menu

Thursday 7 November 2013

တရုတ် ကွန်မြူနစ်ပါတီ ဌာနချုပ်အနီး ဗုံးပေါက်ကွဲ

Photo: တရုတ် ကွန်မြူနစ်ပါတီ ဌာနချုပ်အနီး ဗုံးပေါက်ကွဲမှု

ဘေဂျင်း၊ နိုဝင်ဘာ ၅

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်ဇီ ပြည်နယ် ကွန်မြူနစ်ပါတီ ဌာနချုပ် အနီး၌ ဘောစေ့လုံးများ ပါဝင်သည့် ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း တရုတ် ရဲတပ်ဖွဲ့ဝင်များ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။

“အသေးစား ဖောက်ပွဲရေး ပစ္စည်းတွေကြောင့် တန်ယန်ပါတီ ကော်မရှင် အနီးမှာ ပေါက်ကွဲမှုတွေ အများကြီးပေါ်ပေါက်လာ ပါတယ်” ဟု တရုတ်ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီပြည်နယ် ကွန်မြူနစ်ပါတီ ဌာနချုပ်အနီး ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု များကြောင့် လူတစ်ဦး ဒဏ်ရာ ရရှိသွားပြီး ကားနှစ်စီး ပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ ဒေသအနီးတွင် ဘောစေ့များ၊ လျှပ်စစ် ဆားကစ်များ၊ ဖောက်ခွဲရေး ပစ္စည်းများကို ရှာဖွေ တွေ့ရှိရကြောင်း တရုတ် အစိုးရပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။

လမ်းမဘေးရှိ ပန်းစိုက်ခုံများတွင် ဝှတ်ထားသည့် ပေါက်ကွဲရေး ပစ္စည်းများမှ တစ်ဆင့် ပေါက်ကွဲခြင်း ဖြစ်ကြောင်း တရုတ် အစိုးရပိုင် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ သော်လည်း မျက်မြင် တွေ့ရှိသူများကမူ မီနီဗင်ကား တစ်စီးမှ စတင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ကိုယ်တိုင် ထုတ်လုပ်ထားသည့် ဗုံးဖြင့် ဖောက်ခွဲခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များစေရန် ဖောက်ခွဲရေး ပစ္စည်းတွင် ဘောစေ့များ ထည့်သွင်းထားခြင်း ဖြစ်ကြောင်း Xinhua သတင်းဌာနက ဆက်လက် ဖော်ပြထားသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာမှ မီတာ ၁၀၀ အကွာတွင် ရှိသည့် ကားအစင်း ၂၀ ထိခိုက် ပျက်စီးသွားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။

ဘေဂျင်းမြို့တော် တီရန်မင် ရင်ပြင်ရှိ လူအုပ်တွင်းသို့ ကားဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင့် နိုင်ငံခြား ခရီးသွားနှစ်ဦး သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ပါတီဌာနချုပ်အနီး ပေါက်ကွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လူအုပ်စုတွင်းသို့ မောင်းဝင်ခဲ့သည့် ကားအတွင်းမှ လူသုံးဦးက မော်တော်ကားကို မီးရှို့ခဲ့သဖြင့် ၎င်းတို့လည်း သေဆုံး ခဲ့သည်။ 

ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ် ဖြစ်သည်ဟု တရုတ် အာဏာပိုင်များက ပြောကြားခဲ့ပြီး ရှင်ကျန် ပြည်နယ်ရှိ အရှေ့တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှု အဖွဲ့နှင့် အဆက်အသွယ် ရှိသူများ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။

တရုတ်နိုင်ငံ ဘေဂျင်း မြို့တော်၌ ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များ လာမည့် ရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးရန် စီစဉ်နေချိန်တွင် ပါတီ ဌာနချုပ်အနီး ပေါက်ကွဲမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis