menu

Thursday 24 October 2013

၂၀၁၄ မှစတင်ကာ မော်ဒယ်လ်သစ် ဘယ်မောင်းများသာ သွင်းခွင့်ပြုမည်


ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံသို့ မော်ဒယ်လ်သစ် မော်တော်ယာဉ်များ တင်သွင်းရာတွင် ဌာနမှ သတ်မှတ်ထားသော မူဝါဒအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ ဘယ်မောင်းများသာ တင်သွင်းခွင့် ပြုမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက The Voice သို့ ပြောကြားသည်။
“Brand new တွေအတွက်ပဲ ပြောတာပါ။ တခြားမော်ဒယ်လ်နိမ့်ကားတွေ မပါပါဘူး” ဟု ၎င်းကဆိုသည်။

လတ်တလော သတင်းထွက်ပေါ် နေသကဲ့သို့ ၂၀၁၄ ခုနှစ်တွင် မော်ဒယ်လ် မခွဲခြားဘဲ ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည် ဆိုခြင်းမှာ မဟုတ်ကြောင်း၊ ၂၀၁၃ မော်ဒယ်နှင့် ၂၀၁၄ ခုနှစ်မော်ဒယ် Brand new ကားများကိုသာ ဘယ်မောင်း တင်သွင်းရမည်ကို ဆိုလိုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။


“ကျန်တဲ့ကား အားလုံးကို စိတ်ကြိုက် တင်သွင်းလို့ ရပါတယ်။ ဘယ်မောင်းညာမောင်း မခွဲပါဘူး။ Brand new တွေကိုသာ ဘယ်မောင်းပဲ။ Brand new စီးတဲ့လူက မြန်မာနိုင်ငံမှာ ၁ ရာခိုင်နှုန်းတောင် မရှိတဲ့အတွက် ဈေးကွက် မထိခိုက်နိုင်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

မော်ဒယ်လ်သစ် ကားများကို တင်သွင်းခွင့် ပြုခြင်းသည် ကောင်းမွန်သော်လည်း ကားသစ်များ မှာယူပါက အချိန်ခြောက်လခန့် စောင့်ဆိုင်းရသည့်အပြင် ဈေးနှုန်း မြင့်မားကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း တစ်ဦးဖြစ်သူ ဦးအေးကျော်က ပြောကြားသည်။

ကားဈေးကွက် အတွင်းတွင်မူ ၂၀၁၄ ခုနှစ်အတွင်း ဘယ်မောင်းယာဉ်များသာ တင်သွင်းရမည်ဟူသော ကောလာဟလများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့ ကားအရောင်းအဝယ် ဈေးကွက်တွင် ကျပ်သိန်းတစ်ရာ ဝန်းကျင် မော်ဒယ်လ်အလိုက်ကားများ ပုံမှန် အရောင်းအဝယ် ဖြစ်နေကြာင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်းများက ပြောဆိုကြသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis