Written by ညီအောင်ညီ
''များစွာသော ခပ်သိမ်းသူ အပေါင်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ
ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏
မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ လက်ယာလက်ဖြင့် ဆန်စပါး ရိက္ခာကို ပေးအံ့။ ငါ၏
လက်ဝဲလက်ဖြင့် ၀တ်စားတန်ဆာကို ပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌
နှစ်သိမ့်စေ သကဲ့သို့ ငါသည်လည်း တိုင်းသူ ပြည်သားတို့ကို နှစ်သက်စေအံ့။''
အထက်ပါ
စာသားများသည် ကျန်စစ်သားမင်းကြီး ရေးထိုးထားခဲ့သော ရွှေစည်းခုံဘုရား
ကျောက်စာ ဖြစ်ပါသည်။ ထိုကျောက်စာကို ဖတ်မိသူတိုင်း ကျန်စစ်သား
မင်းတရားကြီး၏ ပြည်သူ ပြည်သားများ အပေါ်တွင် ထားရှိသော မေတ္တာကရုဏာတို့ကို
ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။
ရွှေစည်းခုံဘုရား
ကျောက်စာကို ဖတ်မိမိချင်း ကျန်စစ်သား မင်းကြီးကို လွမ်းသလို ဖြစ်လာခဲ့သည်။
စစ်ပွဲ၊ တိုက်ပွဲများကြောင့် သားကွဲ၊ မယားကွဲ ဖြစ်နေသည့် သူတွေ၊ မိတကွဲ၊
ဖတကွဲ မိမိနေရပ်ကို မပြန်နိုင်သေးသည့် သူတွေ မိမိရပ်ရွာကို စွန့်ခွာပြီး
ထွက်ပြေးနေရသူတွေ၊ နေရပ်မဲ့ လူသားတွေ မြန်မာပြည်မှာ အများကြီး ရှိနေလေသည်။
ထိုသို့သော ဒုက္ခသည် လူသားများ တိုင်းသူပြည်သားများ၏ ဆင်းရဲဒုက္ခ
အခက်အခဲများကို မည်သို့ဖြေရှင်း ပေးကြမည်နည်း။ ထိုသူများ၏ အတိုင်းမသိ
မျက်ရည်တွေကို မည်သို့ အားပေးနှစ်သိမ့် ပေးကြမည်နည်း။ ကျန်စစ်သား
မင်းတရားကြီးကို လွမ်းမိပါသည်။ တမ်းတမိပါသည်။
''ငါ၏ လက်ယာလက်ဖြင့်
ဆန်စပါး ရိက္ခာကို ပေးအံ့'' ဟု ကျန်စစ်မင်းကြီးက မော်ကွန်းထိုးခဲ့ပြန်တော့
ကျန်စစ်မင်းကြီးကို လွမ်းမိပြန်သည်။ ပို၍ပို၍ လွမ်းမိပါတော့သည်။
ကျွန်တော်တို့ နိုင်ငံမှာ လယ်ယာမြေ ပြဿနာတွေက အများကြီး ရှိနေသည်။
တော်ကြာပေးသည်။ တော်ကြာ ပြန်သိမ်းပြန်သည်။ ဟိုနေရာမှာ လယ်သမားတွေ၊
ဒီနေရာမှာ လယ်သမားတွေ၊ သူတို့လယ်မြေများကို ပြန်တောင်းနေကြရသည်။ လယ်မြေ၊
ယာမြေ မရှိလျှင်၊ သိမ်းသွားလျှင် လယ်သမား၊ ယာသမားများ ဘာလုပ်စားကြမည်နည်း။
သူတို့ဘ၀အတွက် မည်သို့ရပ်တည် ကြမည်နည်း။ လယ်သမား၊ ယာသမားတို့၏ ပြဿနာများကို
မြင်ရ၊ ကြားရ၊ ကြုံတွေ့ နေရပြန်တော့ ကျန်စစ်သား မင်းတရားကြီးကို
လွမ်းမိပြန်သည်။ တမ်းတမိပြန်ပါသည်။
တိုင်းသူပြည်သားများ၏
အခက်အခဲတွေက များစွာရှိနေခဲ့သည်။ ကျွန်တော်တို့ ကိုယ်တိုင်
လက်လှမ်းမမီခဲ့သော ခေတ်ကာလများကလည်း အခက်အခဲ၊ အကျပ်အတည်းတွေက ရှိနေခဲ့သည်။
လက်ရှိ ကျွန်တော်တို့ လက်လှမ်းမီသမျှ ဖြတ်သန်းနေရသော ခေတ်ကာလ ကြီးမှာလည်း
အခက်အခဲ၊ အကျပ်အတည်းတွေက များစွာ ရှိနေခဲ့သည်။ အခက်အခဲတွေက နေရာတိုင်းမှာ
ရှိခဲ့သည်။ ကျွန်တော်တို့ ပြည်သူပြည်သားတွေ အခက်အခဲ အကျပ်အတည်း တွေကြားက
မြန်မြန်လွတ်မြောက် စေချင်ပြီ ဖြစ်လေသည်။ တိုက်ပွဲတွေ ပဋိပက္ခတွေ ကြားထဲက
မြန်မြန်လွတ်မြောက် ချင်ပြီဖြစ်ပါသည်။ မိခင်က သားငယ်ကို ရင်ခွင်မှာထား၍
နှစ်သိမ့်သကဲ့သို့ တိုင်းသူပြည်သားများကို နှစ်သိမ့်ပေးမည့် ကျန်စစ်သား
မင်းကြီးကို လွမ်းနေမိခဲ့ပါသည်။
လွန်ခဲ့သော ၁၀ နှစ်ခန့်က သီတဂူ
ဆရာတော်ကြီး ဖြေကြားထားသော သီရိဓမ္မာသောက မင်းကြီး၏ ခံယူချက်များ
အကြောင်းကို စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ရဖူးပါသည်။ သီရိဓမ္မာသောက မင်းကြီးသည်
တိုင်းပြည်အကျိုး၊ ဘာသာ၊ သာသနာ အကျိုးအတွက် ''နွားလိုသည်းခံ'' ပြီး
ရုန်းကန်နိုင်ဖို့ ''နွားလားဥသဘရုပ်''။ မြင်းလိုလျင်မြန်စွာ ဆောင်ရွက်ဖို့
''သိန္ဓောမြင်းရုပ်''။ အင်ပြည့် အားပြည့် ဆောင်ရွက်နိုင်ဖို့ ''ဆင်ရုပ်''။
တိုင်းပြည်အန္တရာယ် အသွယ်သွယ်ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ''ကေသရာဇာ
ခြင်္သေ့ရုပ်'' ထို နွားရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်၊ ခြင်္သေ့ရုပ် များကို
ထိုခေတ် ထိုအခါက''ထင်ရှားသည့် နေရာများ'' တွင် ကျောက်တိုင်များ ပေါ်တွင်
စိုက်ထူထားခဲ့သည်ဟု ဖတ်ခဲ့ မှတ်ခဲ့ ရဖူးပါသည်။
သီရိဓမ္မာ
သောကမင်းကြီး အနေဖြင့် တိုင်းပြည်အကျိုး၊ ဘာသာသာသနာ အကျိုးအတွက်
နွားလိုသည်းခံပြီး ရုန်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ မြင်းလို လျင်မြန်စွာ
တိုင်းရေးပြည်ရေး ကိစ္စများကို ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ဆင်ကဲ့သို့
ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်ဟုလည်း အဓိဋ္ဌာန်ခဲ့သည်။ တိုင်းပြည်
အန္တရာယ်ကို ခြင်္သေ့ကဲ့သို့ သူရစိတ်၊ ၀ီရစိတ် အပြည့်ဖြင့် ကာကွယ်မည်ဟုလည်း
ခံယူထားခဲ့သည်။ ထိုသို့သော သီရိဓမ္မာ သောကမင်းကြီး၏ ခံယူချက်များကို
ဖတ်ရပြန်တော့လည်း ထိုမင်းကြီး၏ ခံယူချက်များကို လေးစားကြည်ညို မိပါသည်။
လက်ရှိပစ္စုပ္ပန် ကာလရှိ ကျွန်တော်တို့ မြန်မာပြည်ကြီးတွင်လည်း မေတ္တာ၊ ကရုဏာ
ကြီးမားသော သစ္စာအဓိဋ္ဌာန် မှန်မှန်ဖြင့် တိုင်းပြည်ကောင်းကျိုးကို
ဖော်ဆောင်ပေးသော ခေါင်းဆောင်ကောင်းများ လိုအပ်ပါသည်။ ပြည်သူများက
''တသသ''ဖြင့် လွမ်းနေရသော၊ အစဉ်ထာဝရ ချစ်မြတ်နိုးရသော၊ အမြဲထာဝရ
မမေ့နိုင်သော လူထုခေါင်းဆောင်များပေါ် ထွန်းလာပါစေ ဟုလည်း
မျှော်လင့်မိပါသည်။
သမ္ပတ္တိ (၄) ပါး အကြောင်းကို ဘုရားဟော
ကျမ်းစာများတွင် ဖတ်ခဲ့ရဖူးပါသည်။ ကရုဏာပညာ ရှိသောသူတို့ အုပ်စိုးသော
ကာလသည် ''ကာလသမ္ပတ္တိ''၊ သုဂတိ ကောင်းသောဘ၀၌ ဖြစ်ရခြင်းသည် ''ကတိသမ္ပတ္တိ''၊
ရုပ်ဆင်းအင်္ဂါ ပြည့်စုံခြင်းသည် ''ဥပဓိသမ္ပတ္တိ။ အသိလိမ္မာ ဥာဏ်ပညာနှင့်
သတိဝီရိယရှိခြင်း သည် ''ပယောဂသမ္ပတ္တိ'' ဟူ၍ သမ္ပတ္တိတရား လေးပါးရှိပါသည်။
''ကရုဏာပညာရှိသော'' သူတို့ အုပ်စိုးသော ''ကာလသမ္ပတ္တိ'' ကို ပြည်သူများက
လိုလားတောင့်တ ကြပါသည်။
ကျွန်တော်တို့ ခေါင်းဆောင်များ အနေဖြင့်
ဂရုဏာ ရှိကြရပါမည်။ ပညာရှိကြ ရပါမည်။ အနာဂတ်ကို မျှော်ကြည့်နိုင်သော
မျက်လုံးကောင်းများ ရှိကြရပါမည်။ အတိတ်ကို သင်ခန်းစာ ယူတတ်သော
အမူအကျင့်များ ရှိကြရမည်။ အမှားကို တာဝန်သိသိဖြင့် ခံယူတတ်၊ ၀န်ခံတတ်
ရပါမည်။ ပြည်သူအတွက်သာ ဦးထိပ်ပန်ဆင် ကြရပါမည်။
ကျန်စစ်သား
မင်းတရားကြီး၏ ကျောက်စာကိုဖတ်ပြီး ကျန်စစ်သား မင်းတရားကြီးကို
လွမ်းမိပါသည်။ သီရိဓမ္မာသောက မင်းကြီး၏ တိုင်းပြည်အပေါ် ထားရှိသော
ခံယူချက်များကို ဖတ်ရှုရပြီး ထိုသီရိဓမ္မာသောက မင်းကြီးကိုလည်း လွမ်းမိပါသည်။
ကျွန်တော်တို့တွေလည်း နောင်လာနောက်သား များအတွက် လွမ်းစရာ
သူရဲကောင်းများကို ချန်ထားခဲ့၊ မွေးဖွားခဲ့ရဦးမည် ဖြစ်လေသည်။ လွမ်းစရာ
သူရဲကောင်းများ ကျွန်တော်တို့ ခေတ်မှာ ပေါ်ထွန်းပါစေဟု ဆုတောင်းမိပါသည်။
Eleven Media Group
No comments:
Post a Comment