menu

Thursday 7 November 2013

မူဆယ်ပစ်ခတ်မှုမှ ဒဏ်ရာရရှိသူ လေးဦး မန္တလေးဆေးရုံကြီးတွင် ဆေးကုသနေ


အောင်ကိုဦး| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၇ ရက် ၂၀၁၃ ခုနှစ်

မူဆယ် ၁၀၅ မိုင်အနီးမှာ လုံခြုံရေးအရ ကားရပ်ခိုင်းရာမှာ ဖြစ်ပွားသော ပစ်ခတ်မှုကြောင့် အကောက်ခွန်အရာရှိအပါအ၀င် ဒဏ်ရာရရှိသူ လေးဦးသည် နိုဝင်ဘာလ ၆ ရက်နေ့က မန္တလေးဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် သုံးဦး၊ အရိုးအကြောဌာနတွင် တစ်ဦး တင်ထားကြောင်း ဆေးလူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမ ကိုပြောသည်။

ဒဏ်ရာရှိသူများကို မန္တလေးဆေးရုံကြီး ပို့ဆောင်ခဲ့ရာ နိုဝင်ဘာ ၆ရက် ည ၈ နာရီ ၄၅မိနစ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဆေးလူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင်က "ဒဏ်ရာအနေနဲ့တော့ ဘာမှ ကြိုမပြောချင်ပါဘူး။ သုံးယောက်က ဦးနှောက်နဲ့အာရုံကြော အဆောင်မှာ တစ်ယောက်ကတော့ အရိုးအကြောမှာပါ။ အခုတော့ ဒီလောက်ပဲ ဖြေနိုင်ဦးမှာပါ"ဟု ပြောသည်။


ဒဏ်ရာရရှိသူများထဲမှ အကောက်ခွန် ဒု-ဦးစီးမှူး ဦးသိန်းဇော်ထွန်းက “ကျွန်တော်တို့ ၅ယောက် မူဆယမြို့ထဲက ထမင်းစားပြီး ပြန်လာတာပါ။ အဲဒီဂိတ်ရောက်လို့ တားတော့ ရပ်ပေးပါတယ်။ ဒါပေမယ့် Speed (အရှိန်)များပြီး လမ်းဘယ်ဘက်ခြမ်းရောက်သွားပြီး စစ်သားတစ်ဦးကို တိုက်မိသွားတယ်။ အဲလိုလည်းဖြစ်ရော သေနတ်ပစ်ပြီး ကျွန်တော်တို့ကို ကားပေါ်ကဆွဲချတယ်။ အားလုံးဒဏ်ရာတွေရပါတယ်။ မောင်းတဲ့သူငယ်ချင်းကတော့ သေသွားတယ်။ ဝန်ထမ်းက ကျွန်တော်တစ်ယောက်ထဲပါ ကျန်တာက အရပ်သားတွေပါ"ဟု မဇ္ဈိမ ကိုပြောသည်။

ဦးနှောက်နှင့် အာရုံကြောတွင်ကုသနေသူ ၃ဦးမှာ ဦးသိန်းဇော်ထွန်း၊ ကိုစိုင်းဝေဖြိုး၊ ကိုမျိုးညီညီတို့ဖြစ်ပြီး အရိုးအကြောတွင် ကိုအောင်သူမိုးတို့ တက်ရောက်ကုသနေကြောင်း သိရသည်။ တက်ရောက်ကုသနေသူများအား တွေ့ဆုံမေးမြန်းခွင့်ရရန် ကြိုးစားရာ ဆေးရုံအုပ်ကြီးမှ လောလောဆယ်တွင် မေးခွင့်မပြုသေးကြောင်း ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် အလွန် နမ့်ခွင်ရွာအနီးတွင် မူဆယ်မြို့မှ မောင်းနှင်လာသော မတ်တူး အဖြူရောင် ၅ဂ/၉၁၈၄ အား လုံခြုံရေးယူထားသော ခလရ ၁၂၉ မှ လုံခြုံရေးအရ စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် အရှိန်လွန်၍ လမ်းဘယ်ဘက်ရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ တပ်မတော်သား ၃ဦးအားတိုက်မိခဲ့သည်။ ထို့သို့တိုက်မိခြင်းကြောင့် တပ်သား ထွန်းလှက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကားပေါ်တွင် ပါလာသူ ယာဉ်မောင်း ကျော်ဝေထက် သေဆုံးခဲ့သည်။

အကောက်ခွန် ဒု-ဦးစီးမှူး ဦးသိန်းဇော်ထွန်းအပါအ၀င် စုစုပေါင်းလေးဦးတို့ မှာ သေနတ်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ ထိုဖြစ်စဉ်အား မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ ပ/၂၇၁ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် တပ်သား ထွန်းလှအား အရေးယူထားကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်မှူး ဒု-ရဲအုပ် အောင်မျိုးခိုင်က မဇ္ဈိမကို အတည်ပြုပြောသည်။

(မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis