menu

Thursday 7 November 2013

ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးတိုးမြှင့်မပေးနိုင်ဟု ရန်ကုန်လုံခြုံရေးဝန်ကြီးပြော

စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသည့် အာဆီယံအမျိုးသမီးဘောလုံးပွဲတွင် လုံခြုံရေးယူနေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ ရဲဝန်ထမ်းအလုံအလောက်မရှိခြင်းကြောင့် ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးယူပေး နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။  (ဓာတ်ပုံ - ဟောင်ဆာ)

ရဲတပ်ဖွဲ့အင်အား အလုံလောက်မရှိ အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်းအတွင်း ဘာသာရေးပွဲတော်များ ပြုလုပ်ရာတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထားပေးနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက နိုဝင်ဘာ ၅ ရက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“ရန်ကုန်တိုင်း နေရာအနှံ့အပြားမှာရှိတဲ့ ဗုဒ္ဓပူဇနိယပွဲတော်များ တစ်ခြားပွဲတော်များနှင့် ပတ်သက်ပြီးတော့ မှ လုံခြုံရေးကို ကျွန်တော်တို့ တပ်ရင်း အင်အားနဲ့ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး” ဟု ဦးတင်ဝင်းကပြော သည်။

ခရမ်းမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးမြင့်ဦးက “ဗုဒ္ဓပူဇနိယ ပွဲတော်များ ပြုလုပ်သည့်အခါ ရဲတပ်ဖွဲ့မှ လုံခြုံရေးအင်အားဖြည့်ပေးရန်ရှိမရှိ” မေးခွန်းထုတ်မှုအပေါ် ဦးတင်ဝင်းက အဖြေပေးခြင်းဖြစ်သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းနှင့်ဦးမြင့်ဦးတို့ အောက်တိုဘာ ၂၃ ရက်ကတွေ့ဆုံစဉ် ရန် ကုန်တိုင်းအ တွင်းရှိ ဘာသာရေးပွဲတော်များ ကျင်းပသည့်အခါ လုံခြုံရေးတာဝန်ယူနိုင်မှသာ ကျင်းပကြရန် ပြောဆိုမှုအပေါ် ထောက်ပြပြောဆိုသွားသေးသည်။ “မိမိဘာသာ ဆောင်ရွက်ကြ၊ လုပ်နိုင်မှလုပ်ကြဟု ပြောနေခြင်းမှာ လွန်စွာနားလည်ရခက်ပါတယ်” ဟု ဦးမြင့်ဦးက ပြောသည်။


လက်ရှိရန်ကုန်တိုင်းရဲတပ်ဖွဲ့အင်အားမှာ တိုင်းအတွင်းရှိ လူဦးရေ ၁၁၃၇ ဦးတွင် ရဲတပ်ဖွဲ့တစ်ယောက်နှုန်း သာရှိသည်ဟုလည်း ဦးတင်ဝင်းက လွှတ်တော်တွင် ပြောဆိုသွားခဲ့သည်။ ထို့ကြောင့် ဘာသာရေးပွဲများ ကျင်းပသည့်အခါ ဂေါပကများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးသာ ဆောင်ရွက်ကြရန်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အောက်တိုဘာ ၂၃ ရက် ဘုရားဂေါပကများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်းနှိမ်နှင်းရေးနှင့် စွမ်းရည်မြှင့် သတင်းတန်းများကို ရန်ကုန်မြို့ မင်္ဂလာဒုံရဲတပ်ရင်း ၈ တွင် ဥရောပသမဂ္ဂမှ သင်တန်းပို့ချပေးလျက်ရှိသည်။

Written by  မင်းမင်း
Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis