menu

Thursday 24 October 2013

နဝဒေးတံတား လူသတ်မှုဖြစ်စဉ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့မည်ဟုဆို


ပြည်၊ အောက်တိုဘာ၂၃

ခြောက်လကျော်ကြာသည်အထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော ပြည်မြို့ နဝဒေးတံတားအောက် လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံ နိုင်ငံများမှ တပ်မတော်များ၏ ကာကွယ်ရေး ဦးစီးချုပ်များထံသို့ အမှုဖြစ်စဉ် အသေးစိတ်ကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် အီးမေးလ်မှတစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း လူသတ်မှု ဖြစ်စဉ် အမြန်ဆုံး ပေါ်ပေါက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုကို ဦးဆောင်နေသူ ဦးမင်းမင်းက ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက နဝဒေး တံတားအောက် သဲသောင်ပြင်တွင် လုယက် သတ်ဖြတ်ခံရသူ အမျိုးသားအတွက် အမှုမှန် ဖော်ထုတ်ပေးရန် ဒေသခံများ လက်မှတ်ရေးထိုးထားသော ပန်ကြားလွှာ ကို သမ္မတထံ ပေးပို့တိုင်ကြားမည့်အပြင် လူသတ်မှုဖြစ်စဉ် မှတ်တမ်းများကို ဘာသာပြန်၍ မစ္စတာဘန်ကီမွန်းနှင့် အာဆီယံကာချုပ်များထံ ပေးပို့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“လူသတ်မှုမှာ တပ်မတော်သား သုံးယောက်က တရားခံ မဟုတ်ဘူးလို့ စစ်တပ်အရာရှိတွေက ငြင်းတယ်။ ဒါဆို ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့ တရားခံက ဘယ်မှာလဲ။ တရားခံအစစ်ကို ဖော်ထုတ်ပေးဖို့ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ” ဟု Signature campaign ကို ဦးဆောင် တာဝန်ယူသူ တစ်ဦးဖြစ်သည့် ဦးဖြူဖွေးက ဆိုသည်။



အောက်တိုဘာလ ၁ ရက်နေ့က ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဧည့်ရိပ်သာဆောင်တွင် သေဆုံးသူ မိသားစုများကို သီးသန့်တွေ့ဆုံကာ လူသတ်မှုတွင် တပ်မတော်သားသုံးဦးနှင့် မသက်ဆိုင်ကြောင်း တပ်မတော် အရာရှိကြီးများက ငြင်းဆိုခဲ့ကြောင်း သေဆုံးသူ၏ မိသားစုထံမှ သိရှိရသည်။

သတင်းစာ ရှင်းလင်းပွဲဟုဆိုသော သီးသန့်တွေ့ဆုံပွဲတွင် ဓာတ်ပုံရိုက်ခြင်း၊ အသံဖမ်းခြင်း မပြုရန်နှင့် သတင်းမီဒီယာအချို့မှ ဒေသခံ သတင်းထောက်များကို ကန့်သတ်ခဲ့သည်။

သေဆုံးသူကို သဂြုင်္ိဟ်မည့်နေ့က တရားခံ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးရန် သေဆုံးသူ ခန္ဓာကိုယ်မှ အစိတ်အပိုင်းအချို့ကို ယူစဉ်က စစ်ခုံရုံးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူအဖြစ် ခန့်အပ်ထားခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က စစ်ဆေးတွေ့ရှိချက်များနှင့် သတင်းစာရှင်းလင်းပွဲကို အများပြည်သူများ သိရှိရန် ပြုလုပ်ပေးမည်ဟု နာရေးတွင် ပြောဆိုခဲ့သော်လည်း ယခုပြုလုပ်ခဲ့သော ရှင်းလင်းပွဲမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ပိုမိုပွင့်လင်းသော သတင်းစာရှင်းလင်းပွဲသာ အလိုရှိကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်သီတာဦးက ပြောကြားသည်။

ပြစ်မှုကျူးလွန်သူများ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် စက်တင်ဘာ၂၃ ရက်နေ့ကစ၍ Signature campaign ပြုလုပ်ကာ လူသတ်မှုဖြစ်စဉ် မှတ်တမ်းများနှင့် သုံးသပ်ချက် အစီရင်ခံ စာများကို ဒေသခံများနှင့် လူမှုရေး အဖွဲ့အစည်းများထံ ဖြန့်ဝေကာ လက်မှတ်ရေးထိုး လှုပ်ရှားမှု စတင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis