menu

Thursday 7 November 2013

လင်းခေးမြို့ ဆွမ်းတော်ပွဲမှ လူသတ်မှုဖြစ်ပွါး

၇ နိုဝင်ဘာ ၂၀၁၃

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ဝါကျွတ်ဆွမ်းတော်ကြီးပွဲ မှ ခိုက်ရန်ဖြစ် ပွါးကာ ရွာသားတဦးအား မှားယွင်းရိုက်နှက်မိသည့် လူငယ်များအနက် တချို့အား ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း လင်းခေးမြို့ မြို့နယ်ရဲစခန်းကပြောပါသည်။

“ဒီ ရန်ဖြစ်တဲ့လူငယ်တွေက ဒီ နှစ်ယောက်တည်းမက ပါဘူး။ အဖွဲ့ဝင်တွေရှိနေပါသေးတယ်။ အခု ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျနော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်” - ဟု လင်းခေးမြို့ရဲစခန်းမှ တာဝန်
ကျရဲတဦးက ဖြေကြားပါသည်။

ပြီးခဲ့သည့်လ အောက်တိုဘာ ၂၄ ရက် ညက လင်းခေးမြို့လယ်ကျောင်းတိုက်သို့ ရပ်ကွက်အလှည့်ကျ ဆွမ်းတော်ကြီးပို့သည့်ပွဲကျင်းပရာ မြို့တွင်းလူငယ်တစု အချင်းချင်းစကားများ ခိုက်ရန်ဖြစ်ပွါးပြီး တချို့ မှာ ထွက်ပြေးကြောင်း၊ တချို့ကနောက်မှလိုက်ကြောင်း၊ ထို့စဉ် လျှပ်စစ်မီးမရှိသော လမ်းကြားထဲ ရောက်သွားစဉ် ပွဲသွားမည့် မြို့ဦးရပ်ကွက်မှ ရပ်ကွက်သား ဦးဇောတိက ဆိုသူအား မှားယွင်းရိုက်နှက် ခဲ့ကြောင်း အမည်မဖော်လိုသည့်အဆိုပါ ပြည်သူ့ရဲက သျှမ်းသံတော်ဆင့်အား ရှင်းလင်းပြောပြသည်။

“ကြားကနေ ဓါးစာခံထိသွားတဲ့ ဦးဇောတိက ကအသက် ၄၁ နှစ်လောက်ရှိပါပြီ။ သူအရိုက်ခံရပြီးပြီးချင်း ဆေးရုံပို့ပါတယ်။ နောက်တနေ့တော့ ဆုံးသွားပါရော။ ရန်ဖြစ်တဲ့ကလေး ၂ ယောက်ကိုတော့ ကျနော်တို့ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ သူတို့ရဲ့ ကျန်တဲ့ အဖော်တွေကိုလဲ ကျနော်တို့ ဆက်လက်စုံစမ်း နေဆဲဖြစ်ပါ တယ်။ တရားဥပဒေအတိုင်း အမှုဖွင့်အရေးယူသွားမှာပါ” - ဟု အဆိုပါရဲက ဆိုပါသည်။

သေဆုံးသူ ဦးဇောတိကမှာ မူးယစ်သောက်စားမှုနှစ်သက်သူဖြစ်ကြောင်း ၊ အခင်းဖြစ်ပွါးစဉ်တွင်လည်း မူးနေကြောင်း၊ လင်းခေးမြို့တွင် အဆိုပါ ရိုက်နှက်သတ်ဖြတ်သည့် အမှုမျိုး မရှိခဲ့ဖူးသလောက် ရှားပါးကြောင်း မြို့နယ်ရဲ စခန်းမှူးမှ အတည်ပြုပြောဆို ပါသည်။

လင်းခေးမြို့နယ်သည် ဝိပဿနာ ကမ္မဌာန်း သာသနာထွန်းကားသည့်မြို့ဖြစ်သည်နှင့်အညီ ယခင်က အဆိုပါအမှုမျိုးမရှိခဲ့ဖူးကြောင်း ဒေသတွင်းလူထုက ပြောဆိုပါသည်။


ယခု ခိုက်ရန်ဖြစ်ပွါးကြသော လူငယ်များအားလည်း မြို့နယ်ရဲစခန်းက ပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့်ထားသည် ဟု လင်းခေးမြို့ မြို့နယ်စခန်းမှူး ကပြောဆိုပါသည်။

သျှမ်းသံတော်ဆင့်/ ယိင်းအုမ်မွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis