menu

Thursday 24 October 2013

မင်းလူ (သို့မဟုတ်) စာရေးဆရာတစ်ယောက်အကြောင်း

မင်းလူ ဆိုသည်မှာ စာရေးဆရာတစ်ယောက် ဖြစ်ပါသည်။

ထိုကဲ့သို့ ကျနော့်ဝါကျကို စတင်မည်ဆိုပါက အနည်းငယ် ဇဝေဇ၀ါဖြစ်သွားကြလိမ့်မည်ဟု ထင်သည်။  ဟာ ဘယ့်နှယ့်၊ မင်းလူက စာရေးဆရာမှန်း တို့သိတာပေါ့။ ဒီလောက် တိုင်းသိပြည်သိကြီးဟာပဲ။ ဒီလူ ဘာတွေ လာ ပြောနေပါလိမ့်။ ဘာများ ထူးဆန်းတာလိုက်လို့ ... ဟု ပြောချင်ကြပေလိမ့်မည်။

ဒါဆို ဒီလိုလေး ထပ်ပြောကြည့်ရအောင်။

စာရေးဆရာဆိုတဲ့ အမည်နာမအတွက် အကောင်းဆုံး အသင့်လျှော်ဆုံး နမူနာတစ်ရပ်ကို ထုတ်ပြပါဟုဆိုလျှင် ကျနော်တို့အစ်ကိုကြီး ကိုမင်းလူကိုပင် ထုတ်ပြရပါလိမ့်မည်။ ကျနော်တို့အစ်ကိုကြီးဆိုသည်မှာ ကျနော်တို့စာရေးဆရာများ၏ အစ်ကိုကြီး။

စာရေးဆရာဆိုသောဂုဏ်ဒြပ်အား အကောင်းဆုံး ထိန်းသိမ်းသူ။
စာရေးဆရာဆိုသည့် သိက္ခာတရားအတွက် အကောင်းဆုံးပြယုဂ်။

ယခု ထိုစာရေးဆရာစစ်ကြီးတစ်ယောက် ဆုံးပါး ခဲ့လေပြီ။ ကျနော်တို့ စာရေးဆရာများ ရင်ထဲတွင် စာပေသမားစစ်စစ်၏ စံပြုပုံစံအား ဆုံးရှုံးရခြင်းဟု တသစွာ ခံစား နေရပါလေသည်။

*   *   *



ကိုမင်းလူနှင့်ကျနော် စတင်သိကျွမ်းရသည်မှာ ကိုရဲဝင်း (နီကိုရဲ) က မိတ်ဆက်ပေး၍ ဖြစ်ပါသည်။ ကိုမင်းလူတို့အိမ် (သင်္ဃန်းကျွန်း အသင်းတိုက်မှတ်တိုင်ရှိ ယခင်အိမ်) ကို  ကျနော့်အား ကိုနီကိုရဲက ခေါ်ဆောင်သွားခဲ့၏။

အဲဒီတုန်းက ကျနော်က ကိုယ်တိုင်ရေးသားပါဝင်သော စာအုပ်လေးတစ်အုပ် စီစဉ်နေသည့်ကာလ။
စာအုပ် အမည်က ခေတ်ပေါ်ငါးယောက်တဲ့။
ဂျူး၊ မင်းလူ၊ ၀င်းဝင်းလတ်၊ နီကိုရဲ၊ သွန်းနေစိုး
တို့၏ စာမူများ ပါဝင်ကြသည်။

ဒေါ်ဂျူးဆီမှစာမူကို ဦးစိုးမြင့်သိန်းမှတစ်ဆင့် တောင်းရ၏။ ကိုရဲဝင်း (နီကိုရဲ) နှင့် ဒေါ်ဝင်းဝင်းလတ်ကိုတော့ ကိုယ်တိုင်ကြိုက်တာ တောင်းသည်။ ကြိုက်တာဆိုသည်က မဂ္ဂဇင်းပါ သူတို့စာမူများမှ ကျနော်ကြိုက်မိသည့် အပုဒ်ကို ထည့်သွင်းဖော်ပြပါရစေဟု တောင်းခြင်းဖြစ်သည်။

အဲဒီတုန်းက ကိုရဲဝင်းမှာလည်း လုံးချင်းထွက်ပင် မထွက်ရသေးပါ။

ကိုမင်းလူကတော့ ထိုအချိန်၌ နာမည်ရစာရေးဆရာကြီး မဟုတ်လား။
ကိုရဲဝင်းက ကိုမင်းလူဆီက တောင်းရင်ရော ဘယ်လိုနေမလဲဟု အကြံပေးသည်။

“ဟာ ကောင်းတာပေါ့ အစ်ကို၊ ဒါပေမဲ့ သူကပေးပါ့မလား”
“ငါနဲ့ ရင်းနှီးပါတယ်ကွာ၊ လာ သွားတောင်းကြတာပေါ့”

ဒီလိုနှင့်စာမူ သွားတောင်းတဲ့ဆီ ရောက်ရောဆိုပါတော့။ ကိုရူပဦးစီးသော လက်ဘက်ရည်ဆိုင်ကလေးကိုဖြတ်ပြီး သစ်သားနှစ်ထပ်အိမ်ဆီ ကျနော်တို့ သွားကြရသည်။

ထိုအိမ်ထောင့်တစ်နေရာရှိ သစ်ချောင်းများကြဲကြဲ ကာရံထားသော နံရံနောက်တွင် အမယ်ကြီးတစ်ဦးထိုင်နေသည်နှင့် စဆုံသည်။
ဆရာသော်တာဆွေ၏ စာများထဲတွင် ရင်းနှီးနေခဲ့သော အင်မတန်စိတ်သဘောထားကောင်းလှသည့် ကျောင်းဆရာမကြီးဟောင်းဖြစ်သူ ဆရာကြီးဦးသာဓု၏ဇနီးဒေါ်ညို ဖြစ်ပါသည်။
ကျနော်တို့ကို မေးမြန်းနှုတ်ဆက်ကာ ရင်းရင်းနှီးနှီးစကားတွေ ပြော၏။

ခဏကြာတော့ ကိုမင်းလူ အတွင်းခန်းတစ်ခုမှ ထွက်လာ၏။ ပိန်ပိန်ချောင်ချောင် မျက်နှာခပ်ရှည်ရှည်။ တည်တည်တင်းတင်း လူတစ်ယောက်။ ပြုံးလျှင် နှုတ်ခမ်းထောင့်ကွေးကာ မခို့တရို့ပြုံးတတ်၏။

ကိုရဲဝင်းကို လှမ်းနှုတ်ဆက်။ စကားအနည်းငယ်ပြောကာ ကျနော့်နှင့် မိတ်ဆက်ပေးတဲ့ဆီရောက်ရော ဆိုပါတော့။ စာမူတောင်းမလို့ပါဆိုပြီး ကျနော်ကြိုက်တဲ့စာမူတစ်ပုဒ် အမည်ပြောပြသည်။ အဲဒါလေး ကျနော်စာအုပ်ထဲ ထည့်သုံး ချင်ပါတယ်ဆိုတော့

“ဟာ ဘယ်ဖြစ်မလဲ” ... တဲ့။
စစချင်း ဆောက်နဲ့ထွင်း၊ တုတ်ထိုးအိုးပေါက် ငြင်းလိုက်ပုံက။

ခုနေပြန်တွေးကြည့်တော့ ထိုစဉ်က ကျနော်စာမူ တောင်းပုံမှာ တော်တော်မချေငံတာပဲ။

ဆရာ စာမူလေးတစ်ပုဒ်ချီးမြင့်ပါ မဟုတ်။
ကိုယ်ကြိုက်ရာစာမူကို ရွေးတောင်းသည်။ ကိုမင်းလူဆီက လိုချင်တာမရတော့ စိတ်ကောက်လိုက်သေး၏။

ကိုရဲဝင်း ... လာဗျာ၊ ပြန်ရအောင်။
ကိုရဲဝင်းကို အသာလက်တို့ခေါ်သည်။ ကိုရဲက လက်ကို ဆွဲထား၏။ ကိုမင်းလူကတော့ ရိပ်မိလိုက်ပုံမရ။ တစ်စုံတစ်ခုအား တွေးနေပုံရသည်။ အဲဒီတုန်းက ကျနော်က ရှိလှမှ ၂၀၀န်းကျင်ကလေး။ တကယ့်ကလေးစိတ်သက်သက်ရယ်ပါ။

ပြီးတော့မှ ကိုမင်းလူက အေးအေးရှင်းပြပါသည်။

ခင်ဗျားတောင်းတဲ့စာမူက အကြိမ်ကြိမ် သုံးပြီးသား ဖြစ်နေတယ်။ ပရိသတ်အနေနဲ့ ကျနော့်နာမည်ပါပြီး အဟောင်း ကြီး ပြန်ဖတ်ရတာမျိုး မဖြစ်စေ့ချင်ဘူး။

ကျွန်တော် ၀မ်းသာသွား၏။
“ဒါဆို အသစ်ရေးပေးပါလား အစ်ကို”
“ဟာ ဘယ်ဖြစ်မလဲ”

လာပြန်ပြီ ဒီစကား။ ဒီလူကြီးဘယ့်နှယ့် ပိဿလေးနဲ့ ဘေးပစ်ချည်းပြောနေရတာလဲ။ တော်တော်ခွကျတဲ့ လူကြီးပဲ။ စာပေနယ်တွင် ခွဆရာကြီးအဖြစ် နာမည်ကျော်သော ဆရာကြီးဦးသာဓု၏သားဖြစ်ကြောင်း ကျနော်အခိုက်အတန့် မေ့နေမိပါသည်။

ကျနော်ဘာပြောရမှန်းမသိ ဖြစ်နေစဉ်မှာပင် ကိုမင်းလူက တွေးတွေးဆဆ ထပ်မေးသည်။

“ခင်ဗျား အချိန် ရလား”
“ဟုတ်၊ ရပါတယ်။ ဒေါ်ဂျူးဆီကလည်း စာမူ တောင်းထားတုန်းပါပဲ။ ဒေါ်ဝင်းဝင်းလတ်ကလည်း ရေးတုန်း ပြောတယ်”
“ဟုတ်ပြီလေ ဒါဆို ကျနော့်လည်း ၁လလောက် အချိန်ပေးမလား။ ရေးဖို့ စဉ်းစားထားတဲ့ စာမူတော့ရှိတယ်”
“ဟာ၊ တစ်လကြီးတော့ မလုပ်ပါနဲ့”

ကျနော်ဈေးဆစ်သည်။ သို့သော် ကိုရဲဝင်းက ၀င်တွက်ပြ၏။ မင်း တခြားသူတွေဆီကလည်း စောင့်ရဦးမှာနဲ့ ကွန်ပြူတာစီရမှာနဲ့ ကြာမှာပဲ ... တဲ့။

တိုတိုပြောရရင် ဒီလိုနဲ့ ကိုမင်းလူဆီက စာမူတောင်း ဖြစ်ခဲ့ရောဆိုပါတော့။ ဒါသည်ပင်လျှင် မင်းလူဆိုသော စာရေးဆရာကြီးနှင့် သွန်းနေစိုးဆိုသော ထိုစဉ်က စာပေရူးကလေး၏ အတွေ့။

ဇာတ်ပျိုးဆိုပါတော့ ...


*   *   *

တကယ်တော့ ကိုမင်းလူကို သူ့ဟာသ စာတွေက စပြီး ရင်းနှီးနေခဲ့တာဖြစ်သည်။

အဲဒီတုန်းက ဆရာကောက် ဦးစီးသည့် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းကြီး၏ ရွှေခေတ်။ အဲဒီရယ်စရာရွှေခေတ်မှာမှ ကိုမင်းလူက အတောက်ပဆုံး ကြယ်။

ထိုမဂ္ဂဇင်းမှာပါသော သူ့စာမူများကို အပတ်တိုင်း ဖတ်ဖြစ်သည်။ အရမ်းလည်း သဘောကျခဲ့၏။ ဒါပေမဲ့ လူချင်းတွေ့တော့ သူက သူ့စာတွေလို မဟုတ်။ တစ်စက်ကလေးကမှ မရယ်ရ။

ဒါပေမဲ့ သူ့ကို ကျနော်ကြိတ်သတ်မှတ်နေမိတာရှိ သည်။ သူသည် တကယ့်ကို စာရေးဆရာ စစ်၏။

သူ့ဝတ္ထုတိုလေး တစ်ပုဒ်စ နှစ်ပုဒ်စ တောင်းရာမှ သူ့စာမူတွေ ကျနော်တော်တော်များများကို ထုတ်ဝေဖြစ်သော ထုတ်ဝေသူဘ၀ ရောက်ခဲ့သည်။ အမှန်တိုင်းပြောရရင် နောက်ပိုင်းတွေမှာ ကျနော် အနုပညာသင်တန်းတွေနှင့် အလုပ်တွေ ရှုပ်ပြီး အရှုပ်တွေလုပ်မိတော့ သူ့စာမူတွေကို ကြပ်ကြပ်မတ်မတ် မလုပ်မိတော့။ မန်နေဂျာတစ်ယောက်နှင့် မျက်နှာလွှဲ ထားမိသည်။

ဘာပဲဖြစ်ဖြစ် ကိုမင်းလူနှင့်တော့ အထိအတွေ့ တော်တော်များခဲ့ပါသည်။

သူက စာမူလေး တစ်ပုဒ်ရေးပြီးလျှင် တော်တော် တယုတယထားတတ်၏။ ဗလာစာအုပ်နှင့် သူစာရေးတတ် သည်။ ရေးပြီးသွားပြီဆို ထိုစာမူလေးကို ဘီရိုထဲ သော့ခတ်သိမ်းပြီး ပီတိဖြစ်နေတတ်ကြောင်း သူ ပြောပြဘူး၏။

သူက စာရေးတာ ကြာသည်။
လေးလနေမှ လုံးချင်းတစ်အုပ်လောက်ပြီး သတဲ့။

ဝတ္ထုတိုဆိုလျှင်တော့ လုံးချင်း၏ လေးပုံတစ်ပုံလောက် အားထုတ်ရသည်ဟု ဆိုသည်။ ထို့ကြောင့် ကျနော် သူ့နဲ့ ပထမဆုံး ဆုံရကာစ အတိုလေးတစ်ပုဒ်တောင်းတော့  တစ်လခန့် အချိန်ယူခဲ့ခြင်းဖြစ်မည်။

ကိုမင်းလူကို ဟာသစာရေးဆရာဟု တော်တော်များများ သိကြသော်လည်း သူ့အအောင်မြင်ဆုံးဝတ္ထုတွေမှာ ဟာသ မဟုတ်တာလဲ ပါပါသည်။

ငှက်ကလေးလိုမျိုး။ ရင်ထဲကဆောင်းရာသီလိုမျိုးတွေက သူ့ဂန္ဓ၀င်လက်ရာများဟု ပြောသော်ရနိုင်လိမ့်မည် ထင်၏။

သူကား အတော်သက်တမ်းရှည်ခဲ့သော လုံးချင်းဆရာ တစ်ဦးလည်းဖြစ်ပါသည်။ ကိုရွှေဘုန်း (တာရာမင်းဝေ) တစ်ခါကပြောပြဘူး၏။

“ဘယ်သူတက်တက် သူမတက်၊ ဘယ်သူကျကျ သူမကျဆိုတာ ကိုမင်းလူပဲကွ။ သူ့နေရာလေးမှာ မှန်မှန်မြဲမြဲလေး ရပ်နေတာ”
တဲ့။

စောင်ရေနှင့်ပတ်သက်၍ ပြောချင်းဖြစ်ပါ သည်။ ၀ုန်းကနဲ ထိုးတက်သွားတာမျိုး ၀ုန်းကနဲ ထိုးကျသွားတာမျိုး ကိုမင်းလူမှာမရှိ။
ဆိုရလျှင် ငြိမ်သော တည်တံ့သော ပရိသတ်အခိုင်ရှိ သည့်သဘောပင်။

ကိုမင်းလူကို ကျနော်အားကျမိသည်မှာ ကျနော်တို့လို စိတ်မထွေပြားခြင်း ဖြစ်ပါသည်။

ကျနော်တို့တော်တော်များများ ဗီဒီယို ရုပ်ရှင်ဘက် ကူးကုန်ကြ၏။ ကိုမင်းလူကို သူ့ဝတ္ထုတွေ ဇာတ်ညွှန်းရေးသည်မှအပ ရုပ်ရှင်နယ်နှင့် သိပ်ဆက်စပ်တာ မတွေ့ရ။ ကျနော်သိသလောက် သူ ဒါရိုက်တာလုပ်တာ ဘာညာ တစ်ခါမှ မကြားခဲ့စဖူးပါ။
စာရေးဆရာဘ၀မှာပင် ရောင့်ရဲပျော်မွေ့လှသူဟု အင်မတန်အတုယူဖွယ် လူပင်တည်း။

စာမူကလေးတွေ ရေးပြီးလျှင် အဲဒီစာမူလေးဘယ်လို ထုတ်လုပ်မလဲ။ သူစဉ်းစားနေတတ်၏။ ရင်ထဲက ဆောင်းရာသီစာမူကို ထုတ်ဝေရန်ပြုစဉ်က အဖုံးအတွက် သူ့ စိတ်ကူးကလေး ကောင်းလှသည်။

ဖိနပ်ကလေး သုံးရံပြချင်တယ်ဗျ။
မိန်းမစီးဖိနပ်ရယ်၊ ယောက်ျားစီးဖိနပ်ရယ်၊ ကလေး ဖိနပ်ရယ်။
မိန်းမစီးဖိနပ်နဲ့ ယောက်ျားစီးဖိနပ်က တစ်ဘက်စီမှာ အစွန်းတွေ ထွက်နေကြပြီ။ ကလေးစီးဖိနပ်ကလေးက အလယ်မှာ ယိုင်လဲနေတယ်။ တစ်ဘက်က ယောက်ျားစီးဘက် ဦးလှည့်ပြီး တစ်ဘက်က မိန်းမစီးဘက် ဦးလှည့်နေတယ်တဲ့။

အဲဒီ အိုင်ဒီယာအတိုင်း အဖုံးလုပ်ပေးပြီး စိစစ်ရေး တင်ပါသည်။
ဟင် စာအုပ်မျက်နှာဖုံးမှာ ဖိနပ်ပုံကြီးတွေ၊ ဆင်ဆာမပေးဘူး ... တဲ့။

ထိုကာလက ဆင်ဆာကို ကျနော်တို့ တော်တော် ကြောက်ခဲ့ရပါသည်။
ကိုမင်းလူ စာအုပ်အတွက် အဖုံးတွေ ဆင်ဆာ နှစ်ကြိမ်လားမသိ ထိဘူး၏။

နောက်တစ်ကြိမ်က အသပြာလုလင်အတွက်အဖုံး။ ဆရာမြင့်မောင်ကျော် ဆွဲပေးသည်။
ဆင်ဆာထိတော့ နောက်တစ်ကြိမ် ပြန်ဆွဲရသည်။

ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံးဆိုသော စာအုပ်အတွက် အဖုံးမှာလည်း သူ့အိုင်ဒီယာပါပဲ။
မြားနတ်မောင်က လေးနှင့်မြားကိုင်ကာ ဥခွံကိုခွဲပြီး ထွက်လာသော စိတ်ကူး။ ထိုအဖုံးကတော့ ဆင်ဆာလွတ်ခဲ့သည်။

အဲဒီဝတ္ထုက သူ့ဝတ္ထုလတ်တစ်ပုဒ်ကို ထပ်ဆက်ရေးခြင်းပါ။ ဒါတောင် ပရိသတ်အတွက် အဟောင်းများဖြစ်နေမလား သူ တွေးပူနေသေး၏။ ကျနော်က နားချရသည်။

“အဟောင်းဆိုရအောင် ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီ အစ်ကို။ အဲဒီဇာတ်လမ်းလေးကလည်း အဆုံးမသတ်သလိုဖြစ်နေတော့ လုံးချင်းဖြစ်အောင် ဆက်ရေးသင့်ပါတယ်။ အမှာမှာ ၀န်ခံချက်ထည့်လိုက်ပေါ့”
ဆိုမှ သူ လိပ်ပြာသန့်စွာ ထုတ်ခွင့်ပြုခဲ့သည်။

သူသည်ကား ပရိသတ်အပေါ် စေတနာထားလွန်းသလို အားနာတတ်လွန်းသူ ပရိသတ်အား လုံးဝ မလှည့်ဖျားတတ်သူပင်တည်း။

အမည်မဖော်လိုသူအချစ် ဆိုသည့် စာမူကျတော့ သူ ခေါင်းစဉ်နှစ်ခု ဘာရွေးရမှန်းမသိဖြစ်နေသည်။

“ဖိတ်စာနှင့်တကွကြွပါ ကောင်းမလား၊
အမည်မဖော်လိုသူ အချစ် ဆိုတဲ့နာမည် ကောင်းမလား စဉ်းစားရခက်နေတယ်ဗျာ”
တဲ့။

“ဟာ ဒါများအစ်ကိုရာ အမည်မဖော်လိုသူ အချစ်က ပိုဆန်းတယ်။ အဲဒါပဲ လုပ်လိုက်”

သူကား သူ့စာမူကလေးများကို နာမည်ပေးသည်က အစ တယုတယရှိလွန်းလှပါသည်။

စာ တစ်ကြောင်းတစ်ကြောင်း အသေအချာတွေးကာ ရေးတတ်သည်။
ရေးပြီးရင် ပြင်စရာမလိုအောင် ရေးတတ်ကြောင်း သူပြောပြ၏။
ဒါကြောင့် သူ့စာမူတွေမှာ စာလုံးပေါင်းအကျအပေါက် ကင်းစင်လှသည်။ လက်နှင့်ရေးသော်လည်း ပြင်ရာဖျက်ရာကင်းလှ၏။

စာရေးခြင်းအတတ်နှင့်ပတ်သက်၍ သူ့ကို ကျနော် တော်တော်မေးဖြစ်ခဲ့သည်။ စကားစပ်မိတိုင်းဆိုပါတော့။

သူက ဇာတ်ဆောင်တွေ၏ လှုပ်ရှားပြုမူပုံအသေးစိတ်ကို ထည့်ရေးတတ်သည်။ ဒါကတော့ ရုပ်ရှင်နှင်းနီးစပ်သောကြောင့်ဟု ကျနော်ထင်သည်။

ဟာသဆိုသော်လည်း သူ့ဟာသမှာ အရွှင်အသွက်ထက် လေးလေးနက်နက်တွေးကာ ရေးထားမှန်းသိသာပါသည်။

“ငှက်ကလေးမှာ ဇာတ်ဆောင်ဖြစ်တဲ့ ကောင်လေးက ဇာတ်ကြောင်းပြောသူနော်။ အဲဒီမှာ သူ့ကိုယ်သူ “ကိုယ်” လို့ သုံးနှုန်းတာ အတော်ထိတယ်အစ်ကို။ သား လို့ ပြောရင်လည်း မကောင်းဘူး။ သားကလေ သားကလေဆို ကြောင်တောင် တောင်ကြီး။ ကျနော်လို့သုံးလည်း ကလေးအရွယ်လေ မဟုတ်ပြန်ဘူး”
ဟု သုံးသပ်မိတော့ သူဘာမှ ပြန်မပြောပဲ ပြုံးကာသာ နေသည်။

တစ်ခါက သူ့ကို ကျနော်မေးဘူးသည်။

ဝတ္ထုတစ်ပုဒ်ကို ရေးရင်းရပ်ထားလို့ရသလားဆိုတော့ ရတယ်၊ ဒါပေမဲ့ စိတ်ထဲတော့ အမြဲ ထည့်ထားရမယ် တဲ့။ ဒါ့ကြောင့်လဲ စာရေးခြင်းအလုပ်ကို Whole Time Job လို့ ခေါ်ကြပေတာပဲ။

ကျနော့်လုံးချင်းလေးတွေ ထွက်လို့ သူ့ကို လက်ဆောင်ပေးတော့ သူ တလေးတနက် ယူပါသည်။ ထွက်လို့မှ လက်ဆောင်မပေးဖြစ်ရင်ပင် ခင်ဗျားမပေးရသေးဘူးနော်ဟု ပြောတတ်၏။ ဒါပေမဲ့ စိတ်ထဲမှာ ကျနော့်လို ကလောင်သစ်လေးကို သူ တခုတ်တရဖတ်ဖြစ်မယ်လို့ မမျှော်လင့်မိ။

တစ်အုပ်ကျတော့ ကျနော် စတိုင်ပြောင်းရေးသည်။

ထိုစာအုပ်လက်ဆောင်ပေးခဲ့ပြီးအပြန် ညကျတော့ သူ ဖုန်းဆက်ကာပြော၏။
စာရေးဆရာဆိုတာ ကိုယ်ပိုင်ဟန်ရှိသင့်တယ်တဲ့။

ဟုတ်ကဲ့၊ အမှန်တိုင်းပြောရလျှင် ကျနော်ထိုစာအုပ်မှာ ကိုရွှေဘုန်း (တာရာမင်းဝေ) ဟန်ကို ယူမိပါသည်။

ဘာပဲဖြစ်ဖြစ် ငါ့စာလေး သူဖတ်သားပဲဆိုသော အသိက ကလောင်ငယ်လေးတစ်ယောက်အဖို့ အားများစွာ ဖြစ်စေခဲ့ပါသည်။ ဒါပေမဲ့ ကျနော်က အဲဒီတုန်းက လက်မငြိမ်သေးဟု ပြောရမည်လား။
သူ (ကိုမင်းလူ) ဟန်ကို ယူရေးထားတာလည်း တစ်အုပ်ရှိသေး၏။

ဒီစာရေးရင်းမှ ရပ်တန့်ကာ အတိတ်အကြောင်းများ ပြန်တွေးမိခဲ့သည်။ အာရုံပုံရိပ်တွေသည် သက်ဝင်ပီပြင်လာသည်သို့ ရှိချေ၏။ အတိတ်ဆီပဲ ကိုယ်တိုင်ပြန်ရောက်သွားခဲ့သလို။

ဟိုးလွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကျော်။

လက်ဘက်ရည်ဆိုင်ထောင့် စားပွဲပုလေးတွင် တွတ်တွတ်ထိုးနေကြသော စာရေးဆရာကြီးနှင့် စာရေးဆရာငယ်လေး ကျနော်။

စာရေးဆရာကြီးက မခို့တယို့ပြုံးလျက်။ တစ်ခါတလေလဲ တွေးငေးလျက်။ တစ်ခါတလေလည်း စကားတွေ ပြောလျက်။ ဘောင်းဘီတိုလေးနှင့် တီရှပ်ခပ်ပွပွဝတ်ထားသော ချာတိတ်ကလေးကတော့ အားကျစွာ ငေးမော နားထောင်လျက်။

တကယ့်ကို မနေ့တစ်နေ့ကလိုပါပဲ။
ယင်းအဖြစ်များသည်ပင်လျှင် ဇာတ်အလည်ပိုင်း ဖြစ်ပေမည်။

*   *   *

ဇာတ်သိမ်းပိုင်းကိုမူ ဆေးရုံတစ်ခု၏ မြင်ကွင်းဖြင့် ခင်းကျင်းပြသလိုပါသည်။

ခေတ်မီဆေးရုံတစ်ရုံမှ အခန်းတစ်ခန်း။

ထိုအခန်း၏ ခုတင်ပေါ်တွင် ပိန်ပိန်လူကြီးတစ်ယောက် မသက်မသာ လဲလျောင်းလျက်ရှိ၏။ ပါးစပ်များက ဟလိုက် စေ့လိုက်။ မျက်လုံးများက မှေးမှေးကလေး စေ့ပိတ်လျက်။

သူ့ဝဲဘက်တွင် အမျိုးသမီးကြီးတစ်ဦး။ သူ့ ခြေရင်းဘက်တွင်တော့ လူငယ်လေးတစ်ယောက်။  ယာဘက်က ထိုင်ခုံပေါ်တွင်တော့ လူတစ်ယောက် ထိုင်နေသည်။

လူငယ်လေးနှင့် အမျိုးသမီးကအ၀တ်အစားများ လဲပေးနေကြ၏။ ယာဘက်ရှိလူက အနည်းငယ်ဝင်ကူသည်။ ထိုသူ၏ မျက်နှာထက်တွင် စိတ်မကောင်းဖြစ်ဟန်အသွင်ကို အထင်အရှားမြင်ရလေ၏။ စိတ်မွန်းကြပ်စွာ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိနေလေတော့သည်။

ကျနော်က ထိုကဲ့သို့ပင် စိတ်အိုက်လာသည့်အခါ သက်ပြင်းတွေချည်း ချနေတတ်ပါသည်။

ကိုမင်းလူကို ဒီလိုကြီးမြင်ရတာ ကျနော့်စိတ်ထဲ ဘယ်လိုမှ အဆင်မပြေ။ ဆေးရုံခန်းထဲ ကျနော်ရောက်ပြီး မကြာမီမှာပင် ကိုမင်းလူ ခဏနိုးလာခဲ့၏။
မျက်စိကို ခပ်မှေးမှေးဖွင့်ကြည့်သည်။

“သြော်”
ဟု အသံပြု၏။ ပြီးတော့မှ

“မင်း ဘယ်ပျောက်နေတာလဲ” ... တဲ့။
“ဟုတ် ဒီလိုပါပဲ အစ်ကိုရာ”
“အစ်ကို ဘာလိုသေးလဲ အစ်ကို၊ စားချင်တာတွေ ဘာတွေများ ရှိရင်လဲ ပြောပါနော်”

ကျနော် ဒီလိုကိစ္စမျိုးမှာ ဘာမေးရမည်မှန်း နားမလည်ပါ။ ရင်ထဲ စိတ်မကောင်းမိတာသာရှိသည်။ ကိုမင်းလူကိုလည်း ကြည့်ပါဦး။ နဂိုက ခပ်ပိန်ပိန် အသားအရည်မှာ ပိုပိန်လှီလျက်။ ကင်ဆာဆေးများကြောင့်လား မသိ။ မျက်နှာပြင်ထက် အရေပြားများ မည်းမည်း မွဲခြောက်ခြောက် ဖြစ်နေကို မြင်ရသည်။

“ဒီလိုအချိန်မှာ အစားအသောက် မလိုတော့ပါဘူး”

အစ်ကို့အသံမှာ ယဲ့ယဲ့ကလေးမှ တကယ့်ကို ယဲ့ယဲ့ကလေးပါပဲ။ အ၀တ်တွေလဲပြီးသွားတော့ ပင်ပန်းသဖြင့် အိပ်မောပြန်ကျသွားပြန်သည်။

ယင်းသည်ပင်လျှင် အသက်ရှင်နေသော ကိုမင်းလူအား ကျနော်နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်ပေလိမ့်မည်။

အိပ်ပျော်နေသော လူနာ နိုးသွားမည်ဆိုး၍ အခန်းအပြင်ထွက်ကာ ကိုမင်းလူ၏ အမျိုးသမီးအား အကြောင်းစုံမေးကြည့်မိသည်။
တည်တည်ငြိမ်ငြိမ်ပင် ကိုမင်းလူ၏ ရောဂါအကြောင်း ရှင်းပြပါသည်။

“သူကတောင် ပြောနေသေးတယ်။ ကိုဝဏ္ဏတုန်းက ၁၀လလောက်ခံရင် ငါ့ကျ ၂နှစ်လောက် ခံမှာပေါ့တဲ့။
ကျမကိုလည်းပြောပါတယ်။ မင်းလည်း ဒီလောက် စာတွေ ဖတ်ထားတာပဲ။ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါကွာတဲ့”

စကားတွေက မကြားတစ်ချက် ကြားတစ်ချက်။
စိတ်ထားပြည့်ဝ ရင့်ကျက်သော အမျိုးသမီးကြီးတစ်ဦး၏ စကားသံများကို ကျနော်ကြားနေခဲ့ရပါသည်။ အတော် အေးချမ်းဖော်ရွေသော၊ အတော်တည်ကြည်သော အမျိုးသမီးကြီးပါပဲ။

ကိုမင်းလူသည် စာရေးဆရာကောင်း ဖြစ်သလို အိမ်ထောင်ရှင်ကောင်းလည်းဖြစ်မည်ဟု ကျနော် မှတ်ချက်ချလိုက်မိသည်။
ပြည့်ဝရင့်ကျက်သော အိမ်ရှင်မကောင်းတစ်ဦးကို သူရွေးချယ်ပေါင်းသင်းနိုင်ခဲ့ကာ အောင်မြင်သော မိသားစုဘ၀ တစ်ခုကို သူတည်ဆောက်နိုင်ခဲ့သည်။

အခုဆို သူ့သမီးလေးတွေပင် အရွယ်တွေရောက်လို့ အကြီးမလေးက RV စင်တာမှာဆိုလား။
အငယ်မလေးကတော့ စာပေဘက်ပိုအားသန်သည်ဟု ကိုမင်းလူအမျိုးသမီးက ပြောပြပါသည်။

ထိုအငယ်မလေးအကူညီဖြင့် ၀တ္ထုတစ်ပုဒ်ကို လက်စသတ်ခဲ့ကြောင်း ကြားရတော့ ကျနော်တော်တော်အံအားသင့်သွားခဲ့သည်။

“သူ့ကိုယ်သူ သိနေပြီလေ။ ဒါနဲ့ ဆေးရုံတွေ ပြနေရင်း ခဏလောက်သက်သာတုန်းမှာ ရေးလက်စ လုံးချင်းဝတ္ထုလေးက ဆယ်မျက်နှာလောက် ကျန်နေတာကို ပါးစပ်နဲ့ အသံသွင်းတယ်။ ယုယက အဲဒါကို ပြန်ကူးရေးတာလား။ သူတို့သားအဖနှစ်ယောက် လုပ်ကြတာပဲ။ ငါ သတိရှိတုန်းလေး လုပ်သွားဦးမယ်ဆိုပြီး ...

ကျနော် ဆက်မကြားဝံ့တော့အောင် ဖြစ်သွားရသည်။ အိပ်ရာပေါ်ပက်လက်ရောက်လို့ သေကောင်ပေါင်းလဲ ဖြစ်ချိန်ထိ စာပေ့တာဝန်ကို ကျေပွန်လေသူပါတကား။

“အဲဒီဝတ္ထု ပြီးသွားလား အစ်မ”
“အင်း ပြီးသွားပြီလို့ ပြောတယ်”

ဒါကိုမှ စာရေးဆရာဟု မခေါ်လျှင် ဘယ်သူ့ကို စာရေးဆရာဟု ခေါ်ပါမည်နည်း။

ဒါကိုမှ စာပေသမားအစစ်ဟု မခေါ်လျှင် ဘယ်သူ့ကို စာပေသမားအစစ်ဟု ခေါ်ပါမည်နည်း။

ကိုမင်းလူသည်ကား ကျနော်တို့ခေတ်၏ အငြင်းပွားစရာမရှိသော စာပေ့ဝန်ကို ကျေပွန်လှသူ စာရေးဆရာစစ်စစ်ပင်တည်း။

ကိုမင်းလူနှင့် ပတ်သက်လို့ ...
ကျနော့်စိတ်ထဲ မချိတင်ကဲဖြစ်နေတာ တစ်ခုပဲရှိသည်။

အစ်ကိုရယ်၊ ကျနော်နဲ့ စတွေ့တုန်းကလို
ဟာ ဘယ်ဖြစ်မလဲဗျ ... လို့ သေမင်းကို ပိဿလေး ဘေးပစ် ငြင်းပါတော့လား။
သေမင်းက ခေါ်လေသမျှ ဘယ်ဖြစ်မလဲဗျလို့သာ တွင်တွင်ငြင်းပါတော့လား။
ကျနော်တို့ စာပေလောကအတွက်၊ ကျနော်တို့ခေတ်အတွက် အစ်ကို့လိုလူမျိုး လိုအပ်တယ်လေ။

ဒါပေမဲ့ တစ်နည်းတော့လည်း ပြန်တွေးမိပါသည်။

ကျနော့်ကိုတုန်းကလည်း အစပိုင်းငြင်းပြီး နောက်ပိုင်း သူ လိုက်လျောခဲ့တာပဲ။
သေမင်းကိုလည်း ထိုအတိုင်း သူ လုပ်ခဲ့သည် ထင်၏။

ကျနော့်ကို စာမူပေးတာကတော့ မျိုးဆက်သစ်အပေါ်မှာ ၀န်ကျေဖို့ စာပေပေါ်မှာ တာဝန်ကျေဖို့။
သေမင်းကိုလိုက်လျောခဲ့တာတော့ လူသားတစ်ယောက်ရဲ့ဝန် ကျေပွန်ဖို့။

လူဆိုတာက နေရမည်။ ပြီးတော့ သေရမည်။
ကိုမင်းလူသည်က အကောင်းဆုံးနေထိုင်ခဲ့သူဖြစ်သလို ဖြောင်ဖြောင့်သေဆုံးပြခဲ့သူလည်း ဖြစ်ပါချေတော့သည်။

သွန်းနေစိုး
16 Aug 10:30 PM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis