menu

Thursday 7 November 2013

လျှပ်စစ်ဓာတ်အားခနှုန်းတွေ ပြန်လျှော့နိုင်ဖို့ လွှတ်တော်ကြိုးပမ်းမည်

မဇ္ဈိမသတင်းဌာန| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၇ ရက် ၂၀၁၃ ခုနှစ်

နိုဝင်ဘာလတွင် မီတာခများတိုးမြှင့်ကောက်ခံရန် ကြေငြာပြီးနောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချနိုင်ရေး ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးအဆိုတင်သွင်းထားပြီး နိုဝင်ဘာလ ၈ရက်နေ့ အစည်းအဝေးတွင် ဆွေးနွေး နိုင်မည်ဟု မျှော်လင့်ထားကြောင်း အဆိုရှင် ဦးအေးမောက်က မဇ္ဈိမကို ပြောသည်။

“မနက်ဖြန်မနက်အစောတော့သိမှာပဲ၊ အစည်းအဝေးအစီအစဉ်မှာ ပါတယ်မပါဘူးဆိုတာကလေ၊ ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင်က လိုလိုလားလားခွင့်ပြုထားတယ်”ဟု ၄င်းက ဆိုသည်။ ယင်းကို “လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့်ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ မလိုလားမှုနှင့် ပြည်သူ့အသံများ အတွက် ဆောင်ရွက်ရန် ”ဟု လွှတ်တော်သို့ အရေးတကြီးအဖြစ် အဆိုတင်သွင်းထားသည်ဟု ဦးအေးမောက် က အသိပေးသည်။

လျှပ်စစ်မီတာခတိုးမြှင့်ခြင်းကို ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အောက်တိုဘာလ ၂၅ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နိုဝင်ဘာလတွင် စတင်ကောက်ခံမည်ဖြစ်သည်။ ထိုသို့ တိုးမြှင့်မှုကို ကန့်ကွက်သော ဆန္ဒပြပွဲ များ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြပြီးနောက် ပြည်ထောင်စုလွှတ်တော်က ယင်းသို့ ဆောင်ရွက်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်လိုက်ခြင်းသည် ပြည်သူများအပေါ် ၀န်ထုတ်ဝန်ပိုးဖြစ်စေသည်ဟု ယုံကြည်သကဲ့သို့ အစိုးရ၏ ငွေရေးကြေးရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများမှားယွင်းနေမှုကို ထောက်ပြ ဆွေးနွေးလို၍ ဖြစ်သည်ဟု ၄င်းကရှင်းပြသည်။

ဦးအေးမောက်က“လျှပ်စစ်ဓာတ်အားချပေးတာပဲဖြစ်ဖြစ်၊ တိုးမြှင့်တာပဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးဖို့လိုတယ်၊ တစ်ကယ်တော့ တိုးတယ်လျော့တယ် ငွေရေးကြေးရေးကိစ္စတွေဆိုတာက ဘဏ္ဍာရေးနှစ်အစမှာလုပ်ရတာ၊ ခုဟာက ဘဏ္ဍာနှစ်အလယ်မှာ ကိုးလို့ကန့်လန့်ကြီးဖောက်လုပ်တော့ ပြည်သူ့အတွက်လည်း နာတယ်။ အစိုးရမှာလည်း စာရင်းရှုပ်တယ်၊ အဲဒါကို အဓိကထားပြောသွားမှာပါ” ဟု အသိပေးသည်။

၎င်းအနေဖြင့် ဓာတ်အားခဈေးနှုန်းများကို မည်သည့်အတွက် တိုးမြှင့်ကောက်ခံခဲ့သည်ကို သက်ဆိုင်ရာသို့ မေးမြန်းမည်ဖြစ်ပြီး တွေ့ရှိထားသည့် လျှော့ချရန်နည်းလမ်းများကို တင်ပြဆွေးနွေးသွားမည်ဟု ပြောသည်။ မြန်မာနိုင်ငံတွင် နည်းပညာအမှားအယွင်းကြောင့် ဆုံးရှုံးမှုများ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းများကြောင့် ဆုံးရှုံးနေရသည့် လျှပ်စစ်ဓာတ်အားများကို ကာမိစေရန် ကြိုးပမ်းနိုင်လျှင် ဓာတ်အားခများ တိုးတက်ကောက်ခံရန် လိုတော့မည်မဟုတ်ဟု ဦးအေးမောက်က သုံးသပ်သည်။

တိုးမြှင့်လိုက်သည့် ဓာတ်အားခနှုန်းထားများမှာ အိမ်သုံး တစ်ယူနစ်မှ ယူနစ် တစ်ရာအထိ တစ်ယူနစ်လျှင် ၃၅ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှစ၍ တစ်ယူနစ်လျှင် ၅၀ကျပ်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ စက်မှုလုပ်ငန်းသုံး ဓာတ်အားခများ ကိုလည်း တိုးမြှင့်လိုက်ပြီး တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိ တစ်ယူနစ်လျှင် ၁၀၀ကျပ်နှုန်း၊ ၅၀၀၁ ယူနစ်မှ စတင်၍ တစ်ယူနစ်လျှင် ၁၅၀နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု သတင်းထုတ်ပြန်ထားသည်။
Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis