menu

Wednesday 10 October 2012

ဗိုလ်ချုပ်အောင်ဆန်းထံမှ သင်ယူခြင်း - ၂ {သွန်းနေစိုး}

 "ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော် ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ် ဗိုလ်ချုပ်ရယ်"

"ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော် နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။ အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း သိပါတယ်။
ဒါပေမယ့် တော်ဝင်ပုဂ္ဂိုလ်၊ လော့ဒ်ဘွဲ့ရ ပုဂ္ဂိုလ်တွေနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ အဲဒါကြောင့် လော့ဒ်မောင့်ဘက်တန် အရှေ့တောင်အာရှ ရေတပ်စစ်သေနာပတိကြီးနဲ့ တွေ့ရ၊ ပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနေ၊ ဘယ်လိုပြောရမယ်ဆိုတာ လုံးဝနားမလည်ဘူး ဦးကြီး။ တွေ့တဲ့ပုဂ္ဂိုလ်ကြီးက အစကတည်းက တွေ့နေကတည်းက အထင်သေးနေရင် ဘာမှ ရှေ့ဆက်လုပ်လို့ အောင်မြင်မှာ မဟုတ်ဘူး"

"မှန်ပါတယ် ဗိုလ်ချုပ်။ ရှေ့ရေးကို အမြင်မှန်နဲ့ တွေးထားတော့ လုပ်သမျှ အောင်မြင်တာပေါ့ ဗိုလ်ချုပ်ရယ်။ လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်ကို ဖိတ်ခေါ်တာလည်း သူ့သဘောနဲ့သူ ဖိတ်တာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိဆိုတာ တိုင်းပြည်နဲ့ ဆက်သွယ်တဲ့အခါ ပါရတာ မဟုတ်ဘူး။ သူလုပ်ချင်တာကို အထက်ဝန်ကြီးချုပ်ဆီ တင်ရသေးတာ။ ဘယ်နိုင်ငံက ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်ပြီး ဘာပြောမယ်ဆိုတာကအစ အစီရင်ခံရတာ။ ဒါကို ၀န်ကြီးချုပ်က သဘောတူလို့ လုပ်တော့ဆိုမှ လုပ်ခွင့်ရတာ။ ဒီလိုကိစ္စမှာ တစ်ဖက်က မမှားဖို့၊ အသင့်ပြင်ထားဖို့ အရေးကြီးတာပေါ့။ ဗိုလ်ချုပ်က လော့ဒ်မောင့်ဘက်တန်နဲ့ အတွေ့မှာ အပြောမမှားဖို့ အနေအထိုင် မမှားဖို့ ကြိုတင်စိုးရိမ်တာဟာ တကယ့်ခေါင်းဆောင် ပီသပါပေတယ်"

"အဲဒီတော့ ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘက်တန်နဲ့တွေ့ရင် ဘယ်လိုက စပြီး ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ သင်ပေးပါ"

"ဗိုလ်ချုပ်က ကြိုတင်ပြင်ဆင်ထားတာ အလွန်သင့်မြတ်လှတာပဲ။ တော်ဝင်ပုဂ္ဂိုလ်များနဲ့ စကားပြောတဲ့အခါမှာ မိုင်လော့ဒ် (My Lord) ဆိုတာ ထည့်ပြောရပါတယ် ဗိုလ်ချုပ်။ မိုင်လော့ဒ်ဟာ စာပေမှာ ရေးဖတ်ရပေမယ့် ပြောတဲ့အခါမှာ မလော့ဒ် ဖြစ်သွားပါတယ်။ သာမန်လူချင်း ပြောရာမှာ မူရင်းက How do you do (ဟောင်း ဒူး ယူ ဒူး) ဖြစ်ပေမယ့် စကားပြောတဲ့အခါ ဟောင်းဒယူဒူ လို့ အသံနိမ့်နဲ့ ပြောရပါတယ်။ Where do you go? (၀ှဲယားဒူးယူဂိုး) လို့ မေးတဲ့အခါ စကားသံက (၀ှဲဒယုဂို) ဖြစ်သွားပါတယ်။ အင်္ဂလိပ်စကားဟာ သူ့အတိုင်းပြောရင် သိပ်ပြီး ညင်သာပါတယ်။ ကျွန်တော်တို့ မြန်မာတွေကသာ Good (ဂွတ်ဒ်)၊ Book (ဘွတ်ခ်)၊ Look (လွတ်ခ်) နဲ့ ပြင်းပြင်းဆိုနေတာ အမှန်က (ဂုဒ်၊ ဘုခ်၊ လုခ်) လို့ ညင်ညင်သာသာ ထွက်ပါတယ်။

ဗိုလ်ချုပ်ကို တွေ့ရင်တွေ့ချင်း မောင့်ဘက်တန်က Good Morning General Aung San (ဂုဒ်မောနင်) လို့ နှုတ်ဆက်မယ်။ ဗိုလ်ချုပ်ကလည်း Good Morning My Lord (ဂုဒ်မောနင် မလော့ဒ်) လို့ ပြန်ဖြေရမယ်"

"ကျွန်တော်နဲ့ အဆင့်ဆင့် တွေ့ရမယ့်ပုံ၊ ပြောရမယ့်စကားတွေကို အခုပဲ သင်ပေးပါ ဦးကြီး"

"ဒီလိုဆိုရင် ကျွန်တော်တို့ လေယာဉ်ပေါ် တက်တာက စမယ်။ သိဟိုဠ်ကျွန်းကို ကုန်းတွေ ဖြတ်စရာမလိုဘူး။ ပင်လယ်ဖြတ်ပြီး (၄)နာရီလောက် သွားရင် ရောက်မယ်။ လမ်းမှာ အပန်းပြေ အချိုရည်တစ်ခုခုနဲ့ ဘီစကွတ်ကျွေးဖို့ရှိတယ်။ ဒီကထွက်တာ နောက်ကျရင်တော့ ဘူးနဲ့ နေ့လည်စာ ပေးမယ်။ ကန္ဒီမြို့တော်ရောက်ရင် သူတို့ကားတွေနဲ့ ကြိုပြီး တည်ခိုးဂေဟာ ခေါ်သွားမယ်။ ရောက်ပြီး အနားယူကြ။ ညနေစောင်းတော့ ရေချိုး။ ဆိုင်ရာက ညစာနီးရင် လာပြီး အကြောင်းကြားမယ်။ အချိန်ရောက်ရင် စားခန်းမ နီးရင် သူတို့နဲ့ ခြေလျင်သွားမယ်။ ဝေးရင်တော့ ကားနဲ့ ခေါ်မယ်။ ညစာစားဖို့ အ၀တ်က ပုဆိုးနဲ့ ရှပ်အင်္ကျီလက်တိုဆိုရင် တော်လောက်ပြီ။ လူတွေများတော့ တစ်ဦးစီကို ဗန်းတစ်ခုစီ လာချမယ်။ ပေါင်မုန့်၊ ဟင်း၊ အရွက်အသီး၊ Soup တစ်ခွက်စီ ပါမယ်။ စားပွဲကြီးအလယ်မှာ အရက်ပေါင်းစုံ ထားမယ်။ စားပြီးရင် အစာပိတ်တစ်ခုခု ကျွေးမယ်။ စားပွဲကုလားထိုင်တွေမှာ နာမည်တွေ ရေးထားမယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာထိုင်၊ အနားမှာ တစ်ဖက်တစ်ချက် ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို နေရာပေးမယ်။ အားလုံးစားပြီးရင် ဗိုလ်ချုပ်ထတဲ့အခါ အားလုံးထကြပြီး အသင့်စောင့်နေတဲ့ စားခန်းထဲက ပုဂ္ဂိုလ်တွေက အလာတုန်းက ကုလားထိုင်တွေ နေရာထိုးပေးသလို ကုလားထိုင်တွေကို နောက်ဘက် ဆွဲပေးကြမယ်။ လာလမ်းအတိုင်း ပြန်မယ်။ ပြန်ရောက်ရင် ပြောကြဆိုကြနဲ့ ညရောက်တော့ အပူသောက်စရာ လာပေးကြမယ်။ အဲဒါ ရောက်တဲ့နေ့ပဲ။

နောက်တစ်နေ့ မနက်မှာ ရေချိုး၊ အ၀တ်လဲ၊ မနက်စာ ကော်ဖီလက်ဖက်ရည်၊ ပေါင်မုန့်ထောပတ်သုတ်၊ ချိစ်၊ ဆန်ပြုတ်၊ ထမင်း၊ ပူတင်း၊ ကြက်ဥကြော်၊ ကော်ပြန့်ကြော်၊ အစိမ်းကြော် သူတို့ စီစဉ်ထားတာတွေနဲ့ လက်ဖက်ခြောက် ရေနွေး၊ စီးကရက်၊ မီးခြစ်ပေါင်းစုံနဲ့ ဧည့်ခံပါလိမ့်မယ်။ ၈ နာရီခွဲလောက်မှာ ဧည့်ကြိုတာဝန်ခံ အတွင်းဝန်က Lord နဲ့ တွေ့ဖို့ရာ ကားများ အသင့်ဖြစ်နေပါပြီလို့ လာပြောတဲ့အခါ နောက်က လိုက်သွားကြရမယ်။ (၅) မိနစ်ခန့် ကြိုတင်ပြီး ဧည့်ခန်းထဲကို ရောက်နေကြပါမယ်။ ချိန်းဆိုထားတဲ့အချိန်ရောက်မှ လော့ဒ်မောင့်ဘက်တန် ထွက်လာပြီး ဗိုလ်ချုပ်နဲ့ အဖွဲ့ကို နှုတ်ဆက်ပါ့မယ်။ ပြီးတော့ အခန်းထဲ ပြန်ဝင်သွားတဲ့အခါ ဗိုလ်ချုပ်က ခေါင်းဆောင်ပြီး နောက်လိုက်ရပါ့မယ်။

လော့ဒ်မောင့်ဘက်တန် သူ့စားပွဲကို သူသွားထိုင်တဲ့အခါ ဗိုလ်ချုပ်က စားပွဲမရောက်ခင် (၅)ပေလောက်မှာ ဆက်မလိုက်ဘဲ ရပ်နေရပါ့မယ်။ လော့ဒ်မောင့်ဘက်တန်က ထိုင်ရာက ဗိုလ်ချုပ်ကို လှမ်းကြည့်ပြီး "ဂျင်နရယ်အောင်ဆန်း ပလိစ်ဆစ်ဒေါင်း (General Aung San Please Sit Down)" လို့ ပြောရင်း ထိုင်ရမယ့် ကုလားထိုင်နေရာကို ညွှန်ပြပါလိမ့်မယ်။ အဲဒီနေရာကို ဗိုလ်ချုပ်က ၀င်ထိုင်ပြီး ကျန်တဲ့လူတွေက သူ့နေရာနဲ့သူ ၀င်ထိုင်ရပါမယ်။

ကျွန်တော့်စိတ်အထင် ဗိုလ်ချုပ်ရဲ့ ညာဘက်မှာ အရပ်ဝတ်နဲ့ ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို ထားပြီး ဘယ်ဘက်မှာတော့ စစ်ဝတ်နဲ့ ပုဂ္ဂိုလ်တွေ ထားမယ် ထင်ပါတယ်။ ကုလားထိုင်တွေမှာ နာမည်ကပ်ထားပြီး အသင့်စောင့်နေတဲ့ အဖွဲ့သားများက ကုလားထိုင်တွေကို ထိုင်ဖို့ နောက်ကို ဆွဲပေးကြပါမယ်။

ထိုင်မယ့်လူတွေဟာ ကုလားထိုင်မှာ ကပ်ထားတဲ့ စာကို ကိုယ့်နာမည် ဟုတ်၊ မဟုတ် ကြည့်ရပါမယ်။ များသောအားဖြင့် မမှားနိုင်ပါဘူး။ အစီအစဉ်က ဂုဏ်ထူးရာထူး အဆင့်အလိုက် ထားမှာပါ။

အထူးသတိပြုရမှာက အစားအသောက် ကျွေးတဲ့အခါ အသံမမြည်အောင် စားကြရပါမယ်။ ပါးစပ်၊ လက် ပေသွားရင် ဘေးမှာထားတဲ့ လက်သုတ်ပ၀ါနဲ့ ချက်ချင်းသုတ်ရပါမယ်။ ပြီးတော့ ဗိုလ်ချုပ်နောက်က လိုက်တဲ့အခါ ခြေထောက် အသံမမြည်အောင် လေ့ကျင့်ထားရပါမယ်။ လော့ဒ်မောင့်ဘက်တန်ရှေ့ ထိုင်ကြတဲ့အခါ ကိုယ်ကို မတ်မတ်ထားရပါမယ်။ လက်ကို စားပွဲပေါ် မတင်ရပါဘူး။ ဘေးမှာ ချထားရပါမယ်။ ချောင်းဆိုးချင်ရင် ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့အုပ်ပြီး ချောင်းဆိုးရပါမယ်။ မောင့်ဘက်တန် စကားပြောနေတုန်း အားလုံးဟာ သူ့ကိုပဲ ကြည့်နေကြရပါ့မယ်"

"ဦးကြီး၊ သူက ဘယ်စကားကစပြီး ပြောမှာလဲ။ ဦးကြီးလည်း အများကြီးပြောရတာ မောရော့မယ်။ ကျွန်တော်တို့ မကြာခင် စားကြမယ်။ ဦးကြီး ဘာများ သောက်ထားမလဲ။ ၀ီစကီ၊ ဘရန်ဒီ၊ ဘီယာ၊ ၀ိုင်မျိုးစုံတော့ ရှိပါတယ်။ ဗိုလ်ထွန်းလှရေ၊ ပုလင်း လက်ဆွဲခြင်း (၂)လုံး ယူခဲ့ကွာ"

"ရပါတယ် ဗိုလ်ချုပ်၊ ကိစ္စမရှိပါဘူး။ သူ ဘယ်စကားက စပြီးပြောမယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူး။ လူကြီးများထုံးစံ ပဏာမမှာ နေရတာ အဆင်ပြေလား၊ လမ်းခရီး တော်တော်ပင်ပန်းသလား၊ ကျန်းမာရေးဆေးများလိုရင် ဧည့်သည်တာဝန်ခံကို ပြောပါ။ ရာသီဥတုက ဘာမှ ဆိုးဆိုးဝါးဝါး မရှိလို့ တော်သေးရဲ့ ဆိုတဲ့ စကားတွေနဲ့ စကြတာပဲ။ သိပ်များများ မပြောပါဘူး။ သူပြောရမယ့် စကားကို အဆင်ပြေအောင် ဂျင်နရယ်အောင်ဆန်းကို ဖိတ်ရတာ စစ်ကြီးလည်း ပြီးသွားတော့ တိုင်းပြည်ပြန်လည် ထူထောင်ရေးကို စီစဉ်ကြရတော့မယ်။ စစ်ကြီးကြောင့် ငွေကုန်လူပန်း ဖြစ်ကြတာ။ ဒါပေမယ့် အခြေအနေက ပျက်စီးတာတွေပြင်ဖို့ အသစ်လုပ်သင့်တာတွေ လုပ်ဖို့ မြန်မြန်စီစဉ်ရမှာပဲဆိုပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးအနေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါလို့ သူပြောချင်တာကို ပြောမယ်ထင်ရတာပဲ။ တိုင်းပြည်ခေါင်းဆောင်များ ထုံးစံ မိန့်ခွန်းပေးချင်ရင် သူပြောချင်တာကို မိန့်ခွန်းရေးဆရာကို အချက်အလက်ပေး အရေးခိုင်းပြီးတော့ ဖတ်ပြောတာပဲ။ ဆွေးနွေးပွဲဆိုရင် အချက်အလက်တွေပြောပြ၊ အတွင်းဝန်က အစီအစဉ်တွေလုပ်ပြီး အဲဒါကို ဆွေးနွေးရင်း ကြည့်ကြည့်ပြောတာပါပဲ ဗိုလ်ချုပ်ရယ်"

"ဒီလိုဆို ကျွန်တော်ပြောချင်တာကို ဘယ်တော့ ပြောရမလဲ"

"ဗိုလ်ချုပ်၊ လူကြီးကခေါ်ရင် သူပြောချင်တာရှိလို့ ခေါ်တာမို့ သူစပြီး ပြောချင်တာ ပြောပါစေ။ သူပြောနေတုန်း မကြိုက်တာ၊ ဆန့်ကျင်တာ ပြန်မပြောရပါဘူး။ အားလုံးပြီးမှ ကိုယ်ပြောချင်တာ တိုတိုအစီရင်ခံရပါတယ်။ သူပြောနေတုန်း Very Good My Lord (ဗက်ရိဂုဒ် မလော့ဒ်)၊ Excellent My Lord (အက်စ်ဆဲလင့်မလော့ဒ်)၊ ကျွန်တော်သိပ်ပြီး သဘောကျတာပဲ။ အဲဒီလို သူစကားပြောတာများလို့ နားပြီး အသက်ရှူတဲ့အခါ ချီးကျူးစကားသာ အားရပါးရ ပြောပါ"

ထိုအချိန်တွင် ဗိုလ်ထွန်းလှက "ဗိုလ်ချုပ်၊ ထမင်းပွဲ ပြင်ပြီးပါပြီ" ဟု လာ၍ ခေါ်သဖြင့် လိုက်၍သွားကြသည်။

"တောင်ဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက်က အစိုးရစီမံကိန်းကို ခေါ်ပြောရင် ငါဟာ ပြောင်မြောက်ထူးခြားတဲ့ ပုဂ္ဂိုလ်ပါလားလို့ ဂုဏ်ယူပြီး နားထောင်ပေးပါ။ ဘကြီးက မြေးကလေးကို ခေါ်ပြောသလို ကြုံရတဲ့အခါ လေးလေးစားစားနဲ့ နားထောင်သလို နားထောင်ပေးပါ။ သူပြောနေတဲ့အထဲ ကိုယ်မကြိုက်တာပါရင်လည်း ပြုံးပြုံးကလေးနေပါ။ နောက်ဆုံး သူက နိဂုံးချုပ်ပြီး မင်းလည်း ဘယ်လိုသဘောရလဲလို့ မေးပါလိမ့်မယ်။ အဲဒီအခါမှာလည်း အရင်လိုက်ပြောသလိုပဲ အားလုံးကောင်းပါသည် ခင်ဗျား၊ Excellent My Lord (အက်စ်ဆဲလင့် မလော့ဒ်) လို့ ပြန်ပြောပါ။ သူလည်း တော်တော် သဘောကျသွားပါလိမ့်မယ်။

ပြီးတော့ သူပင်ပန်းလို့ အားရပါးရ အသက်ရှူနေတုန်း ဗိုလ်ချုပ်ပြောချင်တဲ့စကားကို ဖြည်းဖြည်းစပါ။ ဗိုလ်ချုပ် Lord ဆိုတဲ့ အသုံးအနှုန်းဟာ The Lord ဆိုရင် ခရစ်ယာန်ယေရှုလို့ အဓိပ္ပါယ်ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်ရဲ့ တရားသူကြီးချုပ်တွေကို အစီရင်ခံမယ်ဆိုရင် အာလုပ်စကားဟာ My Lord ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ကိုယ်ပြောချင်တာ၊ အစီရင်ခံချင်တာ တင်ပြတော့မယ်ဆိုရင် တော်ဝင်ပုဂ္ဂိုလ်ကြီးကို ပထမဆုံး My Lord (မိုင်လော့ဒ်) လို့ ဆိုရပါမယ်။ မလော့ဒ်လို့ မခေါ်ရပါဘူး။ မလော့ဒ်က စကားပြောတဲ့အခါမှာသာ သုံးရတာပါ"

"ဦးကြီး၊ ကျွန်တော် တင်ပြချင်တာကို ပထမရေးပြီး ဦးကြီးကို ပြင်ဆင်ဖြည့်စွက်ဖို့ ပေးပါမယ်။ ဦးကြီးက တည်းဖြတ်ပြီး အသံထွက်တွေပါ သင်ပေးပါ" ဗိုလ်ချုပ်အောင်ဆန်းက ပြောပြပါသည်။

"ဟုတ်ကဲ့ ဗိုလ်ချုပ်။ ဒီလို အလေးအနက်ထားမှပဲ ကိုယ်လိုရာရောက်မှာပေါ့။ တော်ဝင်ပုဂ္ဂိုလ်ကြီးကို တင်ပြရမှာ။ ပြီးတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတစ်ဦး အနေနဲ့ ပြောရမှာဆိုတော့ သတိထားဆောင်ရွက်လေ ကောင်းလေပေါ့။ သူကတော့ သံတမန်ထုံးစံ ခေါင်းညိတ်နားထောင်ပြီး ဘာမှ ဆုံးဖြတ်ချက်ပေးမှာ မဟုတ်ဘူး"

"ပြီးတော့ ဘယ်အခါ သူ့ဆီက ထပြန်ရမလဲ"

"တော်လောက်ပါပြီ။ ညကျတော့ ညစာစားပွဲမှာ ထပ်တွေ့ကြသေးတာပေါ့လို့ ပြောရင်း မတ်တတ်ရပ်ပြီး ဗိုလ်ချုပ်ကို လက်ကမ်း နှုတ်ဆက်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကလည်း မတ်တတ်ရပ် ဦးညွတ်ပြီး My Lord Goodbye မိုင်လော့ဒ်ဂဒ်ဘိုင်း လို့ သူနှုတ်ဆက်သလို ပြန်နှုတ်ဆက်ပါ"

"သူက ထမင်းစားဖိတ်တဲ့ညမှာ ဘာတွေ ပြောကြမှာလဲ"

"ဘာမှ ထွေထွေထူးထူး ပြောမှာမဟုတ်ဘူး။ ထမင်းစားပွဲဆိုတာ ရယ်စရာမောစရာ ရွှင်စရာတွေသာ ပြောရတာပါ။ ကျွန်တော်တို့က ပြောဖို့ မလိုပါဘူး။ သူကသာ ပြောမှာပါ။ ပြီးတော့ ထမင်းစားရင်း ကြာမှာဆိုတော့ သူက ညာဘက်မှာ ဗိုလ်ချုပ်၊ ပြီးတော့ ကျွန်တော့်လည်း ထားမယ်ထင်တယ်။ ဘယ်ဘက်မှာတော့ ဦးဘဘေနဲ့ သခင်သန်းထွန်းတို့ ထားမယ်။ သူတို့နဲ့ အများဆုံးပြောမယ်။ ဒါမှ စိုပြည်မှာ။ သူတို့ကတော့ My Lord (မလော့ဒ်) တွေ ဘာတွေ ထည့်ပြောမှာ မဟုတ်ဘူး။ သူတို့ ဘယ်လိုပြောပြော အရပ်သားတွေအနေနဲ့ လက်ခံနိုင်ပါတယ်။ ဗိုလ်ချုပ်က ဘာမှ ၀င်မပြောပါနဲ့။ သူပြောတာကိုသာ လိုက်လိုက်လျောလျော My Lord (မလော့ဒ်) ထည့်ပြီး ပြောပေးပါ။ အားလုံး အရပ်ဝတ်အရပ်စားနဲ့ တက်ပါ။ ခေါင်းပေါင်းတွေ ဘာတွေ မလိုပါဘူး။ ဦးဘဘေကတော့ လူကြီးမို့ ခေါင်းပေါင်းပါမှာပေါ့"

နောက်နေ့တွင် ဗိုလ်ချုပ်က သူတင်ပြလိုသော အကြောင်းများကို ရေးသားကာ ဦးတင်ထွဋ်ထံ ပေးပို့သည်။ နောက်နေ့တွင် ဦးတင်ထွဋ်က တည်းဖြတ်ပြင်ဆင်ပြီး အသံထွက်များကို အကျယ်ရေးသားကာ ပြန်ပေးသည်။

အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း လေ့လာကာ ဦးတင်ထွဋ် သင်သည့်အတိုင်း ပြောမည့်စကားများကို အရကျက်၊ အော်၍ဖတ် လေ့ကျင့်သည်။

ထို့နောက် မောင့်ဘက်တန်က လေယာဉ်လွှတ်လိုက်သဖြင့် ဗိုလ်ချုပ်နှင့် အဖွဲ့သား (၃၀) သီဟိုဠ်ကျွန်း၊ ကန္ဒီမြို့သို့ သွားကြသည်။]

ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်တဲ့ ခေါင်းဆောင်ပါလဲ။ လိုအပ်လာချိန်မှာ အရည်ချင်းရှိသူ တစ်ယောက်ကို သူ့လူဖြစ်အောင် အသုံးပြုနိုင်တယ်။ အဲဒီလို အသုံးပြုရကောင်းမှန်းလည်း သိတယ်။ အဲဒီလို အသုံးပြုနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုလည်း ရှိတယ်။


ဆောင်းပါးပါစကားနဲ့ပဲ ပြန်ပြောရရင် ဦးတင်ထွဋ်ဟာ င်္ဂလိပ်အစိုးရ၏ ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏ လက်စွဲတော်ကြီးတစ်ဦး ပါတဲ့။ အဲဒီလို လူမျိုးကိုမှ ဘာစိတ်အခုအခံမှမထားပဲ စတင်မိတ်ဆက်ဖိတ်ကြားတဲ့ လုပ်ရပ်ဟာ အင်မတန်သဘောထားပြည့်ဝခြင်းပဲ မဟုတ်ပါလား။

ပြောရရင် တစ်ချိန်က တစ်လမ်းစီ သွားခဲ့ကြသူတွေကို ဆက်ဆံတဲ့အခါ မာနမဖက်တဲ့သူ့စိတ်၊ ရင့်ကျက်ပြည့်ဝလှတဲ့သူ့သဘောထားနဲ့ ရိုးဖြောင့်မှု၊ အမျှော်မြင်ရှိတဲ့ ပြည့်ဝမှုတို့ဟာ ကျနော်တို့ အများကြီး အတုယူသင့်တယ်လို့  ထင်မိပါတယ်။

မောရစ်ကောလစ်ကတောင် သူ့စာအုပ်မှာသုံးသပ်ထားတာက အောင်ဆန်းအဖို့ တင်ထွဋ်ကို ရလိုက်တာဟာ ပထမတန်းစားဦးဏှောက်ကို ရလိုက်တာပါပဲတဲ့။

ကျနော်တော့ ဗိုလ်ချုပ်ရဲ့ အရည်အချင်းတွေအကြောင်း တွေးတော မဆုံးနိုင်အောင်ရှိရင်းက စိတ်ထဲပေါ်လာတဲ့ သီချင်းလေးတစ်ပိုင်းတစကို ဒီလိုဖြည့်စွက် သီဆိုနေမိပါတော့တယ်။

`ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်´
`ငါတို့ မြန်မာပြည်ဝယ် ခေါင်းဆောင်တိုင်းကကွယ် ဗိုလ်အောင်ဆန်းလို အမျှော်မြင်ကြီးအောင် ကြိုးစားရမယ်´
လို့ပါ။

 သွန်းနေစိုး Thorn Nay Soe
 by Thorn Nay Soe on Tuesday, October 9, 2012 at 8:59pm ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis