နေပြည်တော် ဇူလိုင် ၂၄
ဒေါ်တင်ထားဆွေ- သမ္မတကြီးက
ပြောပါတယ်။ အခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ မရှိရဘူးလို့
အာမခံသွားပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ
ဖမ်းဆီးနေတာကို တွေ့ရပါတယ်။ အဲ့ဒီတော့ သမ္မတကြီး အာမခံထားသလို လက်တွေ့မှာ
ဖြစ်လာ နိုင်မလားရှင်။
နိုင်ငံတော်သမ္မတ-
နိုင်ငံရေးကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရတဲ့သူတွေဆိုရင်
ဒါအကြိမ် ကြိမ် လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော်သိသလောက်ကတော့ အခု နောက်ပိုင်း
မှာတော့ များများစားစား မရှိတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်းပဲ
ကျွန်တော်တို့ စိစစ်ဖို့အတွက် ဆိုပြီးတော့ အခုအဖွဲ့တစ်ဖွဲ့
ကျွန်တော်တို့ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ထဲမှာ အစိုးရဘက်က လည်းပါတယ်။ နောက်တစ်ခါ
ပြင်ပ Society က ကိုယ်စားလှယ်လည်းပါတယ်။ ပြီးတော့လည်း အကျဉ်းကျခံနေတဲ့
လူထဲကနေ လွတ်လာတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီအထဲထည့်ထားပါတယ်။ ထည့်ထားလိုက်တော့
ဒီအဖွဲ့က အသေးစိတ်ပြန်ပြီးတော့ စိစစ်ပေးပါတယ်။ စိစစ်ပေးတဲ့အပေါ်မှာ ရတဲ့၊
တိုက်ဆိုင်စစ်ဆေးလို့ ရတဲ့ လွှတ်သင့်တဲ့ဟာတွေကို ကျွန်တော်တို့
အကုန်လုံးလွှတ်ပေးနေပါတယ်။ ဒါကို ဒီလို စိစစ်လိုက်၊ လွှတ်ပေးလိုက်၊
စိစစ်လိုက်၊ လွှတ်ပေးလိုက်နဲ့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်ကုန်လောက်ဆိုရင်တော့
ဒီစိစစ်မှုတွေလည်း အားလုံးပြီးပြီးတော့ အားလုံးက လွှတ်ပေးပြီးသားဖြစ်မှာပါ။
ကျန်တာက ဘာပဲကျန် မလဲဆိုတော့၊ ကျွန်တော်တို့ ရာဇဝတ်မှုကျူးလွန်ထားတဲ့
လူတွေပေါ့လေ။ ခုနကလို လူသတ်မှုတွေ၊ ဖောက်ခွဲမှုတွေ နောက်တစ်ခါ မုဒိန်းမှုတွေ
စသည်ဖြင့် ဒီရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကတော့ အပြည်ပြည်ဆိုင်ရာ
ကျွန်တော်တို့ လုပ်ထုံးအတိုင်းပါပဲ၊ တရားဥပဒေရဲ့ စီရင်တာကို
သူတို့ခံကြရမှာပဲ ဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ- ဟုတ်ကဲ့ရှင့်။ ဒီနောက်ထပ် ဖမ်းဆီးမှုတွေကရော။
နိုင်ငံတော်သမ္မတ- နောက်ထပ်
ကျွန်တော်သိသလောက်ကတော့၊ နောက်ထပ်ဖမ်းဆီးမှုကတော့ မည်မည်ရရ
မရှိဘူးလို့ထင်တယ်။ နောက်ထပ်ဖမ်းဆီးမှုတွေကလည်း စစ်ဆေးတယ်။ စစ်ဆေးပြီးရင်
ပြန်ပြီးတော့ လွှတ်ရမှာပါပဲ။ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်တာ မဟုတ်ဘဲနဲ့ကတော့
အကျဉ်းကျခံနေရတာ မရှိစေရပါဘူး။
ဒေါ်တင်ထားဆွေ- သမ္မတကြီးကိုယ်တိုင်ပြောခဲ့ပါတယ်။
ဒီဘာသာရေးကို ခုတုံးလုပ်ပြီးတော့ တချို့တွေက
ကိုယ့်အကျိုးစီးပွားအတွက်ပေါ့နော် အမုန်းတရားတွေပွားအောင် လုပ်ဆောင်နေတယ်
ဆိုပြီးတော့ ပြောခဲ့ တာရှိပါတယ်။ နောက် သမ္မတကြီးကိုယ်တိုင်ပဲ မနေ့က
မိန့်ခွန်းထဲမှာ ဆိုလို့ရှိရင် Zero Tolerance ပေါ့၊
ဒီလိုအမုန်းတရားတွေပွားအောင် လုပ်နေ တာတွေကို လုံးဝကို သည်းညည်းမခံဘူး၊
သည်းညည်းခံမှာ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ အဲ့ဒီတော့ ဒီလိုအမုန်းပွားအောင်
လှုံ့ဆော်နေသူတွေကို အရေးယူတာတွေ တွေ့ လာရတော့ မှာပါလားရှင်။
နိုင်ငံတော်သမ္မတ- အဲဒါတော့
မှန်ပါတယ်။ ဒီကိစ္စက သာမန်ရာဇဝတ်မှုကို အကြောင်းပြုပြီးတော့
ဖြစ်တဲ့ကိစ္စဖြစ်သော်လည်းပဲ ဒီဟာကို ကျွန်တော်တို့ လူမျိုးရေး၊ ဘာသာရေး
ပဋိပက္ခဖြစ်အောင် ပြည်တွင်းမှာလည်း ဒီဟာတွေ လှုံ့ဆော်နေတဲ့ လုပ်ဆောင်ချက်
ရှိပါတယ်။ ပေါ်ပေါ်ထင်ထင်နဲ့ လှုံ့ဆော်တာတော့ မဟုတ်သော်လည်းပဲ ဒီအင်တာနက်တွေ
ဘာတွေ ထဲကနေပြီးတော့ လှုံ့ဆော်နေတာတွေ ရှိပါတယ်။ အလားတူပဲ ဒီပြဿနာကို
ပိုမိုပြီးတော့ ကြီးထွားအောင် ပြည်ပကလည်း လှုံ့ဆော်နေတာတွေရှိပါတယ်။
အဲဒီတော့ ပြည်ပ လှုံ့ဆော်မှု တွေနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာကို
အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ဒါတွေ မလုပ်ဖို့၊ မပြုဖို့ပေါ့လေ
ပြည်ပကတော့ ဒါပဲ ကျွန်တော်တို့ လုပ်နိုင်တဲ့အနေအထား ရှိပါတယ်။ အဲ့ဒီတော့
ပြည်တွင်းက လှုံ့ဆော်သူတွေကတော့ ကျွန်တော်တို့ ဖော်ထုတ်ပြီးတော့
ဖမ်းဆီးတာတွေ အရေးယူတာတွေ၊ ဒါတွေက တချို့လည်း ကျွန်တော်တို့ လုပ်နေ
တာတွေရှိပါတယ်။ တစ်ချို့လည်း ရှေ့ကို ဆက်ပြီးတော့ လုပ်သွားဖို့ရှိပါတယ်။
နောက်တစ်ခါ အရေးအခင်းကာလအတွင်းမှာ ပြစ်မှုကျူးလွန်တဲ့သူတွေ အားလုံးကိုလည်း
ဖော်ထုတ် ပြီးတော့ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက် နေတာတွေရှိပါတယ်။
ဒေါ်တင်ထားဆွေ- အဲဒီတော့
တစ်ဆက်ထဲမှာ ကျွန်မမေးချင်တာကတော့လေ။ အခုလို နိုင်ငံတွင်းမှာ
ဘာသာရေးပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာတယ်။ ဖြစ်လာတာနဲ့
အမျှပေါ့နော်။ ဒီ သံဃာတော်တွေရဲ့ မျိုးစောင့်ဥပဒေပေါ်ပေါက်ရေး
လှုပ်ရှားမှုတွေဟာလည်း ပိုပြီးတော့ အားကောင်း လာပါတယ်။ အဲဒီတော့
ဒီမျိုးစောင့်ဥပဒေ၊ မျိုးစောင့်ဥပဒေအပေါ်မှာ သမ္မတကြီးရဲ့ တစ်ဦးချင်း
သဘောထား အမြင်ကို သိပါရစေရှင်။
နိုင်ငံတော်သမ္မတ- ကျွန်တော်စောစောက
ပြောသလိုပါပဲ။ ကျွန်တော်တို့ရဲ့ ဒီ ကွန်စတီကျူးရှင်းမှာ ဗုဒ္ဓဘာသာ၊
နောက်တစ်ခါ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင်ပေါ့လေ။ ဒီဘာသာကြီး ၄ မျိုးနဲ့
ပတ်သက်ပြီးတော့ အသိအမှတ်ပြုထားတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဲ့ဒီတော့
မိမိယုံကြည်ရာ ကိုးကွယ်ခွင့်လည်း ကျွန်တော်တို့ ရှိပါတယ်။ အဲ့ဒီတော့
ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိတဲ့အတွက်ကြောင့်လည်း ကွန်စတီ ကျူးရှင်းမှာ
အပြည့်အဝ ဒါကိုပေးထားပါတယ်။ အဲဒီတော့ စောစောကပြောတဲ့ ဒီ မျိုးစောင့်ဥပဒေနဲ့
ပတ်သက်ပြီးတော့ ကျွန်တော်လည်း မတွေ့သေးဘူး။ မဖတ်လည်း ကျွန်တော်
မဖတ်ရသေးဘူး။ တွေ့လည်းမတွေ့သေးဘူး၊ ဖတ်လည်းမဖတ်ရသေးဘူးဆိုတော့ ဒီဟာနဲ့
ပတ်သက်ပြီးတော့ ကောင်းတယ်ဆိုးတယ်ဆိုတာ အဖြေပေးဖို့ကတော့ ကျွန်တော့အနေနဲ့
စောသေးတယ်လို့ ကျွန်တော် ထင်တယ်။ သို့သော်လည်းပဲ ကွန်စတီကျူးရှင်းထဲမှာ
အကာအကွယ်ပေးထားတဲ့ ဟာကတော့ အစိုးရတစ်ရပ် အနေနဲ့ ဘာပဲဖြစ်ဖြစ် အပြည့်အဝ
ကာကွယ်စောင့်ရှောက်သွားရမှာပဲ ဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ- ဒီ
မြောက်ကိုရီးယားနဲ့ မြန်မာအကြားမှာ စစ်ရေးဆက်ဆံမှုရှိတဲ့ အထောက်အထားတွေ
တွေ့ရှိရတယ်ဆိုပြီးတော့ မကြာခင်က သတင်းထွက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ
မြန်မာ စစ်တပ်က အရာရှိကြီးတစ်ဦးကို အမေရိကန်ကနေပြီးတော့
ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လာပါတယ်။ အဲ့ဒီတော့ ဒီလို နိုင်ငံတကာက
စိုးရိမ်နေတဲ့ကြားထဲ ကပဲ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုတွေ ဘာဖြစ်လို့
ဆက်ရှိနေတာပါလဲရှင်။
နိုင်ငံတော်သမ္မတ- အဲဒီတော့
ဒီကိစ္စပြောရမယ်ဆိုရင် ဒါ သိတဲ့အတိုင်းပါပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀
ကျော်က၊ ဒီ ၂၀ ကျော်လောက် ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို စီးပွားရေး
ပိတ်ဆို့တားဆီးထားတာတွေ ရှိပါတယ်။ အဲ့ဒီတော့ နိုင်ငံတစ်နိုင်ငံဟာ
သူ့နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တပ်မတော်ရှိရသလိုပဲ တပ်မတော်မှာ
ကာကွယ်စောင့်ရှောက်နိုင်တဲ့ စွမ်းရည်ရှိဖို့လည်း လိုပါတယ်။ အဲဒီတော့
ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို ပစ္စည်းပစ္စယျတွေ ရောင်းတာတွေ ပြုတာတွေ
ဒါတွေကျွန်တော်တို့ ဘာမှမရှိတော့ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ အတွက်
တချို့လက်နက်ပစ္စည်းတွေက ရတဲ့နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံကနေပြီးတော့
ရနိုင်တဲ့အတွက်ကြောင့် သူနဲ့ဆက်ပြီးတော့ ဝယ်ရတာတွေရှိပါတယ်။ ဒီထဲမှာလည်း
ခိုင်ခိုင် မာမာပြောနိုင်တာကတော့ နျူကလီးယားနဲ့ပတ်သက်တဲ့ လက်နက်တို့
နည်းပညာတို့ ဆိုတာ လုံးဝမရှိပါဘူး။ နျူကလီးယားနဲ့ပတ်သက်ပြီးတော့
ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ Technology လည်း ကျွန်တော်တို့မရှိဘူး။
ငွေကြေးလည်း ကျွန်တော်တို့မတတ်နိုင်ဘူး။ သို့သော်လည်း တချို့နိုင်ငံတွေမှာ
သုံးတဲ့ လက်နက်ခဲယမ်းတွေ ဒါတွေကတော့ ဝယ်ရ ပြုရတာရှိပါတယ်။ ဒါ အရင်အစိုးရ
လက်ထက်မှာပါ။ တပ်မတော်အစိုးရလက်ထက်မှာ၊ အဲဒီတော့ ကျွန်တော်တို့ အစိုးရ
တက်လာတဲ့အခါမှာ ဒါတွေကို ကျွန်တော်တို့ အကုန်လုံး အဆက်အသွယ်ြ
ဖတ်ချလိုက်တယ်။ ဖြတ်ရင်းနဲ့ တဖြည်းဖြည်းဒါတွေကို ပြန်ပြီးတော့
ရုပ်သိမ်းပစ်ပါတယ်။ တဖြည်းဖြည်းကျွန်တော်တို့ ရုပ်သိမ်းတယ်။
ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အစိုးရသည် စစ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့
လုံးဝ မြောက်ကိုရီးယားနဲ့ ဒီဘက်ပိုင်းမှာ အဆက်အစပ် မရှိတော့ပါဘူး။
သို့သော်လည်း မြောက်ကိုရီးယားနိုင်ငံဟာ ကျွန်တော်တို့နဲ့ သံတမန် ဆက်သွယ်
ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲ့ဒီတော့ သံတမန်ရေးရာကိစ္စမှအပ
မြောက်ကိုရီးယားနဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒါဟာ တိတိ ကျကျနဲ့
တားဆီးမှုတွေလည်း လုပ်ထားတယ်။ အဆက်အသွယ်တွေလည်း
ကျွန်တော်တို့မရှိဘူးဆိုပြီးတော့ ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်။ အဲဒီတော့
ဦးသိန်းဌေးတို့ ဒီလိုလုပ်ရတဲ့ ကိစ္စကတော့ ဟိုတုန်းက အရှိန်နဲ့
ဒီလိုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဘက်ပိုင်းမှာတော့ အဆက်အသွယ် ဘာမှ
ကျွန်တော်တို့ မရှိပါဘူး။
ဒေါ်တင်ထားဆွေ- သမ္မတကြီးက
အဆက်အသွယ်လုံးဝမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သမ္မတကြီး မသိဘဲနဲ့ရော
တပ်ဘက်ကနေ သီးခြား ဆက်ဆံရေးတွေ လုပ်နိုင်ပါသလားရှင့်။
နိုင်ငံတော်သမ္မတ- ဒီဟာတော့
ကျွန်တော်လည်း ပြောလို့မရဘူး။ မသိဘဲနဲ့ လုပ်တယ်၊ မလုပ်ဘူး ဆိုတာတော့
သေချာလည်း မပြောလိုပါဘူး။ ဒါပေမယ့် တပ်မတော်လည်း မလုပ်ဖို့ဆိုပြီးတော့
ကျွန်တော်တို့ သေချာပြောထားပြီး ဖြစ်ပါတယ်။ အမိန့်ပေးထားပြီးဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ- တပ်မတော်နဲ့
ပတ်သက်တဲ့ နောက်မေးခွန်းတစ်ခု ကျွန်မတို့ ဆက်ချင်ပါတယ်ရှင်။ အဲဒါကတော့
ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပါတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့တချို့နဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေပါတယ်။ အဲဒီတော့ သမ္မတကြီးကိုယ်တိုင်က
ဒီတိုက်ပွဲတွေကို ရပ်ဖို့ အမိန့်ပေးထားတာ ရှိပါတယ်။ အဲဒီတော့ အခုလို
တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုတော့ ဒီတပ်တွေထဲမှာ သမ္မတကြီးအမိန့်ကို မနာခံတဲ့
သဘောများ ပါလားရှင့်။
နိုင်ငံတော်သမ္မတ-- ဒီဟာတော့
ကျွန်တော်တို့ မဟုတ်ဘူးပဲ ပြောရမှာပါ။ ဒီကနေ့ ကျွန်တော်တို့
ငြိမ်းချမ်းရေးအဖွဲ့ ၁၂ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်တယ်။ နောက်တစ်ခါ
သဘော တူညီချက်တွေ ရယူတယ်။ ဒီကနေ့ ဆိုလို့ရှိရင် ဒီ ငြိမ်းချမ်းရေးအဖွဲ့ ၁၂
ဖွဲ့လုံးနဲ့ အပစ်အခတ်တိုက်ခတ်မှုတွေ ရပ်ဆိုင်းမယ်ဆိုပြီး ကတိကဝတ်
တွေရပြီးဖြစ် ပါတယ်။ နောင်မကြာခင်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
အပစ်အခတ် ရပ်ဆိုင်းတဲ့ ခုနကလို လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ရှိပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် သေနတ်သံ မကြားတော့ပါဘူး။ အပစ်အခတ်တိုက်ခိုက်မှုတွေ
လုံးဝမရှိတော့ပါဘူး။ ကရင်ပြည်နယ်ဆိုလည်း အလားတူပဲ။ မရှိတော့ပါဘူး။
သို့သော်လည်း ရှမ်းပြည်နယ်မှာတော့ အောက်မှာ ကြိုကြားကြိုကြား အောက်ခြေက
ပစ်ခတ် တိုက်ခိုက်မှုလေးတွေ ရှိပါတယ်။ ဒါတွေကလည်း အကြောင်းကြောင်းကြောင့်
ဖြစ်တာပေါ့နော်။ ဥပမာ တစ်ဖက်က ဆက်ကြေး လာကောက်တယ်။ ဆက်ကြေးလာကောက်တော့
ရွာသားကနေ လာပြီးတော့ တိုင်တယ်။ တိုင်တဲ့အတွက်ကြောင့် အကာအကွယ်ပေးဖို့
အတွက် တပ်ကသွားတယ်။ သွားရင်းနဲ့ တွေ့ကြ ပြုကြတယ်။ အဆင်မပြေလို့သာ
ပစ်ကြခတ်ကြတယ်။ ဒါလေးတွေကတော့ အောက်ခြေမှာ အနည်းအများ ရှိတယ်။ ဒါကို
အမိန့်မနာခံလို့ ဖြစ်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး။ အဲဒီတော့ ဒါလေးတွေ
မရှိရအောင် ဆိုပြီးတော့ အခုဆိုရင် Monitoring ကော်မတီ။ စောင့်ကြည့်တဲ့
အဖွဲ့တွေ ဖွဲ့ပြီးတော့မှ သေချာ လုံးဝပပျောက်အောင် လုပ်သွားဖို့ ရှိပါတယ်။
အထက်ကကြောင့် အောက်ခြေမှာတိုက်နေရတာ မဟုတ်ပါဘူး။ အဆင်မပြေလို့ ထိတွေ့မှု
ဖြစ်တာပါ။ မဖြစ်အောင်လည်း ဒီဟာတွေကို အတက်နိုင်ဆုံး တားဆီးမှုတွေ
လုပ်သွားနေပါတယ်။ နောင်ကျရင် လက်မှတ်ရေးထိုး ပြီးရင်တော့ Monitoring
ကော်မတီပါ ဖွဲ့ပြီးတော့ ဒီဒေသတွေမှာ သေချာ စောင့်ကြည့်ပြီးတော့ ဒါမျိုးတွေ
မဖြစ်အောင် ဆက်ပြီးတော့ ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။ အမိန့်မနာခံလို့
ပစ်တဲ့သဘောမျိုးတွေ မဟုတ်ပါဘူး။ အောက်ခြေမှာ အဆင်မသင့်လို့ ဖြစ်တဲ့
သဘောမျိုးပဲ ဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ - ကျွန်မ ဒီ ၂၀၁၅ ခု
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ
ဦးရွှေမန်းကရော၊ ဒေါ်အောင်ဆန်းစုကြည်ကရော သူတို့အနေနဲ့ သမ္မတလုပ်ဖို့
ဆန္ဒရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော် ပြောဆိုသွားပါတယ်။ အဲဒီတော့
သမ္မတကြီးအနေနဲ့ သူတို့ နှစ်ယောက်ထဲက ဘယ်သူက အဓိက ပြိုင်ဖက်ဖြစ်
လာနိုင် သလဲရှင့်။
နိုင်ငံတော်သမ္မတ- ကျွန်တော်နဲ့
ပတ်သက်ပြီးတော့ ဒီ Next Term ပေါ့လေ။ ၂၀၁၅ မှာ ဝင်ရွေးမလား၊ မရွေးဘူးလား
ဒီဟာကတော့ အင်တာဗျူးလုပ်တိုင်းမှာ ခဏခဏ ကြုံတွေ့ရပါတယ်။ ခဏခဏလည်း ကျွန်တော်
ဖြေထားတာရှိပါတယ်။ ဒီကနေ့အထိကတော့ ၂၀၁၅မှာ ဝင်ရွေးဖို့၊ ပြုဖို့ကတော့
အစီအစဉ် ဆွဲထားတာ ဘာမှ မရှိသေး ပါဘူး။ ခေါင်းထဲမှာရှိတာကတော့ ကျွန်တော်
တာဝန်ယူတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေးရအောင် ကျွန်တော်လုပ်ချင်တယ်။
ငြိမ်းချမ်းရေးကလည်း ရအောင် လက်တစ်ကမ်း အကွာလောက်မှာပဲ ရှိပါတယ်။
နောက်တစ်ခုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။
နောက်တစ်ခုကတော့ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို
ဖန်တီးပေးချင်တယ်။ ခေါင်းထဲမှာတော့ ဒီကနေ့စဉ်းစားနေတာ ဒါပဲ ရှိပါတယ်။
ဒါပဲစဉ်းစားနေတဲ့အတွက် အတွက်ကြောင့် သူတို့တွေကလည်း
ကျွန်တော့်ရဲ့ပြိုင်ဖက်မဟုတ်ဘူးလို့ပဲ ဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ -
သမ္မတကြီးကိုယ်တိုင်ကလည်း လူထုက ဆန္ဒရှိရင် နောက်တစ်ကြိမ် အရွေးခံဖို့
လူထုဆန္ဒနဲ့ အညီ လိုက်လျောပါမယ်ဆိုတဲ့ ပြောထားတာမျိုး၊ နယူးယောက်ခ်မှာ
ကျွန်မ မှတ်မိပါတယ်။ တကယ်လို့များ အရွေးခံမယ်ဆိုလို့ရှိရင် ဦးရွှေမန်းကော
ဒေါ်အောင်ဆန်းစုကြည်ကောက ထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက်
သမ္မတကြီးအနေနဲ့ ဒီနှစ်ယောက်ထဲမှာ ဘယ်သူကများ သမ္မတကြီး အတွက်
ပြိုင်ဘက်ဖြစ်လာနိုင်သလဲ သိချင်ပါတယ်ရှင့်။
နိုင်ငံတော်သမ္မတ-
ကျွန်တော်ပြန်ပြီးတော့ပဲပြောရမှာ။ ဟိုတုန်းကလဲ ကျွန်တော်ဖြေဖူးပါတယ်။
ကျွန်တော့ ရဲ့ အသက်အရွယ်၊ ကျွန်တော့ရဲ့ ကျန်းမာရေး အခြေအနေအရ Next Term ကို
မျှော်မှန်းချက် မထားပါဘူး။ သို့သော်လည်းပဲ ဒီကနေ့တိုင်းပြည်မှာ
တာဝန်ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ တာဝန်ရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့
အတွက်ကြောင့်မို့လို့ ၂၀၁၅ ရွေးကောက်ပွဲက ဘယ်လိုတွေဖြစ်လာမယ်ဆိုတာ
ကျွန်တော်တို့ ခန့်မှန်းလို့မရဘူး။ တိုင်းပြည်ရဲ့အခြေအနေ၊ နိုင်ငံတော်
နိုင်ငံသားတွေရဲ့ ဆန္ဒ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကြည့်ရမယ်လို့
ပြောတာပေါ့။ ကြည့်ရပါမယ်လို့ပဲ ပြောတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့
ဟိုပုဂ္ဂိုလ်တွေက ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေလည်း မဟုတ်ပါဘူး။
ဒေါ်တင်ထားဆွေ -
ကျွန်မနောက်ဆုံးမေးခွန်းလေး တစ်ခုလောက်မေးပါရစေ။ အဲဒါကတော့ အခုတလော မှာ ဒီ
ဆောင်းပါးတွေ ကျွန်မတို့ဖတ်ရပါတယ်။ ဆောင်းပါးတွေက ဒီ အတိုက်အခံကို
တိုက်ခိုက်တဲ့ သဘောမျိုး ဆောင်းပါးတွေ ဖတ်ရပါတယ်။ အဲဒါကြောင့် သမ္မတကြီးရဲ့
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဒီဆောင်းပါးတွေကြောင့်
အားလျော့သွားတာမျိုး၊ ဒါမှမဟုတ်ရင် လူတွေက အယုံ အကြည်လျော့နည်းသွားတာမျိုး
ဖြစ်လာနိုင်သလားရှင်။
နိုင်ငံတော်သမ္မတ- အဲတော့
စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လဲ ကျွန်တော် ပြောထားပြီးသား၊
ကျွန်တော်တို့ အများကြီးပေးထားတာတွေရှိပါတယ်။ စာပေစိစစ်ရေးတို့ဘာတို့
ဒါတွေကျွန်တော်တို့ မရှိပါဘူး။ အဲတော့ ဒီမိုကရေစီ ကျင့်သုံးတဲ့နေရာမှာ
ကျွန်တော်တို့ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊
လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဒါတွေက
အခွင့်အရေးတစ်ရပ်အနေနဲ့ ကွန်စတီကျူးရှင်းထဲမှာလည်း ပေးထားပြီးဖြစ်ပါတယ်။
အဲတော့ ဒီမိုကရေစီစနစ်မှာတော့ ဒီလိုပဲ ချီးမွမ်းခံရတာတွေရှိသလို
တိုက်ခိုက်တာတွေ အပြစ်ပြောတာတွေ အပြစ်ရေးကြသားကြတာတွေရှိမှာပါပဲ။
သို့သော်လည်းပဲ လူပုဂ္ဂိုလ်တစ်ဦးကို တိုက်ရိုက် နစ်နစ်နာနာ ဖြစ်အောင်
ထိခိုက်ပြီးတော့ လုပ်တဲ့ ဟာမျိုးကျရင်တော့ တရားဥပဒေက အကာအကွယ်ပေးထားတာ
ရှိပါတယ်။ တရားဥပဒေအတိုင်းပဲ ကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။ အဲတော့
ဒီလိုရေးလို့ အပြစ်တွေပြော လို့ ဝေဖန်လို့ ကျွန်တော်တို့ရဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အရှိန်အဟုန် ရပ်တန့် သွားမယ်တို့
နှေးသွားမယ်တို့ဆိုတာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့ ပဲ စေတနာ
ထားပြီးတော့ပဲ လုပ်ရမှာဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ- ဟုတ်ကဲ့။ ရေးသားတဲ့ဆောင်းပါးရှင်က သမ္မတရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦး ဖြစ်ပါ တယ်ရှင်။
နိုင်ငံတော်သမ္မတ-- ဘာလဲမသိဘူး။ ဘာဆောင်းပါးလဲ မသိဘူး။
ဒေါ်တင်ထားဆွေ- ဆောင်းပါးက
နှစ်ပုဒ်ပါ။ တစ်ပုဒ်ကတော့ လွှတ်တော်တောင်မှပဲ မလိုအပ်တော့ဘူး သမ္မတကြီးရဲ့
စွမ်းဆောင်မှုတွေ အင်မတန် အောင်မြင်နေတယ်ဆိုပြီးတော့။
နိုင်ငံတော်သမ္မတ-- ပြောရမယ်ဆိုရင်
အဲဒီဆောင်းပါး ကျွန်တော်လည်းဖတ်ရတယ်။ messenger ထဲမှာ ကျွန်တော်လည်း
ဖတ်ရတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော့ရဲ့ အကြံပေးပဲဖြစ်ဖြစ် ကျန်တဲ့လူရဲ့
အကြံပေးပဲဖြစ်ဖြစ်၊ လွတ်လပ်စွာရေးသားခွင့် ကျွန်တော်တို့မှာ ရှိနေတာပဲ။
လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဒါတွေက
Constitution ကနေပေးထားတဲ့ Rights တွေဖြစ်ပါတယ်။ Rights တွေဖြစ်တဲ့
အတွက်ကြောင့် ဒါကို ကျွန်တော်တို့ အားလုံးကနေပြီးတော့ လက်ခံရမှာဖြစ်ပါတယ်။
ကောင်းတယ် မကောင်းဘူး မှန်တယ်မမှန်ဘူး ဆိုတဲ့ဟာမှာတော့ ကျွန်တော်တို့
ပြည်သူလူထုက နေပြီးတော့ အဆုံး အဖြတ်ပေးရမှာပဲ ဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ - ဟုတ်ကဲ့ရှင်။
ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ကို အခုလို တွေ့ဆုံမေးမြန်းခွင့်
ပြုတဲ့အတွက် ဘီဘီစီရဲ့ ကိုယ်စား အထူးကျေးဇူး တင်ကြောင်း ပြော ပါရစေရှင်။
နိုင်ငံတော်သမ္မတ- ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး တွေ့ဆုံ ဖြေကြားခွင့်ရတဲ့ အတွက်ကြောင့် အများကြီး ဝမ်းသာပါတယ်။
http://www.president-office.gov.mm/zg/
No comments:
Post a Comment