menu

Thursday 7 November 2013

ကမ္ဘာကျော် လူပြော အများဆုံး ၅၉(စ)

per_kbklp_HAK

“၅၉ (စ) လို့ ပြောလိုက်တာနဲ့ ကလေးက အစ အမေရိကန်သမ္မတ အဆုံး တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးကပါ သိနေကြတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်ပြီး ပုဒ်မခွဲများလည်း ရှိပါသေးတယ်။ ကျန်တာကို အလွတ်မရရင်သာ ရှိရမယ်။ ၅၉ (စ) ဆိုလို့ကတော့ ကြိုက်တဲ့သူ မေးကြည့်ပါ။ ဇာဂနာ ပြက်လုံး ထုတ်ခဲ့ဖူး သလိုပေါ့ ‘သိနေတယ်လေ’။”
ယနေ့ အနေအထားအရ ပြောရရင်တော့ ‘သိနေတာက လွယ်တယ်။ ပြင်ရမှာက ခက်တယ်’ လို့ ပြောရမယ့် အခြေအနေပါ။ ပြင်လိုသူတွေက လွှတ်တော်ပြင်ပမှာ ဘယ်လောက်ပင် ရှိနေပါစေ။ ပြင်ရမှာက လွှတ်တော်တွင်းကသာ။ ပြင်နိုင်ဖို့ ဆိုတာကလည်း လွှတ်တော်တွင်းမှာ ၇၅ ရာခိုင်နှုန်းရဲ့ အထက်က ပြင်လိုတဲ့ဆန္ဒ ရှိရမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်ခွင့် ရှိသူအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်လို့ရမှာ ဖြစ်နေပါတယ်။
ကမ္ဘာမှာ ပြင်ဆင်ရန် အခက်ခဲဆုံး မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးထဲက ကမ္ဘာကျော် လူပြောအများဆုံး ၅၉(စ) ပုဒ်မကို ဘယ်လိုရအောင် ပြင်ဆင်နိုင်မလဲ ဆိုတာ သိပ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကမ္ဘာကလည်း လည်တဆန့်ဆန့်နဲ့ ကြည့်နေကြမယ့် ကိစ္စမို့ပါပဲ။
‘ဒီမိုကရေစီလား၊ ဒီလိုကရေစီလား’ ဆိုတဲ့ မေးခွန်းကို ဖြေဖို့ လိုအပ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ဗျူရိုကရေစီ မဟုတ်တာကတော့ သေချာပါတယ်။ ဗျူရိုကရေစီ စနစ်ကနေပြီး ဒီမိုကရေစီ စနစ်ကို ပြောင်းတယ်လို့ ဆိုရာမှာ ပြောင်းရွှေ့တဲ့ ဒီမိုကရေစီကို အမှန်တကယ် ရောက်ရှိ သွားပြီလား ဆိုတော့ ဘယ်သူကမှ ရောက်ပြီလို့ တပ်အပ် သေချာ ပြောရဲသူ မရှိသေးပါဘူး။
ဒါဆိုရင် အလယ်မှာ ‘ဒီလိုကရေစီစနစ်’ ကြားခံပြီး အုပ်ချုပ်နေတာ လို့ပဲ ဆိုရပါတော့မယ်။ ဒီစနစ်ရဲ့ အပြစ်ဟာ ဖွဲ့စည်းပုံမှာ ရှိပါတယ်။ လက်ရှိ အစိုးရကို ထောက်ပြလို့တော့ မရပါဘူး။ ဖွဲ့စည်းပုံရဲ့ ဒီမိုကရေစီ စံနှုန်းတွေ မပြည့်စုံမှုကြောင့် တရားဥပဒေနဲ့ မိဘပြည်သူ၊ လွှတ်တော်နဲ့ အစိုးရ၊ လုပ်မရ ကိုင်မရ ပွတ်တိုက် နေကြရတာဟာ သက်သက်မဲ့ ဇွတ်မိုက် နေကြတာ မဟုတ်ပဲ ဖွဲ့စည်းပုံရဲ့ အလွဲတွေကြောင့်သာ ဖြစ်နေတယ် ဆိုတာ ပညာရှင်တွေက ထောက်ပြလာ နေကြပါတယ်။

၅၉ (စ) ကတော့ နိုင်ငံသား တစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးနဲ့ ပတ်သက် နေပါတယ်။ ဖွဲ့စည်းပုံ ရေးဆွဲစဉ် ကာလမှာ ‘နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်’ လို့ အစိုးရ သတင်းစာထဲမှာ နေ့စဉ်ပဲ မျက်နှာဖုံး၊ စာမျက်နှာကနေပြီး ဖော်ပြ ပေးနေတာပါ။ (တစ်ဖက်ကတော့ ‘ရေးဆွဲတဲ့ ညီလာခံကို ဝေဖန်ရင် ထောင်ဒဏ်’ တဲ့။)
တကယ် ရေးဆွဲရာမှာတော့ နိုင်ငံသား တစ်ယောက်ရဲ့ အများပြည်သူ ဆန္ဒအရ သမ္မတ ဖြစ်နိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ ၅၉ (စ) ကို ပြဋ္ဌာန်း လိုက်ပါတော့တယ်။ ပုဒ်မ ၃၈ (က) မှာ ‘နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြောက်ခံပိုင်ခွင့် ရှိသည်’ လို့ နိုင်ငံတကာ အဆင့်မီပဲ ပြဋ္ဌာန်းထားလို့ ဒီအထိတော့ အခြေခံမှာ မျှတမှု ရှိပါတယ်။
ဒါပေမဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို ရောက်ခါမှ ၅၉ (စ) မှာ ‘မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း’နဲ့ အစပြုကာ ဇနီး၊ ခင်ပွန်း၊ သား၊ သမီးများဟာ တိုင်းတစ်ပါး၏ နိုင်ငံသားများ၊ မဖြစ်စေရလို့ ကန့်သတ်လိုက်တဲ့အခါ ပြည်သူများဟာ နိုင်ငံ ကိုယ်စားပြုသူကို တင်မြှောက်ဖို့၊ ကျယ်ပြန့်တဲ့ ရွေးချယ်ခွင့်တွေ ဆုံးရှုံးသွားရ ပါတော့တယ်။
ဒီနေရာမှာ အမေရိကန် ဖွဲ့စည်းပုံပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်နဲ့ နှိုင်းယှဉ် ဖော်ပြရရင် (က) နိုင်ငံသားဖြစ် (ခ) အသက် ၃၅ နှစ်ပြည့် (ဂ) ပြည်တွင်းမှာ ၁၄ နှစ် ဆက်တိုက်နေရင် သမ္မတအဖြစ် အမေရိကန် နိုင်ငံသားတွေဟာ စတင် စိတ်ကူးယဉ်လို့ ရနေပါပြီ။ ကိုကျော်သူ ရေးတဲ့ ‘ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်’ ဆိုတဲ့ စာအုပ်လို ပဲပေါ့။ ခုတော့ ဒီလို မဟုတ်ပြီ။
ဒီမှာတော့ ‘စလုံးတွေ၊ ဆလိမ်တွေ’ ကို ‘ဘကုံးတွေ၊ ဘလိမ်တွေ’ က ထပ်မံ ထည့်သွင်း ရေးဆွဲထား ခဲ့လေတော့ ‘သူမ သမ္မတမဖြစ်ရေး (ဘ) အရေး’ ဆိုတာလို ဖြစ်နေပါတယ်။ ဒီကြားထဲမှာပဲ (ဃ) စစ်ရေးအမြင် ရှိရဦးမယ် ဆိုပြန်တော့ ‘ကြံကြံဖန်ဖန် ရန်ကုန်သူ’ သီချင်းဟာ ‘ကြံကြံဖန်ဖန် ရန်လိုသူ’ သီချင်းကို ရှုံးသွား ရပါတော့တယ်။ ကျွန်တော်တို့ ဘယ်လို လုပ်ရပါ့။
နိုင်ငံရေးပညာရှင် ဆိုသူတွေက ‘ဖြစ်နိုင်တာကို လုပ်တာ နိုင်ငံရေးပါ’ တဲ့။ နပိုလီယန်ကတော့ ‘မဖြစ်နိုင်တာမရှိ၊ မဖြစ်သေးတာပဲရှိ’ သတဲ့။ ပညာရှင် တချို့ကတော့ ‘ဖြစ်သင့်တာကို ဖြစ်အောင်လုပ်တာ နိုင်ငံရေး’ ပါတဲ့။ ဒါဆိုရင် ဖြစ်သင့်ပါလျက်နဲ့ မဖြစ်နိုင်ပါဘူးလို့ အကြောင်းပြပြီး ဒီအရေးကို မလုပ်ရတော့ ဘူးလား။ နိုင်ငံရေးဆိုတာ ခြောက်ဖို့လား၊ မြှောက်ဖို့လား၊ လျှောက်ဖို့လား။
တစ်ခါတစ်ခါ တွေးမိတာ ရှိပါတယ်။ ဖွဲ့စည်းပုံကို သွားမထိနဲ့၊ တပ်ကို သွားမထိနဲ့၊ တော်ကြာ နောက်ကြောင်းကို ပြန်လှည့် သွားလိမ့်မယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။
တပ်က ကာယကံရှင်တွေ ကိုယ်တိုင်က ‘ကျွန်တော်တို့ ဒီမိုကရေစီကို သွားနေပါပြီ။ ကျွန်တော်တို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချ နေပါပြီ။’ လို့ အတိအလင်း ထုတ်ဖော်ပြောဆိုနေတဲ့ ကြားထဲမှာ ဒီလို ခြောက်လှန့်တဲ့ စကားတွေကို ပြောနေတာဟာ တပ်ကို မယုံကြည်ရာ၊ အထင်အမြင်သေးရာ၊ တပ်ရဲ့ စေတနာကို စော်ကားရာ ရောက်နေပါတယ်။
‘ကြက်တူရွေးက တော်တော်၊ မယ်ဘော်က ကဲ’ ဆိုသလိုပါပဲ။ တကယ် ရပ်တည်သင့်တာက ပြည်သူ့ ဒီမိုကရေစီ ဘက်တော်သား ပီသစွာနဲ့ ပြည်သူဘက်က ရပ်တည်မှု၊ အမှန်တရားဘက်က ထောက်ပြ ဝေဖန်မှု ရှိဖို့ပါပဲ။ ‘ခိုင်မာတဲ့ ဖွဲ့စည်းပုံဥပဒေ ဖြစ်ပေါ်လာရေး’ ဆိုတဲ့ ဆောင်ပုဒ်ကို မြင်ရင် ‘လူထုအတွက် ခိုင်မာတာလား။ လူတစ်စုအတွက် ခိုင်မာတာလား’ လို့ တွေးရ မေးရမှာပါ။
ဒီကနေ့ ၅၉ (စ) ကို “လူတစ်ယောက် အကျိုးအတွက် ပြင်မပေးနိုင်ဘူး” လို့ ငြင်းဆန်မှုတွေ ကြားသိ နေရပါတယ်။ ဒါဟာ လူတစ်ယောက် အတွက်လို့ ကျွန်တော် မထင်ပါ။ ဒီပုဒ်မကို ဖျက်သိမ်း ပေးလိုက်ရလို့ လူတစ်ယောက်ရဲ့ အကျိုးပဲ ရှိမယ်ဆိုရင် နိုင်ငံတကာမှာ ၅၉ (စ) လို အဖိုးတန်တဲ့ ပုဒ်မမျိုးကို ဘာလို့ ဒီနိုင်ငံမှာလို ထည့်သွင်း ရေးဆွဲ မထားတာလဲလို့ မေးခွန်းထုတ်ရ မှာပါပဲ။
‘၅၉ (စ) ဆိုတာ သူ့ကျွန်ဘဝကို ရောက်မသွားအောင် ကာကွယ်ထားတဲ့ ဥပဒေ’ လို့ လေချဉ် တက်သူလည်း ရှိပြန်ပါတယ်။ ပြည်သူတွေကို စစ်ကျွန်ဘဝ ပြန်မရောက်ရလေအောင် လမ်းပြ ရှေ့ဆောင်တဲ့စကား ပြောနိုင်ခဲ့ရင် ယနေ့ခေတ် အခြေအနေနဲ့ ပိုပြီး ဆီလျော်မယ်လို့ ထင်ပါတယ်။ ယနေ့ နောက်ကြောင်း ပြန်မှာကို ကြောက်နေကြတာဟာ ဘယ်ကျွန် ပြန်ဖြစ်မှာ စိုးလို့ပါလဲ။
ပြောချင်တာက ပြည်သူတွေဆိုတာ ဘာမှမသိတဲ့ လူတွေ မဟုတ်ပါဘူး။ ဘာမှမသိတဲ့ လူတွေကို၊ သိချင်ယောင် ဆောင်နေသူတွေကို၊ အိပ်ချင် ယောင်ဆောင်နေသူတွေကို၊ ဒေါင်းယောင် ဆောင်နေသူတွေကို၊ ရွေးကောက်ပွဲ နီးခါမှ လမ်းပြင်ပြနေသူတွေကို၊ လူတစ်ယောက်ကို တီရှပ်တစ်ထည်နဲ့ ငွေသား သုံးထောင်ပေးပြီး ကားပေါ် ခေါ်တင်သွားသူတွေကို ‘သိနေတယ်လေ’ ။
‘အမျိုးသား ပြန်လည် သင့်မြတ်ရေး’ တည်ဆောက်နေချိန်မှာ မိမိပြောတဲ့ စကားတစ်ခွန်းဟာ သင့်မြတ်ရေးနဲ့ ငြိနေလား၊ ထိနေလား သိဖို့လည်း လိုအပ်နေတာပါ။ ဒီအမြင်မျိုးတွေ ရှင်သန်နေတဲ့ ကြီးနှစ်ကြီးကတော့ “သူမ သမ္မတ မဖြစ်ရအောင် ကန့်သတ်ထားတဲ့ ဥပဒေကို ပယ်ဖျက်ပေးမယ်” “ပြည်သူတွေက သူမကို သမ္မတ ဖြစ်စေလိုတဲ့ ဆန္ဒ ရှိနေကြရင် ကျွန်တော် မငြင်းပါဘူး။ လက်ခံပါတယ်” လို့ ပြည်တွင်း ပြည်ပတွေမှာ ပြောခဲ့ ကြတာပါ။ ဒီလို ပြောသူတွေကို ကျွန်တော်တို့ လေးစားရမှာပါ။ သိသိကြီးနဲ့ သက်သက်မဲ့ ညစ်ပြနေသူကိုတော့ အလေးထားလို့ မရပါ။
မိဘ ပြည်သူတွေထဲက ကျွန်တော့်မိတ်ဆွေ တစ်ယောက်ရဲ့ စကားလေးကို တစ်ဆင့် ဖောက်သည်ချ လိုပါတယ်။ “တို့ပြည်သူတွေဟာ ဘယ်တော့မှ မိုးပေါ် ထောင်မပြောဘူး။ ပြောရင် တည့်တည့် ပြောတယ်။ မှန်အောင် ပြောတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲ ရောက်ရင်တော့ လူလူသူသူ မလုပ်ဘဲ ပြည်သူကို ထူထူပူပူ၊ ငြူငြူစူစူ လုပ်နေတဲ့သူတွေ မသက်သာဘူးသာ မှတ်ကြပေတော့” တဲ့။ ၈၈ တုန်းက အာဏာရှင်ကြီးရဲ့ စကားကို စာမြှောင် ကပ်ထားပုံကတော့ ပီပြင်လှပါပေ့။
ဒီမိုကရေစီ စနစ်အောက်မှာ ဖွဲ့စည်း ဖြစ်ပေါ်နေတဲ့ ပါတီတွေဟာ ပြည်သူတွေရဲ့ ဆန္ဒတွေ ရင်ခုန်သံတွေနဲ့ ထပ်တူကျနေဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ပြည်သူ့ ထောက်ခံမှုကို ရရှိမှာ ဖြစ်သလို ပြည်သူနဲ့ ကင်းကွာနေရင်လည်း ပြည်သူရဲ့ ဒဏ်ခတ်ခံ ဘဝကို ကျရောက်သွားတတ် ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အတိုက်အခံ နှစ်ဖက် မဲသိပ်ပြီး မကွာတာက ပြည်သူအပေါ်မှာ တန်ဖိုးထား လေးစားမှုမှာလည်း မကွာလို့သာ အပြတ်အသတ် အနိုင်အရှုံး မဲရလဒ်ရယ်လို့ ထွက်ပေါ် မလာတာပါပဲ။ မြန်မာပြည်မှာတော့ ဖြူတဲ့သူကို အတင်းလိုက် မဲဖို့သာ ကြိုးစားနေကြတော့ မင်းသား ကောင်းစားအောင် ပုဏ္ဏား လုပ်ပေးနေသလို ဖြစ်နေပါတယ်။ သတိထားရမယ့် ကိစ္စပါ။
တစ်ယောက်တည်း ပြေးပြီး ပထမ စွဲခဲ့တဲ့ နှစ် ၅၀ ပွဲစဉ်ကြီးကို အစွဲထားကာ မကျေနပ်ရင် စစ်တပ် အာဏာသိမ်းတာက ပြန်စမယ်ဆိုတဲ့ စိတ်ဓာတ်တွေဟာ ဒီခေတ်နဲ့တော့ သိပ်မဟပ်တော့ပါဘူးလို့ ပြောချင်ပါတယ်။ ၁၉၆၂ တုန်းက အာဏာ သိမ်းခဲ့တာပါ။ ၁၉၈၈ တုန်းက အာဏာ ထိန်းခဲ့တာပါ။ ၂၀၁၅ ဆိုတာ အာဏာကို မထိန်းသိမ်းဘဲ ချိန်းပြီး ပေးလိုက်မယ့်နှစ် ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၆၂ ပြည်သူနဲ့ ၈၈ ပြည်သူဟာ ၂၀၁၅ ပြည်သူ မဟုတ်လို့ပါပဲ။
ပြည်သူတွေ ဖြစ်စေချင်တာက သိက္ခာရှိတဲ့ ဖွဲ့စည်းပုံ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ပါတီဝင်တွေနဲ့ သိက္ခာရှိတဲ့ အနိုင်အရှုံး ရလဒ်တွေကို ပါပဲ။ သိက္ခာရှိတဲ့ အရှုံးဟာ သိက္ခာမဲ့တဲ့ အနိုင်ထက်ပိုပြီး တန်ဖိုး ရှိတယ်လို့ နိုင်ငံကြီးသား ပီသတဲ့ ပါတီတွေက လက်ခံထားကြ ပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ သူရဲကောင်း ရွှေဘကို လူကြမ်း ကျော်ဇောကြီးက ထိုးရင် ရုပ်ရှင် ပရိသတ်တွေက ပိတ်ကားပေါ် ခဲမိုးရွာ ပစ်ကြတော့တာပဲ။ ရွှေဘကို မထိနဲ့တဲ့။ ငယ်ငယ်တုန်းကပါ။
၅၉ (စ) ဆိုတာကို ပြင်ဦးမှာလား ဆိုတဲ့ အဖြေကတော့ ‘မကြာမီ လာမည်။ မျှော်’ လို့ပဲ ပြောရတော့မှာပါ။ အနိုင်ရ ပါတီဝင် အများစုရဲ့ သဘောထား၊ တပ်မတော်ရဲ့ သဘောထားတွေဟာ ပြည်သူတွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်း ကျ မကျ စောင့်ကြည့် နေကြမှာကတော့ သေချာလှပါတယ်။ တစ်ဆက်တည်း တွေးကြည့်မိတာက အကယ်၍ ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းရ မမှန်းမသိဘဲ လျစ်လျူရှုမြဲ ရှုနေဦးမယ် ဆိုရင်တော့ ကမ္ဘာကျော် လူပြော အများဆုံး အားလုံးရှုံး၊ အားလုံးနိုင် ရွေးကောက်ပွဲကြီးကို ပြည်သူနိုင်၊ ဒီလူ ရှုံး ဆင်နွှဲကြရဦးမှာ ဖြစ်ပါကြောင်း။
ဌေးအောင်ကို
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis