menu

Wednesday 23 October 2013

ပြုံးပျော်ဆင်နွဲ ကထိန်ပွဲ


ဒီလဟာ ဗုဒ္ဓဘာသာတို့ ကထိန်ခင်းကြတဲ့လ ဖြစ်ပါတယ်။ ကထိန်နဲ့ပတ်သက်တဲ့ မှတ်သားစရာလေးတွေ ရှိပါတယ်။

ကထိန်ဆိုတာ

မူရင်းစကားက ကထိန ပါဠိပါ။ ကထိနကနေ ကထိန်လို့ ဖြစ်သွားတာပါ။ ကထိနဆိုတာ မြန်မာလိုတော့ တည်တံ့ခြင်း၊ ခိုင်ခံ့ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတာကတော့ ကထိန်ခင်းတဲ့ ကျောင်းတိုက်မှာ ကထိန်ခင်းလိုက်ခြင်းကြောင့် ရရှိတဲ့ အကျိုး (၅) မျိုး တည်တံ့ခြင်း၊ ခိုင်ခံ့သွားခြင်းကို ကထိန် လို့ ပြောတာပါ။

ကထိန်ခင်းဆိုတာ
ကထိန်ခင်းတယ်လို့ ပြောကြတယ်။ ကထိန်ခင်းမှာပါတဲ့ ခင်းဆိုတာဟာ ဖြန့်တာပါ။ ဘယ်လိုဖြန့်သလဲဆိုရင် ကထိန်ကာလ ဟာ မူရင်း (၁) ပါ၊ ကျောင်းတိုက်မှာ ကထိန်ခင်းသူရှိသွားရင်တော့ ကထိန်ကာလဟာ (၅) လ အထိ ဖြစ်သွားတယ်။ (၁) လကနေ (၅) လအထိ ကျယ်ပြန့်သွားတာကို “ခင်း“ လို့ ဆိုတာပါ။ အဲဒီ (၅) လအတွင်းမှာ အချို့ကျင့်ဝတ်တွေ အပြစ်ကင်းလွတ်ခွင့်ရပါတယ်။



ကထိန်ကာလ
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁) အတွင်း ကထိန်ခင်းနိုင်ပါတယ်။

မိုးပေါ်ကျသင်္ကန်းဆိုတာ
ကထိန်ခင်းမည့်သင်္ကန်းဟာ မိုးပေါ်ကျသင်္ကန်းဖြစ်ရပါတယ်။ ဘယ်လိုလဲဆိုရင် မိုးပေါ်ကနေ မိုးရွာချတဲ့အရာမှာ ဘယ်သူမှ မပံ့ပိုးရဘဲ သူ့သဘာဝအတိုင်း အပေါ်ကနေ အပူပေးတော့ အောက်မှာရှိတဲ့ ရေဓာတ်ဟာ အငွေ့ပြန်ပြီး ကောင်းကင်သို့ တက်၊ တိမ်မှာသွားကပ်ပြီး လုံးဝသိပ်သည်းသွားတော့ ထိန်မထားနိုင်တော့ဘဲ မိုးရွာချသလို ကထိန်ခင်းမဲ့ သင်္ကန်းမှာလည်း ကထိန်ဒကာရဲ့ စိတ်ထဲမှာ ကထိန်မရသေးတဲ့ကျောင်းကဘုန်းကြီးရဲ့ ကထိန်ခင်းအောင် ဆွယ်တရား ဟောမှု၊ တောင်းခံမှု၊ အရိပ်နိမိတ်ပြမှုတွေ မပါဘဲ သူအလိုလို ကထိန်လှူလိုစိတ်ပေါက်ပြီး ဖြစ်ပေါ်လာတဲ့ သင်္ကန်းကို မိုးပေါ်က မိုးရေကျတာနဲ့ နှိုင်းယှဉ်ပြီး “မိုးပေါ်ကျသင်္ကန်း“လို့ ပြောတာပါ။

မိုးပေါ်ကျကထိန်ဆိုတာ
အထက်ကပြောခဲ့တဲ့ သင်္ကန်းမျိုးနဲ့ ခင်းတဲ့ကထိန်ကို မိုးပေါ်ကျကထိန်လို့ ခေါ်ကြပါတယ်။

မသိုးသင်္ကန်းဆိုတာ
ကထိန်ခင်းဖို့ လှူလိုက်တဲ့သင်္ကန်းကို ကျောင်းတိုက်ကရဟန်းတော်များက လှူတဲ့နေ့မှာပဲ သိမ်ထဲသွားပြီး ၀ိနည်းစည်းကမ်းများနဲ့အညီ ကထိန်ခင်းခြင်း အစီစဉ်ကို ပြုလုပ်ရပါတယ်။ အဲဒါမျိုးနောက်တရက်အထိ ရက်မကူးဘဲ ကထိန်ခင်းလိုက်တဲ့သင်္ကန်းကို မသိုးသင်္ကန်းလို့ခေါ်ပါတယ်။ ဒါကလည်း တင်စားပြောထားတာပါ။ ဥပမာ ထမင်းတွေ၊ ဟင်းတွေကို ညပိုင်းမှာ စားသောက်ပြီး ပြန်ပိတ်ပြီး ပစ်ထားလိုက်ရင် နောက်နေ့မှာ သိုးနေတတ်ပါတယ်။ ဘာလို့သိုးသွားလဲဆိုရင် တညသိပ်လိုက်လို့ပါ။ ဒီအတိုင်းပဲ လှူတဲ့နေ့မှာ ခင်းရမဲ့ ကထိန်သင်္ကန်းကို မခင်းပဲထားလိုက်လို့ တညသိပ်သွားရင် “သိုးသင်္ကန်း” သိုးသွားသောသင်္ကန်းဖြစ်သွားပါတယ်။ အဲဒီသင်္ကန်းမျိုးနဲ့ ကထိန်မခင်းရပါဘူး။

စည်းကမ်းကြီးတဲ့အလှူ
အလှူခံဘက်ကလည်း စည်းနဲ့ကမ်းနဲ့၊ အလှူပေးသူဘက်ကလည်း စည်းနဲ့ကမ်းနဲ့ သတ်မှတ်ချက် စံနှုန်းနဲ့ညီအောင် ပြုလုပ်ရတာဖြစ်လို့ အကျိုးပေးမှာလည်း စည်းကမ်း စနစ်တကျ ထိထိရောက်ရောက် အကျိုးပေးတတ်လို့ ဒို့မြန်မာတွေဟာ “ပြုံးပျော်ဆင်နွဲ ကထိန်ပွဲ“ ကို ကျင်းပြကြတာ ဖြစ်ပါတယ်။
Copy From
Dhammadhara Drkumara Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis