menu

Thursday 24 October 2013

သားရေဈေးနှုန်း သုံးဆခန့်မြင့်တက်လာမှုကြောင့် ဖိနပ်လုပ်ငန်းရှင်များ အခက်ကြုံ


ကိုတိုးကြီး(မုံရွာ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံပြားကြီးလေးရွာရှိ ဖိနပ်လုပ်ငန်းများသည် သားရေဈေးနှုန်းမြင့်တက်လာမှု ကြောင့် တွက်ချေမကိုက်ဖြစ်ရသော်လည်း အရောင်းအ၀ယ်လိုက်နေသည့်အတွက် ဖောက်သည် မပျက် ရန် ဆက်လက်လုပ်ကိုင်နေရသည်ဟု ရွှေတောင်တန်းဖိနပ်လုပ်ငန်းရှင် ဦးအောင်ကျော်ဦးက ပြောပြ သည်။

ဖိနပ်အတွက် အခြေခံကုန်ကြမ်းဖြစ်သော သားရေများသည် လွန်ခဲ့သည့်နှစ်များက သားရေ တစ်ပေါင် လျှင် ကျပ် ၇၀၀၊ ၈၀၀ ဈေးနှုန်းဖြင့် ၀ယ်ယူလုပ်ကိုင်ခဲ့ရသော်လည်း ယခုနှစ်တွင် သားရေတစ်ပေါင်လျှင် ကျပ် ၂၃၀၀ အထိ ဖြစ်လာခဲ့သည်ဟု အဆိုပါဖိနပ်လုပ်ငန်းရှင်က ပြောသည်။

ပြည်တွင်းသားရေဈေးကွက်၌ ယင်းသို့ အဆမတန် ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ပြည်တွင်းသားရေ ဈေးကွက်ရှိ ကျွဲသားရေ၊ နွားသားရေများကို တရုတ်နိုင်ငံသားရေ ဈေးကွက်သို့ နည်းလမ်းမျိုးစုံဖြင့် ကုန် သွယ်ခြင်းကြောင့်ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။



မြန်မာ့ရိုးရာ သားရေညှပ်ဖိနပ်လုပ်ငန်းများသည် ယခင်က လုပ်ငန်းသုံးသားရေများကို ဒေသပေါက်ဈေး ဖြင့် ၀ယ်ယူလုပ်ကိုင်ခဲ့ရသော်လည်း ယခုအခါ သားရေကုန်သွယ်မှုများ ဖွံ့ဖြိုးလာမှုကြောင့် ဒေသပေါက် ဈေးဖြင့် ၀ယ်ယူ၍မရရှိတော့ဘဲ ပြည်ပသို့တင်ပို့သည့်ဈေးနှုန်းများအား အမီလိုက်၍ ၀ယ်ယူသုံးစွဲနေရ ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် ဖိနပ်လုပ်ငန်းများ တွက်ချေမကိုက် ဖြစ်နေရပြီး အခက်ကြုံနေရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ရှည်ပင်စီမံကိန်း စိုက်ပျိုးလုပ်ကိုင်မှု ထွန်းကားလာသော်လည်း ဖိနပ်လုပ်ငန်းသုံး ရော်ဘာ (ကလစ်) ဈေးနှုန်းများသည် ဈေးကောင်းလျက်ရှိနေဆဲဟု သိရသည်။ မုံရွာဒေသရှိ ဖိနပ်လုပ် ငန်းသုံး ရော်ဘာ (ကလစ်) တစ်ပေါင်လျှင် ကျပ် ၁၅၅၀ နှုန်းဖြင့် ၀ယ်ယူလုပ်ကိုင်နေရခြင်းဖြစ်သည်။
သားရေညှပ်ဖိနပ်တစ်ရံ၏ အမှန်တကယ်ကုန်ကျစရိတ်သည် သားရေကုန်ကျစရိတ် ကျပ် ၁၂၀၀၊ ရော် ဘာ (ကလစ်) ကျပ် ၂၅၀၊ သဲကြိုး ကျပ် ၅၀၀၊ လက်ခကျပ် ၃၅၀၊ စုစုပေါင်း ကျပ် ၂၃၀၀ခန့် ကုန်ကျ သည်။ ၎င်းကုန်ကျစရိတ်သည် သာမန်ဖိနပ်တစ်ရံ၏ ကုန်ကျစရိတ်ဖြစ်ပြီး ၎င်းတွင် ပစ္စည်းထုပ်ပိုးစရိတ် များ ပါဝင်ခြင်းမရှိပေ။

သားရေဖိနပ်များ ထုတ်လုပ်ရောင်းချရာတွင် ညံ့၊ သင့်၊ ကောင်းဟူ၍ အမျိုးအစားသုံးမျိုးခန့်ရှိသည်။ ဖိနပ် ၏ အဆင့်အတန်းအမျိုးအစားလိုက်၍ ဘိနပ်တစ်ရံ၏ ကုန်ကျစရိတ်များသည်လည်း မြင့်တက်လာသည် ဟု သိရသည်။

ထိုဒေသရှိ သာမန်သားရေညှပ်ဖိနပ်တစ်ရံ၏ ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာ ကျပ် ၃၀၀၀ ဖြစ်သည်။ အထူးအော်ဒါချုပ် ဖိနပ်တစ်ရံ၏ဈေးနှုန်းသည် ကျပ် ၆၀၀၀ ဖြစ်ပြီး မှာယူသုံးစွဲသူ အလွန်နည်းပါးကြောင်း သိရသည်။

သားရေဈေးနှုန်း မြင့်တက်လာခြင်းမရှိသေးသည့် အချိန်က မုံရွာမြို့ ကံပြားကြီးလေးရွာတွင် သားရေဖိနပ် လုပ်ငန်းရှင်ပေါင်း ၅၀ ကျော်ရှိသော်လည်း သားရေဈေးနှုန်း မြင့်တက်လာသည့်အချိန်တွင် ဖိနပ်လုပ်ငန်း ရှင်ပေါင်း ၃၀ ကျော်သည် လုပ်ငန်းများ ရပ်နားထားရကာ လုပ်ငန်းရှင် ၂၀ ခန့်သာ လုပ်ကိုင်နိုင်တော့ ကြောင်း ရွှေတောင်တန်း ဖိနပ်လုပ်ငန်းရှင် ဦးအောင်ကျော်ဦးက ပြောသည်။

ယခုအခါ မိုးရာသီကုန်ဆုံးပြီဖြစ်၍ သားရေညှပ်ဖိနပ်များ အရောင်းအ၀ယ်လိုက်ကာမှာယူရောင်းချသူ အများအပြားရှိသော်လည်း သားရေဈေးနှုန်း မြင့်မားလာမှုကြောင့် ဖိနပ်လုပ်ငန်းရှင်များ တွက်ချေမကိုက် သည့်ကြားမှ ဖောက်သည်မပျက်ရန် လုပ်ကိုင်နေရခြင်းဖြစ်သည်။

ထိုဒေသရှိ မြန်မာ့ရိုးရာ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် သားရေညှပ်ဖိနပ်လုပ်ငန်းရှင်များအား သက်ဆိုင်ရာမှ အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ချေးပေးမည်ဆိုပါက ဖိနပ်လုပ်ငန်းများ ပိုမို ဖြစ်ထွန်း အောင်မြင်လာနိုင်မည်ဖြစ်ကြောင်း ဒေသခံဖိနပ်လုပ်ငန်းရှင်များက ဆိုသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis