ့်မည်။
“တကယ်လို့ မင်းတို့သာ လူသားရင်းမြစ်ကို စီမံခန့်ခွဲရသူ တစ်ယောက် ဖြစ်မယ်ဆိုရင် အဲဒီလို ရေပေးဝေရေးမှာ ဖြစ်နေတဲ့ ပြဿနာကို ဝန်ထမ်းတစ်ယောက် အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းမလဲ”

အချို့သော ပြဿနာများသည် စားပွဲပေါ်ထိုင်ပြီး ဖြေရှင်း၍ ရမည် မဟုတ်ကြောင်းကို ကျောင်းသားများအား ဆရာက လက်တွေ့ ပြသပြီး ဖြစ်သည်။ သူတို့ထံက ထွက်ပေါ်လာမည့် အကြံဉာဏ်များသည် အနာဂတ် အတွက် စိန်ခေါ်စရာများကို ဖြေရှင်းနိုင်မည့် လက်တွေ့ကျသော အဖြေများ ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။
ပညာရေးတွင် လက်တွေ့ကျကျ လူမှုရေး ပြဿနာများနှင့် ထပ်တူပြုပြီး ဖြေရှင်းတတ်ရန် ဝန်ကြီးချုပ် လီရှန်လွန်းကလည်း တွန်းအားတွေ ပေးထားသည်။ အထူးသဖြင့် နိုင်ငံအတွင်းရှိ တက္ကသိုလ်များသည် နိုင်ငံတော်က မူတစ်ရပ်အနေနှင့် အကောင်အထည် ဖော်ခိုင်းသည်ကို လက်တွေ့ကျလျှင် လုပ်ဆောင် ပေးကြရမည်သာ ဖြစ်သည်။ နိုင်ငံ၏ လိုအပ်ချက်နှင့် တိုင်းပြည်၏ အနာဂတ်ကို အားလုံး ဝိုင်းဝန်းပြီး ဖော်ဆောင်ရန် လိုအပ်သည်ဟုလည်း သူတို့က မြင်ထားကြသည်။
စင်ကာပူသားများ၏ ဘဝအပေါ် တန်ဖိုးထားမှုနှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်များနှင့် နိုင်ငံတော် တိုးတက်ရေး လုပ်ဆောင်ရန် တာဝန်ရှိသည် ဆိုသည့် သဘောတရားများကို ကျောင်းသူ၊ ကျောင်းသားများ၏ ရင်ထဲသို့ ရိုက်သွင်းလိုက်ရန် တက္ကသိုလ်ပညာရေး လောကအနေနှင့် တာဝန် ယူလိုက်ခြင်းလည်း ဖြစ်သည်။
NUS ဒုတိယ ကျောင်းအုပ်ကြီး ပါမောက္ခတန် တိုင်ယန်းကလည်း-
“၁၉၇၀ နဲ့ ၁၉၈၀ နှစ်ပိုင်းတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုက်ညီတဲ့ လူ့စွမ်းအားရင်းမြစ်တွေကို မွေးထုတ် ပေးခဲ့ရတယ်။ လူ့ဘောင်အဖွဲ့အစည်းက ဖွံ့ဖြိုး တိုးတက်လာတာ နဲ့အမျှ စီးပွားရေးတစ်ခုတည်း ပုံသေကားကျ ချထားလို့ မရတော့ဘူး။ ခုဆိုရင် ကလေးတွေကို ခေါင်းဆောင်နိုင်မှု အပိုင်းတွေ သင်ပေးဖို့ လိုအပ်လာပြီ” ဟု ပြောကြားခဲ့သည်။
စင်ကာပူ ပညာရေးကို အဘယ်ကြောင့် ပြုပြင် ပြောင်းလဲရန် လိုသနည်း။ ပြန်လည် သုံးသပ်ရန် လိုပေလိမ့်မည်။
စင်ကာပူနိုင်ငံ ပညာရေးစနစ်သည် လက်တွေ့တွင် ပန်းတိုင်နှင့် ရလဒ်တို့ ကွဲပြားပြီး အချိုးညီမှု မရှိကြောင်း တက္ကသိုလ်ဦးဆောင်သူ တစ်ဦးက ပြောကြားခဲ့သည်။ သူက ပညာရေးကို ဆေးမြီးတိုနှင့် ကုသလို့ ခဏသာ သက်သာစေသည့် နည်းလမ်းနှင့် အဖြေ ရှာနေကြကြောင်း ဝေဖန်ခဲ့သည်။
လက်တွေ့ကျသည့် ပညာရေးကို ဖော်ဆောင်ခြင်းအား CIP (Community Involvement Programme) ဟု သူတို့က အမည် ပေးထားသည်။ လူ့ဘောင် အဖွဲ့အစည်းတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရခြင်းကို ပညာရေးတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် ပရိုဂရမ် တစ်ခုဟူ၍ လက်ခံလာကြသည်။ ထိုသို့ သူတို့ အရေးတကြီး ဆောင်ရွက်လာကြခြင်းမှာ လက်တွေ့ မကျခဲ့သည့် ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရန်အတွက် အသက်ကယ်ဆေး တစ်ခုလည်း ဖြစ်သည်။
လက်တွေ့လုပ်ငန်း ဖြစ်သဖြင့် တက္ကသိုလ် ကျောင်းသားများသည် လှုပ်ရှား လုပ်ဆောင်မှုများ ပုံစံ ပြောင်းသွား ခဲ့ရသည်။ စာသင်ခန်းမှ လူ့ဘောင် လောကအတွင်း လက်တွေ့ ဝင်ရောက်ရန် ပုံစံများ ပြန်လည် သတ်မှတ်ကြသည်။ ပန်းခြံထဲတွင် အမှိုက်ကောက်ခြင်း မှသည် ဘိုးဘွားရိပ်သာများသို့ သွားရောက်ရသည်အထိ လုပ်ငန်းစဉ်များကို ချမှတ်ပေးထားသည်။ သူတို့က ‘ပြည်သူ့ဘဝနှင့် ထိတွေ့ခြင်း’ အတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ပုံဖော်လာကြခြင်း ဖြစ်သည်။
NTU တက္ကသိုလ် ကျောင်းအုပ်ကြီး ဖရက်ဒီဘွိုက်ကလည်း တက္ကသိုလ် ဆိုသည်မှာ စာမေးပွဲပြီးလျှင် နောက်စာမေးပွဲ တစ်ခုအတွက် ပြင်ဆင်နေရခြင်းအား ပညာရေး ရည်မှန်းချက် မဟုတ်ကြောင်း လက်တွေ့ ပြသရန် လိုသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ပထမနှစ် ရောက်လာကတည်းက အုပ်စုတွေ ဖွဲ့ခိုင်းပြီး လူမှုရေး လက်တွေ့ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်စေသည်။
အစိုးရကလည်း နောက်ဆုံးနှစ် ကျောင်းသား ၄၀ ရာခိုင်နှုန်းခန့်သည် ၂၀၂၀ ပြည့်နှစ်တွင် အစုအဖွဲ့လိုက် ကျောင်းပြီးသည့် နောက်ပိုင်း လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ဆရာဝန်များ၊ ရှေ့နေများ၊ ဆုံးဖြတ်ချက် ချပေးနိုင်သည့် ထိပ်ပိုင်း အရာရှိကြီးများနှင့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရမည် ဆိုသည့် စီမံချက်နှင့် မွေးထုတ်နေခြင်း ဖြစ်သည်။ အစိုးရ ရည်ရွယ်ချက်ကို သိရမည်၊ အချင်းချင်း နားလည်မှု ရှိရမည်၊ ပြည်သူ့ဘဝကို လက်တွေ့ကျကျ နားလည်ပြီး ထောက်ထား စာနာ တတ်ရမည် စသည့် သဘောတရားများသည် စင်ကာပူ ပညာရေးတွင် လက်ရှိ ဦးတည်နေသော လမ်းကြောင်း ဖြစ်သည်။ လက်တွေ့ ပေါက်မြောက် အောင်မြင်စေရန်မှာ မိဘများ၏ ပံ့ပိုးမှုနှင့် နားလည်မှုများလည်း လိုအပ်ကြောင်း သူတို့က တိုက်တွန်း နှိုးဆော်ထားသည်။
CTP စနစ်ကို စင်ကာပူနိုင်ငံ တက္ကသိုလ်ကြီး ခြောက်ကျောင်းက လက်တွေ့ အကောင်အထည်ဖော်ရန် စီစဉ်နေကြပြီ ဖြစ်သည်။ မလုပ်မနေရ သဘောဆောင်သည့် ပညာရေး အထောက်အကူပြုစနစ် ဖြစ်နေသောကြောင့်လည်း ကိုယ့်နည်း ကိုယ့်ဟန်နှင့် အကောင်းဆုံး ကြိုးစား ဆောင်ရွက်ရန် ပြင်ဆင် နေကြသည်။ NUS နှင့် NTU ကျောင်းများအပြင် နည်းပညာနှင့် ဒီဇိုင်းကျောင်း တစ်ကျောင်းဖြစ်သည့် SUTD တို့ကလည်း ကျောင်းသား၊ ကျောင်းသူများ အနေနှင့် လူမှုရေးနှင့် အသင်းအဖွဲ့ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှ ဂုဏ်ထူးမှတ် ပေးမည် ဆိုသည့် သဘောတရားများ ချမှတ်ထားသည်။
NTU ကျောင်းအုပ်ကြီး ဒေါက်တာဘွိုက်က “လူမှုရေး လုပ်ငန်းဆိုတာ နှလုံးသားထဲက ပေါ်လာမှ လုပ်လို့ရတယ်။ ခေါင်းထဲက ပေါ်လာတိုင်း လုပ်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့် ဘွဲ့ မရခင်ကတည်းက ဒီစိတ်ဓာတ်မျိုးတွေ ဖြစ်ပေါ်လာအောင် ပြုစု ပျိုးထောင်ပေးဖို့ လိုတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
SMU ကျောင်းအုပ်ကြီး အားနော့ဒီမေယာကမူ ကျောင်းသားများကို အနည်းဆုံး လူမှုရေး လုပ်ငန်းများ နာရီ ၈၀ သို့မဟုတ် နောက်ဆုံးနှစ်တွင် အနည်းဆုံး နှစ်ပတ်ခန့် လုပ်ဆောင်ရမည်ဟု သတ်မှတ် ထားသည်။ ပျမ်းမျှ နာရီပေါင်း ၁၂၀ ခန့် လူမှုရေး လုပ်ငန်းများ ကျောင်းသားတိုင်း လုပ်ဆောင်ရမည့် သဘောဖြစ်သည်။ လူမှုရေး လုပ်ငန်းများကို နာရီပေါင်း ၄၀၀ အထိပင် အဆိုပြုထားသည့် ကျောင်းများ ရှိသည်။
NTU သည် လက်တွေ့ လူမှုလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပြဋ္ဌာန်း ကျောင်းသင်ခန်းစာများကို ၂၀ ရာခိုင်နှုန်း လျှော့ချမည် ဖြစ်သည်။ ပညာရေးနှင့် လူမှုရေး ပေါင်းစပ်မှုအတွက် လက်ရှိ ကျောင်းသားပေါင်း ၂၃,၅၀၀ ရင်ဆိုင်ကြရမည်။ ကျောင်းစာသင်ချိန်ကို လျှော့ချလိုက်သဖြင့် ပြဿနာ မရှိကြောင်းကို ဒေါက်တာဘွိုက်က နည်းပညာ အထောက်အကူဖြင့် ကျောင်းသားများသည် လျင်မြန်စွာ သင်ယူ လေ့လာနိုင်ကြကြောင်း ထောက်ပြထားသည်။ အထူးသဖြင့် NTU သည် အွန်လိုင်းပညာရေး ဘက်သို့ ကူးပြောင်းရန် ပြင်ဆင်နေ သောကြောင့် ပြောအား ရှိနေသည်။
ဒေါက်တာဘွိုက်က နောက် သုံးလေးနှစ်အတွင်း ယဉ်ကျေးမှု ဓလေ့ထုံးစံများ ပြောင်းလဲ သွားနိုင်ကြောင်းကို-
“လူမှုရေး လုပ်ငန်းတွေမှာ သမိုင်းရဲ့ ပထမဦးဆုံး လှုပ်ရှားသူများအဖြစ် မှတ်တမ်းတင်ခြင်း ခံရမယ့်သူတွေ ဖြစ်လိမ့်မယ်။ သမိုင်းပေး တာဝန်ကို ထမ်းဆောင်ရင်း အခြားကျောင်းသား ကျောင်းသူများကို အားပေး အားမြှောက် ပြုရမယ်။ လူတွေရဲ့ အတွေးအခေါ် အယူအဆတွေက ပြောင်းလဲနေပြီ” ဟု ဆိုသည်။
SUTD ဒီဇိုင်းကျောင်းတွင် တက်နေသည့် အသက် ၂၃ နှစ် အရွယ်ရှိ ဖိလစ်ပိုင် နိုင်ငံသား အေမို့စ် ချီယာက မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများ အတွက် သက်သောင့်သက်သာ ဖြစ်စေနိုင်မည့် လက်တွန်းလှည်း တစ်မျိုးကို အုပ်စုလိုက် တီထွင်နေသည်။ သူက “သူတို့ မျက်နှာတွေ ကြည့်ရတာ မသက်မသာတွေ ဖြစ်နေ ကြသလိုပဲ။ အဲဒီလို တုံ့ပြန်မှုတွေကို သတိထားရမယ်” ဟု ဆိုသည်။ SUTD ကျောင်းအုပ်ကြီး သောမတ်စ် မက်နန်တီက “မင်းတို့ အလုပ်တွေကို ပိုလုပ်ပြပြီးတော့ သူတို့ စိတ်တွေထဲမှာ တင်းကျပ်နေတာတွေကို ပြေလျော့အောင် လုပ်ပေးပေါ့” ဟု တုံ့ပြန်ခဲ့သည်။
NUS နှင့် NTU တက္ကသိုလ်များနှင့် မတူသည့် အချက်မှာ SUTD တက္ကသိုလ်သည် ကျောင်းတွင် သင်ကြားမည့် ဆရာများကို ငှားရမ်းစဉ် ကတည်းက ပညာရေးနှင့် သုတေသန လုပ်ငန်းများတွင် စိတ်ပါဝင်စားရုံမက လူမှုရေး လုပ်ငန်းများတွင် အထူးစိတ်ပါဝင်စားသူ များကို ငှားရမ်း ခန့်ထားလေ့ရှိခြင်း ဖြစ်သည်။ သူတို့ ကျောင်းတွင် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို ဆရာ ၁၃၀ ခန့် နှင့် လည်ပတ်နေခြင်း ဖြစ်သည်။
NUS တွင် တာဝန် ထမ်းဆောင်နေသည့် ပါမောက္ခ တန်ကလည်း ကျောင်းသားများကို ပြင်ပလောကနှင့် ထိတွေ့ ဆက်ဆံရမှုကို ထောက်ခံပြီး ပြင်ပလောကနှင့် ထိတွေ့စဉ် ပြင်ဆင် လေ့ကျင့်ထားနိုင်ရန် အတွက် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း ရေးဆွဲထားသင့်ကြောင်း အကြံပြုထားသည်။
လက်ရှိ အနေအထားတွင် ကျောင်းသားများသည် ဘိုးဘွားရိပ်သာလို နေရာများကို သွားပြီး ဘိုးဘွားများနှင့် လက်ပွန်းတတီး နေနိုင်အောင် ကြိုးစားကြသည်။ မသန်စွမ်းသူများ စောင့်ရှောက်ရေး ဂေဟာများသို့ သွားပြီး ကူညီစောင့်ရှောက်ခြင်း ပျော်ပွဲရွှင်ပွဲများ လုပ်ကာ ဖျော်ဖြေခြင်းတို့ကို ဆောင်ရွက် ပေးနေကြသည်။
ကျောင်းတွင်း၌ ကလေးများကို ပိတ်လှောင်ထားပြီး စာသင်ကြားနေကြသည့် တစ်ဖက်ပိတ် အမြင်ခေတ် ကုန်ဆုံးတော့မည် ထင်ပါသည်။ ပင်လယ်ပြင်ကြီး အကြောင်းကို စာအုပ်ထဲတွင် သင်ကြား၍မရ လက်တွေ့ပြမှ ဖြစ်မည်ဆိုသည့် သဘောတရားများ စိမ့်ဝင်လာရန် လိုပါသည်။ အခြေခံကျောင်းများမှာ ကတည်းက လက်တွေ့ပြင်ပတွင် သင်ကြားချိန်များကို တိုးမြှင့်ခြင်းဖြင့် ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သင့်သော ကာလလည်း ဖြစ်သည်။
ဆေးပညာကို သင်ယူနေကြသော ကျောင်းသားများကိုလည်း ဆင်းရဲသည့် ဒေသများ၊ ကျေးရွာများ အရောက် ခေါ်ဆောင်သွားမှု ပကတိ အရှိတရားနှင့် ရင်ဆိုင်စေသင့်ကြောင်းကို ဒေါက်တာ တန်လိုင်ယန်းက လက်ခံသည်။ သူက “လူ့ဘောင် အဖွဲ့အစည်းသို့ ပြန်လည် ပေးဆပ်ခြင်း” ဆိုသည့် စကားလုံးကို မကြိုက်ပေ။ သို့သော် သူတို့ ကျောင်းသားတွေကို စာသင်ခန်း အမြင် အတွေးများထက် ပိုခြားနားသည့် အတွေးအမြင်များ ဝင်လာစေရန် သူက သင်ပေးသည်။ တစ်ကိုယ်ကောင်း မဆန်ဘဲ အများအကျိုးအတွက် ရွက်ဆောင်ခြင်းဖြင့် လူမှုရေး သူရဲကောင်းများ ဖြစ်နိုင်ကြောင်းကို အပြောနှင့် အသင်ထက် လက်တွေ့ဖြင့် ပြသနိုင်လျှင် ပိုကောင်းမည်ဟု ဒေါက်တာတန်က လက်ခံထားသည်။
“တကယ့်ပညာရှင် တစ်ယောက်ဖြစ်လာဖို့ ဆိုတာ အချက်နှစ်ချက် လိုတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။ ကိုယ်ကချည်း ပြောတာထက် သူများ ပြောတာတွေကို နားထောင် ပေးနိုင်စွမ်း ရှိရမယ်။ အမြင်ကို တစ်မျိုးတည်း လက်ခံ ဆင်ခြင်တွေးဆတာထက် ဘက်စုံ၊ ထောင့်စုံ မျှတွေးပေးနိုင်အောင် ကြိုးစားရမယ်။ အဲဒီလို စိတ်ဓာတ်နဲ့ ခံယူချက်တွေ မရှိဘဲနဲ့တော့ လက်တွေ့ဘဝနဲ့ အလှမ်းဝေးပြီး ပညာရှင်တစ်ယောက် ဖြစ်လာမယ် မထင်ဘူး” ဆိုသည့် ဒေါက်တာတန်၏ စကားမှာ မှတ်သားစရာ ကောင်းလှသည်။
စင်ကာပူနိုင်ငံ ခေါင်းဆောင်များသည် အနာဂတ်ကို တွေးဆပြီး ပုံဖော် ကြည့်ကြသည်။ လူငယ် မျိုးဆက်သစ်တို့ကို အားကိုးသည်။ ‘စင်ကာပူ ရှေ့ဆက်ရမည့် ခရီး’ တွင် မည်သူတွေ အရေးကြီးကြောင်းကို သိပြီး အနာဂတ် စင်ကာပူကို မည်သူတွေ လက်ထဲသို့ လွှဲပြောင်း ပေးရမည်ကို ကောင်းစွာသိပြီး ကြိုးစား ပုံဖော်ကြသည်။ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ကျောင်းစာ တစ်ခုတည်းနှင့် လူမှုဘဝကို ကောင်းစွာ မတည်ဆောက်နိုင်ကြောင်း မြင်လာသည်။ အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
အယ်ဒီတာတစ်ဦး
Ref: The Straits Times, November 2, 2013

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis