menu

Wednesday 23 October 2013

မလေးရှားရောက် မြန်မာဇနီးမောင်နှံ ဘင်္ဂါလီငါးဦး၏တိုက်ခိုက်မှုခံရ အမျိုးသမီးဒဏ်ရာပြင်းထန်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဘင်္ဂါလီငါးဦးက အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မလေးရှားရောက်မြန်မာများကပြောသည်။

အောက်တိုဘာ ၁၈ ရက် တွင် အလုပ်မှပြန်လာသော ကိုအောင်ဇော်ဝင်းနှင့် မဝေမာလင်းတို့ ဇနီးမောင်နှံကို ဘင်္ဂါလီငါးဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  ထိုတိုက်ခိုက်ခံရမှုကြောင့် မဝေမာလင်းမှာ လက်နှစ်ဖက်ပြတ်သွားပြီး ဦးခေါင်းနှင့် မျက်နှာတို့တွင်လည်း ဓားဒဏ်ရာများ ရရှိခဲ့သည်။ အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းမှာလည်း တင်ပါးတွင် ဓားဒဏ်ရ ရရှိခဲ့သည်။

““လက်တစ်ဖက်ကတော့ ပြန်ဆက်လို့မရတော့ဘူး။ နောက် လက်တစ်ဖက်က ပြန်ဆက်လို့ရတယ်လို့ပြောပါတယ်။ မေးရိုး အစားထိုးရမှာပါ။ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်ကပြောထားပါတယ်””ဟု မဝေမာလင်း၏အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းက  အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။

ထိုသို့ ဖြစ်ပွားရခြင်းမှာ အောက်တိုဘာ ၁၇ ရက်တွင် မဝေမာလင်းနှင့် သူ၏ သူငယ်ချင်း တွံတေးဇာတိဖြစ်သော အခြားအမျိုးသမီးတို့သည် ၄င်းတို့ လုပ်ကိုင်သောစက်ရုံ၌ စကားများ ရန်ဖြစ်ခဲ့ကြသည်။ ထိုသို့စကားများရာမှ တွံတေးဇာတိဖြစ်သူအမျိုးသမီးက မကျေနပ်မှုကြောင့် မလေးရှားနိုင်ငံမှ ဘင်္ဂါလီငါးဦးကို ပိုက်ဆံပေး၍ ၄င်းအမျိုးသမီးအား တိုက်ခိုက်ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမျိုးသမီးက ရဲစခန်းတွင်ဝန်ခံထားကြောင်း ကိုအောင်ဇော်ဝင်းကဆိုသည်။

ဓားဖြင့် ခုတ်ရန်စေခိုင်းသူ အမျိုးသမီးနှင့် ဓားဖြင့်ခုတ်ခဲ့သူ သုံးဦးကို မလေးရှားနိုင်ငံအမ်းဘန်းမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ဒဏ်ရာအပြင်းအထန်ရရှိသူ မဝေမာလင်းအား မလေးရှားနိုင်ငံ အမ်းဘန်းမြို့ဆေးရုံသို့ တင်ပို့ဆေးကုသနေပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံခဲ့ကြောင်း ကိုအောင်ဇော်ဝင်းက ဆက်လက်ပြောသည်။ ကိုအောင်ဇော်ဝင်းသည် သုံးဆယ်မြို့နယ် ရှမ်းစုဇာတိဖြစ်ပြီး မဝေမာလင်းမှာ အမှတ် (၆)ရပ်ကွက် ရွှေပြည်သာမြို့နယ်ဇာတိဖြစ်ကြောင်း သတင်းရရှိသည်။
““သံရုံးကတာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပါတယ်။ ရဲစခန်းတွေရော အစစအရာရာ ကူညီပေးပါတယ်။ သုံးစွဲဖို့ မလေးရှားရင်းဂစ် သုံးရာပေးပါတယ်””ဟု ကိုအောင်ဇော်ဝင်းကဆိုသည်။

မဝေမာလင်းမှာပါးနှစ်ဖက်တွင်ဓားဒဏ်ရာရရှိထားသောကြောင့် မေးရိုးအစားထိုးရမည်ဖြစ်ပြီး လောလောဆယ် မေးရိုး စားထိုးရန်အတွက် ဆေးကုသမှုတစ်ပတ်လျှင် မလေးရှားရင်းဂစ် ၂၀၀၀ ကုန်ကျမည်ဖြစ်ရာ နှစ်ပတ်စာအတွက် ရင်းဂစ် ၄၀၀၀ ကုန်ကျမည်ဖြစ်သောကြောင့် အကူအညီ လိုအပ်လျက်ရှိကြောင်း ဒဏ်ရာရရှိသူ မဝေမာလင်းအား ကူညီစောင့်ရှောက်နေသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis